အကယ်ဒမီ ပွဲတက်ဖိတ်စာ မရရှိခဲ့တဲ့ သရုပ်ဆောင်များကို ဦးဇင်ဝိုင်းတောင်းပန်
" အကယ်ဒမီ ပွဲတက်ဖိတ်စာ ဖိတ်ကြားခြင်း မခံရတဲ့ သရုပ်ဆောင် ခင်လေးနွယ်နဲ့ ချစ်စနိုးဦး အပါအဝင် ဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့ အနုပညာ လောကသား တွေကို ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ် "
ဦးဇင်ဝိုင်း
အကယ်ဒမီပေးပွဲ အပြီး ဖြစ်ပေါ်လာသော အနုပညာ လောကသားများ အချင်းချင်း မကျေနပ်မှုများ၊ ဝေဖန်ပြောဆိုမှု များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - အကယ်ဒမီပေးပွဲကြီးကို ပြင်ဆင် ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ကျေနပ် အားရမှုရော ရှိလား ။
ဖြေ - ကျေနပ် အားရမှု ဆိုတာကတော့ ဘယ်သူမဆို ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ နေ့က တိုးတက်မှု ရပ်ဆိုင်းသွားတဲ့ နေ့ ပါပဲ ။ ကျေနပ်တယ် လို့တော့ မရှိပါဘူး ။ သို့သော်လည်း ကျွန်တော် တို့ လုပ်နိုင်တဲ့ အင်အားနဲ့ အတိုင်း အတာ တစ်ခုထိတော့ ကျေနပ်နိုင်တယ် လို့တော့ ပြောလို့ ရပါတယ် ။ သို့သော် အချိုပေါ်သကာလောင်း တာကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အကြီး အကဲက လာရောက် အားပေးတယ် ဆိုတဲ့ အခါ ကျတော့ ဒီဟာ အပေါ်မှာတော့ အလွန်ကို ဂုဏ်ယူပါတယ် ။
မေး - အကယ်ဒမီပေးပွဲကို ဇာတ်ပို့ ၊ ဇာတ်ရံ အပါအဝင် အဓိက သရုပ်ဆောင် အချို့လည်း တက်ရောက်ခွင့် အဖိတ်မခံရ တာတွေလည်း ရှိခဲ့တယ် ဆိုတော့ ဒီအပေါ်မှာရော ဘာပြောချင်တာမျိုး ရှိလဲ ။
ဖြေ - ဟုတ်ကဲ့ ။ ဒါနဲ့ပတ်သက်ရင် တော့ ကျွန်တော်ကပဲ တောင်းပန်ရ မှာပါ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်ဖြစ်သလို ဒီရုပ်ရှင်လောကရဲ့ တာဝန် ရှိတဲ့သူ တစ်ယောက်လို ခံယူထားတဲ့ အတွက် ကျွန်တော့်မှာ တာဝန်အပြည့်အဝ ရှိပါတယ် ။ အကယ်ဒမီ ပေးပွဲ တက်ရောက်ဖို့ အတွက် လက်မှတ်မရခဲ့တဲ့ သရုပ်ဆောင်တွေကို ကျွန်တော်ကပဲ တောင်းပန်ပါတယ် ။
ကျွန်တော်တို့ ဘက်က အနုပညာရှင် တွေကို ဖိတ်ကြားဖို့ ပြင်ဆင်တဲ့ နေရာမှာ သက်ကြီး ဝါကြီး ဝါရင့်အနုပညာရှင် တွေကို အဓိက ဖိတ်ကြားဖို့ကို ပြင်ဆင်ခဲ့ ပါတယ် ။ ပြီးတော့မှ အလွှာအလိုက် စာရင်း ပြုစုပြီးတော့ ဖိတ်ကြားဖို့ အတွက် ကို တာဝန်ယူ ဆောင်ရွက်ကြတာပါ။
ဒီအပေါ်မှာ အားနည်းချက်တွေ အမှားအယွင်းတွေ ရှိခဲ့တာကတော့ ကျွန်တော်တို့ ပြင်ဆင်မှု ဆောင်ရွက်တဲ့အခါမှာ ဖြစ်ခဲ့တဲ့ အဓိက အားနည်းချက် ပေါ့နော် ။ ဒါကြောင့် ဒီအမှားတွေကို နောင် နှစ်တွေမှာ မဖြစ်ရအောင် ပြင်ဆင်ပါ့မယ်။ ဒီနှစ် အတွက် ကိုတော့ ကျွန်တော်ကပဲ တောင်းပန်ပါတယ် ။ ကျွန်တော့်မှာပဲ တာဝန်ရှိတာပါ ။ အဲဒါကြောင့် အကယ်ဒမီ ပွဲတက် ဖိတ်စာ ဖိတ်ကြားခြင်း မခံရတဲ့ သရုပ်ဆောင် ခင်လေးနွယ်နဲ့ ချစ်စနိုးဦး အပါအဝင် ဒီလို ဖြစ်ရပ်မျိုးဖြစ်ခဲ့တဲ့ အနုပညာ လောကသားတွေ ကို ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။
မေး - အကယ်ဒမီ ဆုချီးမြှင့်တဲ့ နေရာမှာလည်း ဇာတ်ပို့ဆု၊ ဇာတ်ညွှန်း ဆုနဲ့ ပတ်သက်ပြီးတော့ ဇာတ်ပို့သမားတွေ ၊ ဇာတ်ညွှန်းအလွှာက အတတ်ပညာရှင်တွေ မရခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန် ပြောဆိုနေ တာတွေလည်း ရှိနေပါ တယ်။ ဒီအပေါ်မှာရော ဘာပြောချင်တာမျိုး ရှိပါသလဲ ။
ဖြေ - ဒါကတော့ ကျွန်တော် အရင်ကလည်း ပြောခဲ့ပါတယ် ။ ပြောခဲ့ ပြီးပါပြီ ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ရုပ်ရှင် အနုပညာ နယ်ပယ်နဲ့ ပတ်သက်တဲ့ ပြန်လည် ပြုပြင်ရေးဆွဲ ကြရမယ့် စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်း စည်းကမ်း တွေကို ညှိနှိုင်း ပြုပြင်ရေးဆွဲရမယ့် အချက်တွေ ရှိပါတယ် ။ အနုပညာလောကအနုပညာသမားလို့ ပြောလိုက်ရင် သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ပို့ဇာတ်ရံ၊ ဇာတ်ညွှန်း၊ ကင်မရာမန်း၊ တည်းဖြတ်၊ အသံ အစ ရှိတဲ့ အခြေခံ စက်မှုလုပ်သားတွေ အထိ ပါ ပါတယ်။ အားလုံးက အတူတူပါပဲ။
မေး - " ည " ရုပ်ရှင်ဇာတ်ကားကြီး ဆန်ခါတင် စာရင်းတောင် မဝင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန် နေတာတွေလည်း ရှိနေတာ ဆိုတော့ ဒါနဲ့ ပတ်သက်ရင်ရော ဘာပြောချင်တာ မျိုးလဲ ။
ဖြေ - ကျွန်တော်တို့က တစ်နှစ် ပတ်လည်လုံး ရုံတင်ပြသလာတဲ့ ဇာတ်ကားတွေ အားလုံးကို အကယ် ဒမီစာရင်း ဝင်တယ်လို့ ဆိုပြီးတော့ အကယ်ဒမီဘုတ် အဖွဲ့ကနေပြီးတော့ စိစစ် အကဲဖြတ် ပါတယ် ။ ပြီး ရင်တော့ နောက်ဆုံး အဆင့် ဆန်ခါတင်ကို ရွေးချယ်ပြီးတော့ အကယ်ဒမီဆု အတွက် စဉ်းစား ဆုံးဖြတ်ကြတာပါ။ ဒီမှာ ဆန်ခါတင် စာရင်းကို ဆုံးဖြတ်တဲ့ အခါမှာ အရင်ကတည်းက အကယ်ဒမီနဲ့ ပတ်သက်တဲ့ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဘုတ်အဖွဲ့ဝင် တွေက စိစစ်တာ ဖြစ်ပါတယ် ။
Credit - Democracytoday
Post a Comment