ပြန်လာခဲ့ပါ ကိုကိုရယ်
ကိုကို ပျောက်ဆုံးနေသည်မှာ ခြောက်နှစ်၊ နှစ်လနှင့် ၁ရက် တိတိ ရှိပြီ။ ကျွန်မ ကိုကို့ကို ချစ်သည်။ မုန်းလည်း မုန်းသည်။ ကိုကို့ အနားက ထွက်ပြေးချင်စိတ် ပေါက်သည့် အချိန်များက အနားမှာ နေချင်သည့်စိတ်နှင့် လွန်ဆွဲမြဲ ဖြစ်သည်။ လွန်ခဲ့သည့် ခုနှစ်ကျော်က ကိုကို့ ကို ကျွန်မ လူပျောက်တိုင် ထားရသည်။
ကိုကိုပြောသည့် ဟာသများကို နားထောင်ရင်း ရီမောသည့် ကျွန်မကို ကြည်ကြည်နူးနူး ကြည့်နေတတ်သည့် ကိုကိုတယောက် ပျောက်ခြင်း မလှ ပျောက်လို့ နေ သည်။ ကျွန်မဘေးမှာ အိပ်စက်နေသည့် ကိုကိုမှာ စိတ်ရှည်ရှည်ဖြင့် ကျွန်မ မသိသမျှ မေးတိုင်း အရွှန်းဖောက်ကာ နားလည်အောင် ရှင်းပြတတ်သည့် ကိုကို မဟုတ်ပဲ ကိုကိုနှင့် ရုပ်ချင်း တူသူသာဖြစ်သည်။
ကျွန်မ နှစ်သက်သည့် အစားအစာများကို တကူးတက ဝယ်ယူလာတတ် သည့် ကိုကိုသည် ကလေးတဖက်နှင့် မနက်စာ ထွက်ဝယ်ဖို့ ခက်သည့် ကျွန်မအတွက် မနက်စာကို အိပ်ရာမှ စောစောထပြီး ဝယ်ပေးရန် အင်မတန် ဝန်လေးလာသည်။ အပတ်စဉ် စူပါ ဆန်းဒေးတိုင်း အမြဲ ရှိနေချင်သည်ဟု ပြောခဲ့သည့် ချစ်သူ ကိုကိုသည် အိမ်ထောင်သည် ဘဝသို့ ကူးပြောင်းပြီး ကလေးတယောက် အဖေဘဝတွင် အိပ်ရေးမဝ ဆိုသည့် အကြောင်းပြချက်ဖြင့် ကြက်ပျောက် ဌက်ပျောက် ပျောက်သွားတော့သည်။
"ကို့ ကိုချစ်လား" အမြဲ မေးတတ်သည့် ကိုကိုသည် မိန်းမကို ချစ်သေးလား လို့ မေးသည့် အချိန်တိုင်း ကလေးမဟုတ် သူငယ်မဟုတ် ဟုသာ ဖြေတော့သည်။ အိမ်ထောင်သည်ဘဝက ကြည်နူးမှုတွေရဲ့ သုဿန်လား။ ကလေးတစ်ယောက် ရှိလာခြင်းက ချစ်သူရည်းစား ဘဝက ပြောခဲ့သည့် ချစ်စကား ကြိုက်စကား အပလီအပလာ တွေထက် ချစ်တယ် ဆိုသည့် စကားတခွန်းပြောဖို့ သေမလောက် ကြောက်ရွံစေသလား။ အချိန်ကာလနှင့်အတူ ပြောင်းလဲတတ်သည့် အထဲ ကိုကိုတယောက် ပါသည်လား။
အိမ်ထောင်ပြုပီး နောက်ပိုင်း ကျွန်မအတွက် ဘေးနားမှာ အမြဲ ရှိပေးနေ သည့် ကိုကိုမှာ သစ္စာဖောက်ခြင်း၊ အိမ်မကပ်ခြင်းမျိုး မရှိသည်မှ အပ ယခင်က ကိုကို အဖြစ်မှ တရားဝင် နှုတ်ထွက် သွားခဲ့သည်။ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ကိုကိုမှာ မိန်းမချက်သည့် ထမင်းဟင်း ကို အားပါးတရ စားသော်လည်း ပင်ပန်းနေပီလားဟု တစ်ခွန်းမမေးခဲ့။ အလုပ်အကြိုအပို့ ဖယ်ရီ အဖြစ်မှလည်း ရပ်စဲခဲ့ပြီး အိမ်ပြန်နောက်ကျခြင်း မျိုးကို အပြစ်ရှာ တတ်သေးသည်။
အငယ်ဖြစ်သည့် ကျွန်မအနေဖြင့် ဆိုးချင် ၊နွဲ့ ချင်၊ အလိုလိုက်ခံချင်သော် လည်း ကျွန်မအတွက် အချိန်တော်တော်များများကို ကိုကို့ ၏ မိုဘိုင်းလ် ဖုန်းထဲမှ အဆင့်မြင့် ဂိမ်းများက နေရာယူသွားခဲ့သည်။ ဝမ်းနည်းစရာဇာတ်လမ်း ကိုပင် မျက်ရည်ဝဲတတ်သည့် ကျွန်မကို အမြဲ အားပေးလေ့ရှိသည့် ကိုကိုသည် ကျွန်မ မျက်ရည်ကျပြီး ငိုသည့်တိုင် "ငါဘာများ လုပ်မိလို့ လဲကွာ" ဟုသာ ငြီးငြူတတ်တော့သည်။
" တောင်းပန်ပါတယ်၊ ကိုကို မှားသွားတယ် ၊နောက် မလုပ်တော့ဘူး" ဆိုသည့် စကားလုံးများမှာလည်း သက်ပြည့် ပင်စင် ရသွားခဲ့သည်။ လက်တွေ့ ဘဝကို ရင်ဆိုင်နေချိန်တွင် ဆင်းရဲ၊ ချမ်းသာသည့် ဒဏ်ကို ကျွန်မ ကြံကြံ ခံနိုင်သော်လည်း ကျွန်မ စကားများကို အချိန်ပေး နားမထောင်တော့သော၊ ပွစိပွစိ ပြောသည်ဟု မှတ်ချက်ထွက်လေ့ရှိသော ကိုကို၏ ဥပက္ခာများကို လက်နက်ချ အရှုံးပေးထားရသည်။
အိမ်ထောင်သည် ဘဝတွင် ငွေကြေး အခက်အခဲမရှိ၊ လူမှုရေး အခက်အခဲမရှိ၊ စီးပွားရေး အခက်အခဲ မရှိသော်လည်း ပြောင်းလဲသွားသည့် ကိုကိုကြောင့် စစ်အေးတိုက်ပွဲ တခုကို လက်နက်ချ တိုက်ပွဲဝင်နေရသည်။ ကျွန်မလိုချင်သည်မှာ တဏှာမဟုတ်၊ ကာမမဟုတ်၊ ရာဂမဟုတ်၊ ရင်တွင်းမှ ပေါက်ဖွားသည့် သန့် စင်နူးညံသည့် နားလည်မှု၊ဖေးမမှု၊ ဂရုစိုက်မှုသာဖြစ်သည်။
အိပ်နေသည့် ကျွန်မကို ခြင်မကိုက်အောင် ယပ်ခပ်ပေးခြင်း၊ စောင်မလွတ်အောင် စောင့်ရှောက်ပေးခြင်းထက် " မိန်းမကို ချစ်ပါတယ်" ဆိုသည့် စကားတခွန်းကိုသာ ပိုမိုမက်မောပါသည်။ မဖောက်ပြန်ပဲ သစ္စာရှိပေးနေယုံ၊ အနားမှာ အမြဲနေပေးယုံ ဖြင့် အိမ်ထောင်သည် ယောကျာ်းတယောက် တာဝန်ကျေပွန်ပီဟု ကိုကိုက ထင်မှတ်ထားပုံရသည်။ စကားလေးတခွန်းပါပဲ ကိုကို။ " မိန်းမ အဆင်ပြေရဲ့ လား" ဆိုတာလေးပါပဲ။
ထမင်းရည် အတူသောက်ဖို့ အထိ တွေးပီးတောင် ကိုကို့ လက်ကိုဆွဲ ခေါ်ရာကို လိုက်ခဲ့ပြီးမှတော့ ဘာကိုမှ မမှုပါဘူး။ နေ့ စဉ်စကားလေး တခွန်းကို ပြောပေးရင်ပဲ ကျေနပ်နေပါပီ။ ထို့ ကြောင့် ပျောက်ဆုံးနေသည့် ကျွန်မကိုကို ရောက်ရာအရပ်က အမြန်ပြန်လာခဲ့ပါ။ ဖြစ်ခဲ့သမျှ အားလုံး ခွင့်လွှတ်ပါသည်။ ကျွန်မ အလွန်အမင်း သတိရနေပါသည်။
Credit: မယ်ခြယ်
Post a Comment