အချစ်ဆိုတာ...
***************
တကယ်တော့ အချစ် ဆိုတာ နေ့စဉ် ဘဝပါ။ ကိုယ်ချစ်တဲ့သူနဲ့ အတူ ပြုံးရယ်တယ်၊ လက်ချင်းတွဲပြီး အတူ လမ်းလျှောက်တယ်၊ စကားသံတွေ မလိုဘူး... ကတိ မလိုဘူး။
မီးဖိုချောင်ဝင်ပြီး ကိုယ်ချစ်တဲ့သူ အတွက် ချက်ပြုတ်တယ်။ မိုးအေး လေအေး တိုက်တဲ့အခါ သူ့အတွက် အနွေးထည် ကမ်းတယ်။
ပွနေတဲ့ ဆံပင်ကို သပ်တင်ပေးတယ်။ မိုးရွာတဲ့ နေ့တွေမှာ ထီးလေးဖွင့်ပြီး သူ့အတွက် ကြည်လင်တဲ့ ကောင်းကင် ဖန်ဆင်းပေးတယ်။
သူနိုးထချိန်မှာ နူးညံ့တဲ့အကြည့် နွေးထွေးတဲ့ အထိအတွေ့က ဘဝတစ်သက်ကို ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေပါတယ်။
အချစ်ဆိုတာ... တစ်ယောက်နဲ့ တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်း ဆက်တဲ့ဖုန်း ဖြစ်တယ်။ လွမ်းဆွတ် ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။
အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ ရေတစ်ပေါက် ဖြစ်တယ်။
ပင်ပန်းနေတုန်း သောက်ရတဲ့ ရေနွေးကြမ်း တစ်ခွက် ဖြစ်တယ်။
စိတ်ညစ် အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့ စကားဖြစ်တယ်။
စိတ်တို ဒေါသထွက်တုန်း နောက်ပြောင်တဲ့ ဟာသဖြစ်တယ်။
စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေး တစ်ပွင့်ဖြစ်တယ်။
အချစ်ဆိုတာ.. စိတ်နေစိတ်ထား တစ်ခုဖြစ်တယ်။ နှင်းဆီ တစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ် တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့ အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကို ရစေတယ်။
အချစ်ဆိုတာ.. ယုံကြည်မှုတစ်မျိုး ဖြစ်တယ်။ ဘယ်လို ပုခုံးမျိုးကို မှီရမယ် ဆိုတာ သင်သိတယ်။
ဘယ်လို ရင်ခွင်မှာ အိပ်မှ အိပ်ပျော်မယ် ဆိုတာကို သူသိတယ်။
အချစ်ဆိုတာ ဘဝတစ်မျိုး ဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက် လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူ ရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေ ဖြစ်တဲ့ နှစ်ချို့ဝိုင် ဖြစ်တယ်။
တကယ်တော့ အချစ်ဆိုတာ.. မထင်မှတ်၊ မျှော်လင့်မထားတဲ့ အချိန်မှာ သင့်လက်ကို နွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့ အရာဖြစ်ပါတယ်။
နွေမိုးဆောင်း အပြောင်းအလဲကြားမှာ အတူတူ တဖြည်းဖြည်း အိုမင်းသွားတာ ဖြစ်တယ်။
အချစ်က.. အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။
Nine Nine Sanay @ နိုင်းနိုင်းစနေ။
Post a Comment