ဖား တစ်ကောင်ဟာ ကင်းခြေများ လမ်းလျှောက်လာတာကိုမြင်တော့..
ဖား တစ်ကောင်ဟာ ကင်းခြေများ တစ်ကောင် လမ်းလျှောက်လာတာကို မြင်တော့ ဒီလို စဉ်းစားမိပါတယ် …
“ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက် ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ်… တစ်ခါတစ်လေ ဘယ်ညာ မှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတယ်.. ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက်နိုင်အောင် ရှိနေတာ.. ဘယ်လိုများ လမ်းလျှောက်သလဲ မသိဘူး.. တော်တော် ထူးဆန်းတာပဲ.. ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလှမ်း ဆိုပြီး သူ့ခြေထောက် တွေကိုသူ ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး”
…………………………
အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလို မေးလိုက်တယ်…
“ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်း ဘယ်လိုလမ်းလျှောက်သလဲကွာ..? ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ… ဒါပေမယ့် ဘယ်လိုမှ တွေးမရဘူး… ခြေထောက် တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ”
ကင်းခြေများက
“ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ… ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါမှ မတွေးဖူးပါဘူး… ဘာပဲဖြစ်ဖြစ်မေး လာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့… နေဦး ငါစဉ်းစား ကြည့်လိုက်ဦးမယ်” လို့ ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး တွေးကြည့်နေမိတယ်တဲ့…
……………………
အဲ့ဒီ အတွေးမျိုးဟာ ကင်းခြေများအတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ .. ဘယ်ခြေထောက်ကို ကျတော့ နောက်မှ ရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေ တစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့် လိုက်တဲ့အခါ ခြေလှမ်းတွေ မှားကုန်ပြီး တည့်တည့်တောင် လျှောက်လို့ မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ရောတဲ့
…………………
ဒါနဲ့ ကင်းခြေများက ဖားကို
” မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို ဒီလို မေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့… နားလည်လား?? ငါ့ဘာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြသနာမှ မရှိခဲ့ဖူးဘူး… အခု မင်းမေးခွန်းကြောင့် ငါလမ်းလျှောက် ရတာတောင် ခက်ကုန်ပြီ… ဘယ်ခြေထောက် အရင်စလှမ်းရမှန်း မသိတော့ဘူး ဘယ်လို လုပ်မလဲ”?
ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာ အေးချမ်းနေကြပါပြီ… ဒါပေမယ့် တခြားလူတွေက သူတို့ပြသနာအသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော..
…………………
ဘဝက နေလိုရ စားလိုလောက်ငှနေရင် ဘာမှ ပူလောင်စရာ မရှိပါဘူး.. တခြားလူတွေ ဘဝ ကောင်းစားနေတာလည်း မြင်ရော…. ဟိုလူက ဒီလိုကောင်းစားနေတာ… ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ… အိမ်ရှိတာ …ကားရှိတာ… ရည်းစားချော ချောလေးရှိတာ ဆိုတာတွေလည်း မြင်ရော ကိုယ့်ဘာသာကိုယ် လျှောက်ပြီးတွေးတော့ နောက်ဆုံးမှာ သောကတွေက ကိုယ့်စိတ်ကို ကူးစက် ပူလောင်စေတော့တာပါပဲ…
ဘယ်သူ ဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေး လျှေက်လှမ်းသွားပါ… သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့… မတွေဝေပါနဲ့ ……
credit to Original writer
Post a Comment