Header Ads

✨ အလန်းတကာ့အလန်းဆုံး စာကျက်နည်းများ ✨


❤❤ မင်္ဂလာပါ ချစ်တို့ရေ ❤❤

အလုပ်မအားတဲ့ကြားက ချစ်တို့ကို အမြဲ သတိရနေတာမို့ ခုလည်း ချစ်တို့အတွက်ရော၊ ချစ်တို့ရဲ့ မောင်လေး၊ ညီလေး၊ ညီမလေး တွေအတွက်ရော အကျိုးရှိမယ့် ပို့စ်လေးတစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်နော်။ အဲဒါကတော့ အရမ်းလန်းတဲ့ စာကျက်နည်း လေးတွေ ပါ။

စာကျက်တယ် လို့ သုံးနှုန်းထားပေမယ့် တကယ်တော့ ပုံသေနည်း၊ သီအိုရီ နဲ့ အဓိက facts တွေကို အလွတ်မှတ်သားဖို့ ရည်ရွယ်တာ ဖြစ်ပြီး စာတစ်ပုဒ်လုံး "၏ ၊ သည်" မရွေး ကျက်ရမယ် လို့တော့ မတိုက်တွန်းချင်ပါဘူးနော်။

ပညာရှာတဲ့ အရွယ်မှာ ကျောင်း၊ တက္ကသိုလ် စာမေးပွဲတွေကိုပဲ ကျက်ကျက် ၊ အလုပ်ခွင် ရောက်တဲ့အခါ ရာထူးနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေပဲ ဖြေဖြေ ကျက်ရမှတ်ရ လေ့လာရတဲ့အခါ အခက်အခဲလေးတွေ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။

အခု ဒီအခက်အခဲတွေကို ကျော်လွှားဖို့ နည်းလမ်းကောင်း တချို့ကို ချစ်တို့ အားလုံးအတွက် မျှဝေပေးလိုက်ပါပြီနော်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးလည်း နီးလာပြီမို့ ချစ်တို့မှာ စာမေးပွဲဖြေဆိုမယ့် ညီလေး၊ညီမလေးတွေရှိရင်လည်း ပြန်ပြီး sharing လုပ်ပေးလိုက်ပါဦးလို့။

၁ ။ အိပ်ငိုက်တဲ့အချိန်မှာ စာလုပ်ပါ။



မဟုတ်တာကစပြီလို့ အထင်မစောပါနဲ့။ အိပ်ရာဝင် ပုံပြင်တွေကို ကလေးဘ၀တုန်းက အရမ်းကြိုက်ကြတာကိုအမှတ်ရလိုက်ပါ။ အိပ်ရာဝင်ပုံပြင်တွေ တော်တော်များများဟာ ခေါင်းထဲမှာ အချိန်တွေကြာတဲ့ထိ စွဲမြဲနေတာ ဘာကြောင့်များလဲ..။ အဖြေကတော့ ရှင်းရှင်းလေးပါ။ အိပ်ပျော်တဲ့အချိန်မှာ ဦးနှောက်ဟာ မှတ်ဥာဏ်တချို့ကို ပိုပြီးစွဲမြဲအောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ရာမ၀င်ခင် အချိန် မိနစ်အနည်းငယ် လောက်ပေးပြီး စာတစ်ပိုဒ်လောက် ဖတ်မှတ်လိုက်ခြင်းက စာတွေကို ပိုပြီးမှတ်မိစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုလို့ပဲ ပြောပါရစေ။ ( စာလုပ်တာက အိပ်စက်ခြင်းကို အားပေးပြီး အလျင်အမြန် အိပ်ပျော်စေတယ် ဆိုတဲ့ အကြောင်းလေးတော့ ထည့်မပြောတော့ဘူးနော် 😄 )

၂ ။ ဇာတ်လမ်းတွဲတွေရိုက်ပါ။


မှတ်မိလွယ်အောင် နာမည်ပေးလိုက်တာပါ။ သင်ခန်းစာ တစ်ပုဒ်ကို ဇာတ်လမ်းတွဲ တစ်ခုလို အပိုင်းတွေ ခွဲပစ်လိုက်ပြီးမှ အချိန်အတိုင်းအတာ တစ်ခုယူပြီး ကျက်မှတ်တဲ့ နည်းတမျိုး ဖြစ်ပါတယ်။ (ကိုရီးယား ဇာတ်လမ်းတွဲတွေ လိုမျိုးပေါ့) သင်ခန်းစာတစ်ပုဒ်လုံး (ဥပမာ ကိုယ်ကျက်မှတ်ရမယ့် စာပိုဒ်ရှည်ကြီး တစ်ပိုဒ်လုံး) ကို တစ်ထိုင်တည်း ကျက်မှတ်တာထက် တစ်နေ့ကို အပိုဒ်သေး တစ်ပိုဒ် (သို့) ကိုယ်သတ်မှတ်ထားတဲ့ နေရာတစ်ခုထိ ခွဲပြီး နေ့စဉ် ကျက်မှတ်ခြင်းက ပိုထိရောက်ပါတယ်တဲ့။ ( မနက်ဖြန်လို ဖြေခါနီးမှ ဒီည စကျက်မယ်ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပါနော် 😌 )

၃ ။ ပုံပြင်တွေ ဖန်တီးပါ



တချို့ ဆရာ၊ ဆရာမတွေ စာသင်ကြားတဲ့အခါ မှတ်မိလွယ်အောင် အဓိက အချက်လေးတွေကို သီချင်းလေးတွေ ကဗျာလေးတွေ အဖြစ် ဖန်တီးပြီး သင်ပေးတာ ကြုံဖူးမှာပါ။ ခုလည်း အဲဒီလိုမျိုးပါပဲ။ ပုံသေနည်းနဲ့ အဓိက အကြောင်းအရာ တချို့ကို ကိုယ့်ဟာကိုယ် ကျက်မှတ်တဲ့ အခါကျတော့ သီချင်းအဖြစ် ပြောင်းလဲဖို့ ကဗျာအဖြစ် ဖန်တီးဖို့ မလွယ်ဘူး ဆိုရင် ပုံပြင်လေးတွေအဖြစ် ဖန်တီးပြီး မှတ်သားလို့ ရပါတယ်တဲ့။

၎ ။ နေရာမျိုးစုံ ပြောင်းပါ။



တစ်နေရာတည်းမှာ ထိုင်ပြီး  စာလုပ်တာထက် ဒီသင်ခန်းစာ တမျိုးတည်းကိုပဲ နေရာမျိုးစုံမှာ ပြောင်းလဲ ကျက်မှတ်ခြင်းက ပိုပြီး မှတ်မိနိုင်ပါတယ်။ စာတစ်ပုဒ်ကိုပဲ စာကြည့်စားပွဲမှာ ၊ကျောင်းမှာ၊ စာကြည့်တိုက်မှာ ၊ကော်ဖီဆိုင်မှာ စသဖြင့် နေရာမျိုးစုံပြောင်းပြီး ကျက်မှတ်တဲ့အခါ တူညီတဲ့ သင်ခန်းစာ တစ်ခုတည်းကပဲ နေရာမျိုးစုံနဲ့ ထိတွေ့ခွင့် ရသလိုဖြစ်ပြီး ဦးနှောက်ထဲမှာ ပိုပြီး စွဲမြဲနေစေပါတယ်။

၅ ။ ချရေးပါ။


ဒါကတော့ လူကြီးတွေလည်း ခဏခဏ ပြောပါလိမ့်မယ်။ သင်ခန်းစာတစ်ခုကို သေချာ မှတ်မိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ စာရွက် သို့မဟုတ် စာအုပ်ပေါ်မှာ ချရေးခြင်းပါပဲ။ အလွတ်ရေးခိုင်းတာ မဟုတ်ပါဘူး။ ကြည့်ပြီးတော့ ကူးရေးလို့ရပါတယ်။ ပြီးရင်တော့ အဲလိုချရေးပြီး ကျက်မှတ်တဲ့ အကျိုးကျေးဇူး ဘယ်အတိုင်းအတာထိ ရှိလဲဆိုတာ လက်တွေ့ သိရပါလိမ့်မယ်။

၆ ။ အော်အော်ပြီးကျက်


ဒါကတော့ တချို့လုပ်နေကျ ဖြစ်ပါလိမ့်မယ်။ သိပ်ကောင်းတဲ့ အကျင့်ပါနော်။ စာကျက်တဲ့အခါ အသံမထွက်ပဲကျက်မှတ်တာထက် အော်ပြီး ကျက်မှတ်ခြင်းက အမြင်အာရုံနဲ့ရော အကြားအာရုံနဲ့ပါ နှစ်မျိုးလုံး အသုံးပြုမှတ်သား သလိုဖြစ်ပြီး စာကို ပိုမှတ်မိနိုင်ပါတယ်တဲ့။
( ကော်ဖီဆိုင်ထဲမှာတော့ အော်မကျက်ရဘူးနော်)

၇ ။ မုန့်ကျွေးပြီး ဆုချပါ။


အကြိုက်ဆုံး အချက်များဖြစ်နေမလား မသိဘူး။ ငါ ဒီနေ့ စာဘယ်လောက်ရရင် ဘာမုန့်ဆုချမယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်  စိန်ခေါ်ပါ။ ပြီးရင် ကိုယ့်စိန်ခေါ်မှု အောင်မြင်သွားတိုင်း စားချင်တဲ့ မုန့်တစ်ခုခုနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ အိမ်ထဲမှာပဲ ဆုချရမယ်လို့ မပြောဘူးနော်။ ငါဒီနေ့ စာဘယ်လောက်ထိ ရရင် ဘယ်ဆိုင်မှာ ဘာသွားစားမယ် ဆိုပြီး သတ်မှတ်တဲ့ထိ ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ်လို့ ရပါတယ်။
(ဥပမာ - ဒီညနေ စာတစ်ပုဒ်ရရင် လမ်းထိပ်က ဒေါ်ဘုမဆိုင်မှာ မုန့်တီနှစ်ပွဲ သွားဆွဲပစ်မယ် ဆိုတာမျိုးပေါ့ 😋😋)

၈ ။ သောက်စရာ တစ်ခုခု


စာကျက်တဲ့ အချိန်မှာ စိတ်အာရုံ လန်းဆန်းမှုကို အားပေးတဲ့ သောက်စရာ တစ်ခုခုလည်း အနားမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ဥပမာ ကော်ဖီ , Tea ဒါမှမဟုတ်​ အအေးတစ်ခွက်။
(ဟိုပုလင်းကြီး ပြေးမမြင်နဲ့ 😌)

၉ ။ ဂီတနဲ့အတူ


စာကျက်မှတ်နေတဲ့ အချိန် စိတ်ကို relax ဖြစ်စေတဲ့ အရာတွေထဲမှာ ဂီတသံဟာလည်း မပါမဖြစ်ပါပဲ။ စာကျက်နေတဲ့ အချိန် စိတ်ဖိအားကို လျော့ကျစေဖို့ တီးလုံးသံ သက်သက် (အဆိုမပါ) တစ်ပုဒ်ကို ခပ်တိုးတိုးလေးဖွင့်ထားလို့ ရပါတယ်။ ဒါ့အပြင် စာကျက်ရင်း ခေါင်းတွေနောက်လာလို့ ခဏနားတဲ့အချိန်မှာ beats အပြည့်ပါတဲ့ ခပ်မြူးမြူး သီချင်းတစ်ပုဒ်ကို ကျယ်ကျယ်ဖွင့်ပြီး ထကလို့လည်း ရပါသေးတယ်လို့။
( ယေ့.. ဇိလေ့ ဇိလေ့ 👯 😎)

၁၀ ။ ဖုန်းနဲ့အဝေး


ဒါကိုဘာလို့ နောက်ဆုံးမှာ ထားလဲဆိုရင် စိတ်ကောက်ပြီး အစအဆုံး မဖတ်ကြတော့မှာ စိုးလို့ပါ။ 😁😁
စာကျက်တော့မယ် ဆိုရင် အတတ်နိုင်ဆုံး ဖုန်းကို ကိုယ်နဲ့အဝေးဆုံးမှာ ထားပါ။ Dictionary လိုအပ်လာရင် စာအုပ်ကို သုံးပါ။ ဖုန်းဟာ စာကျက်မှတ်ရာမှာ အကြီးမားဆုံး အနှောင့်အယှက်ဖြစ်ပြီး သင်ခန်းစာအတွက်လိုအပ်လို့ ဖုန်းကို ကိုင်လိုက်မိတာနဲ့ Facebook လို Social apps တွေနဲ့ Games တွေကသာ အရင်ဆုံး လက်ရောက်သွားနိုင်တဲ့ applications တွေ ဖြစ်နေလို့ပါပဲ။

ကဲ... ချစ်တို့ရေ
ဒီအချက်လေးတွေကို အစအဆုံးဖတ်ပြီးရင်တော့  အလွယ်တကူ စာကျက်မှတ်နိုင်မယ့် နည်းလမ်းလေးတချို့ကို ရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။ ချစ်တို့ အားလုံးအတွက် အတန်းစာမေးပွဲကော၊ ဘ၀စာမေးပွဲ တွေမှာပါ အခက်အခဲမရှိ ဖြေဆိုအောင်မြင်ပြီး အကောင်းဆုံး ဂုဏ်ထူးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီ စာလေးနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးကျေနပ်ကြလိမ့်မယ် လို့ ထင်ပါတယ်။ နောက်လည်း ဒီထက်စိတ်ဝင်စားစေမယ့် အကြောင်းအရာ လေးတွေကို တင်ဆက်ပေးသွားဦးမှာ မို့လို့ page လေးကို Like and See first ထားပေးပါ။ ဒီ ပို့စ်လေးကို သဘောကျတယ် ဆိုရင်လည်း လွတ်လွတ်လပ်လပ် Share နိုင်ပါတယ်။

အားလုံး သာယာသော မနက်ခင်းတိုင်းမှာ မနေ့ကထက်ပိုပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ ❤❤❤

credit to original

No comments

Powered by Blogger.