ပေါ့ရွှတ်ရွှတ်ဖြစ်နေတဲ့ RS ကြီးကို ပြန်ပြင်ချင်တယ်ဆိုရင် 💘
" ကျွန်တော်တို့ ရည်းစားတွေဖြစ်တာ တစ်နှစ်ခွဲလောက် ရှိနေပြီ အကို"
" မင်းဟာက အစမရှိ အဆုံးမရှိ ဘာကြီးတုန်း "
" ဟုတ်တယ်အကို .. အဆုံးလဲ မရှိဘူး အစလည်း မရှိဘူး .. ဒီအတိုင်း စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာကို အကို့ကို ပြောပြချင်လို့ပါ "
" အင်းပြောပါဦး .. ဘာတွေ ဖြစ်နေပြန်ပြီလဲ"
" ကျွန်တော်နဲ့ ကျွန်တော့်ရည်းစားက တစ်ယောက်နဲ့ တစ်ယောက် အစကတစ်ကယ် ချစ်တယ် ထင်ခဲ့ကြတာ .. အခုတော့ သူလည်း ကျွန်တော့ကို ဂရုစိုက်တယ်လို မခံစားရတော့သလို.. ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို တစ်ကယ်ချစ်တာမှ ဟုတ်ရဲ့လားလို့ သံသယ ဝင်နေမိပြီ .."
" မင်းက ဘာလို့ အဲ့လို ထင်ရတာတုန်း .. ဥပမာ တစ်ခုလောက်တော့ ပြောပါဦး ၊ ဘာ အဆင်မပြေတာတွေများ ရှိလို့လဲ ?? "
'' အဆင်မပြေတာတွေ ဘာတွေလည်း အထွေထူး ဘာမှမရှိပါဘူး ၊ အမှန်ပြောရရင်တော့ ခံစားချက်တွေ မရှိတော့ ဘူးလို့ပဲ ပြောရမလားမသိဘူး .. ကျွန်တော်လဲ သူ့အပေါ် ခံစားချက်တွေ သိပ်မရှိတော့သလို သူလည်း ကျွန်တော့်ကို အရင်ကလောက် မချစ်တော့ဘူးလို့ ခံစားရတယ်.... နှစ်ယောက်ကြားထဲက ဆက်ဆံရေးက အရင်ကလို မဟုတ်တော့ပဲ အရမ်းကို အေးစက်စက် နိုင်လွန်းတယ် .. အဲ့တာကြောင့် အချိန်တွေ အရမ်းမလွန်ခင် လမ်းခွဲရင် ကောင်းမလားလို့ပါ "
" အရင်ကတော့ မင်းတို့ပဲ မရရင် သေတော့မယ့်အတိုင်းပဲ .. လုပ်လိုက်ရတဲ့ နှစ်ပတ်လည်တွေ / ရက် ၁၀၀ ပြည့်တွေ / ၂၀၀ ပြည့်တွေ ဆိုတာလည်း မမြင်ချင်မှအဆုံး .. အခုကျမှ ဘာထဖြစ်တာလည်း .. အခုတော့ ၃ / ၄ လနေလို့မှ မင်းတို့ couple photo တစ်ပုံ မတွေ့တော့လို့ ငါတောင် အထူးအဆန်း ဖြစ်နေသေးတယ် .. အစထဲက တကယ်မချစ်ရင် အဲ့လောက်ထိ လူသိရှင်ကြား မတွဲခဲ့သင့်ဘူး "
" မချစ်ပဲနဲ့ တွဲခဲ့ကြတာတော့ မဟုတ်ဘူးဗျ .. သူ့ကို အဖြေမတောင်းခင် ကိုယ့်ဟာကို တကယ်ချစ်ရဲ့လားလို့ အကြိမ်ကြိမ် သေချာဆန်းစစ်ပြီးမှ ဖွင့်ပြောခဲ့တာပဲ .. အခုကျမှ ဘယ်လိုဖြစ်တာလဲ မသိဘူး "
''ကဲကဲ ဆရာသမား .. ငါတို့လည်း ဖျော်ထားတဲ့ coffee လေးဘာလေး သောက်ရအောင် .. နားနားပြီးပြောပါ .. ငါထွက်မပြေးပါဘူး'' လို့ ပြောတော့မှ ဆရာသမားက မီးညှိပြီးကတည်းက တစ်ဖွာမှ မဖွာလိုက်ရပဲ ကုန်သွားတဲ့ ဆေးလိပ်ကို ပြာခွက်ထဲမှာ ထိုးချေပြီးတော့ .. ငိုင်တိုင်တိုင်နဲ့ အရှေ့မှာ ချထားပေးတဲ့ ကော်ဖီ ခွက်ကို တစ်ငုံ မော့သောက်လိုက်တယ် ..
ကျွန်တော်ကပဲ သူ့ကိုဆက်ပြီး မေးလိုက်တယ် .. " coffee ဘယ်လိုနေလဲညီလေး .. ကိုယ်လည်း instant coffee mix တွေပဲ သောက်တာများတယ် .. ဒါပေမယ့် မင်းက အမှုန့်နဲ့ဖျော်တဲ့ coffee ကြိုက်တတ်မှန်းသိလို့ အခုမှ လက်တည့်စမ်းပြီး ဖျော်ထားတာ "
" အဆင်ပြေပါတယ်အကို .. အချိုအခါး အကုန်ကွက်တိပဲ .. အပိုအလိုမရှိ """ ဆိုပြီး မချိသွားဖြဲ နဲ့ ပြန်ဖြေတယ် ...
ကျွန်တော်ကပဲ ထပ်ပြီး စားပွဲပေါ်မှာ တင်ထားတဲ့ ကိတ်မုန့်ပန်းကန်ကို သူရှေ့ကို တွန်းပို့ရင်းနဲ့ ပြောလိုက်တယ် ..
" မုန့်လည်းစား ဦးကွ .. မင်းကြည့်ရတာ လဒကြီး အိပ်ငိုက်နေသလိုပဲ "
ဆရာသမားက ကျွန်တော်ပြောတာကို သေချာမှကြားရဲ့ လားမသိ .. ကိတ်မုန့် ကို နှစ်စွန်း သုံးစွန်းလောက် စိတ်မပါလက်မပါတော့ စားလိုက်တယ် ..
'' ညီလေး coffee သောက်ပါဦးကွ ''
" အာ .. အကို ကလည်းသောက်မှာပေါ့ ဗျာ .. အကို တစ်ယောက်တည်းနဲ့တင် အလုပ်တွေကို ရှုပ်နေတာပဲ .. "
'' သောက်မှာသာ သောက်စမ်းပါကွာ .. အဲ့ coffee သောက်ပြီးရင် မင်းကို အကြံတစ်ခုပေးစရာရှိလို့ ''
အဲ့လိုပြောလိုက်မှပဲ ဆရာ့မျက်လုံးက အရောင်တစ်ချက်လက်သွားပြီး အရှေ့က ကော်ဖီခွက်ကို ကောက်မော့လိုက်တယ် ..
ပြီးတော့မှ သူ့ကိုမေးလိုက်တယ် ...
'' အခု coffee သောက်လိုက်တော့ ဘာခံစားရလဲ ?? ''
" coffee သောက်တာပဲ .. ဘာအထွေအထူးခံစားရမှာလဲ .. အကိုက ကပ်သီးကပ်သပ်တွေ လာမေးနေပြန်ပြီ "
'' မဟုတ်ဘူးလေကွာ .. အစောက သောက်တာနဲ့ အခုနဲ့ ဘာကွာသလဲမေးတာ .. အရသာကိုမေးနေတာ ..? ''
" အင်း .. နည်းနည်းတော့ ပေါ့သွားတာပေါ့ .. အမှန်ပြောရရင် နည်းနည်းတောင် မဟုတ်ဘူး .. တော်တော်ကြီးကိုပေါ့သွားတာ .. ခုနကနဲ့ ဘာမှကိုမဆိုင်ဘူး.. coffee က ပေါ့ရွတ်ရွတ်ကြီးကိုဖြစ်လို့"
'' ဒီအတိုင်းနေနေတဲ့ coffee ကဘယ်လိုဖြစ်ပြီး ပေါ့သွားရတာတုန်း .. ငါ မင်းခွက်ထဲက သကြားလျော့လိုက်တာများ မင်း တွေ့မိသေးလို့လား''
" အကိုကလည်း ဖျော်ပြီးသား coffee ခွက်ထဲက သကြားကို ဘယ်လိုလုပ်ပြန်လျော့မှာတုန်း ... အရမ်းချို တဲ့ဟာစားပြီး coffee ပြန်သောက်ရင် အခုလို ပေါ့တတ်တယ်လေဗျာ .. အဲ့တာများ အထူးအဆန်းလုပ်လို့ "
'' အင်း .. မင်းတို့နှစ်ယောက်လည်း .. အခုနောက်ပိုင်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတယ်ဆိုပြီး အရင်လို တစ်ယောက်ကိုတစ်ယောက် အချိန်တွေ အရမ်းမပေးဖြစ်တော့ဘူးမလား .. အပြင်ထွက်လည်တဲ့ အချိန်တွေ၊ ph ပြောဖြစ်တဲ့ အချိန်တွေ ၊ အထူးသဖြင့် တစ်နေ့တာ ပို့ဖြစ်တဲ့ message အစောင် အရေအတွက်ကအစ တဖြည်းဖြည်း နည်းလာပြီ .. Reply ပြန်တဲ့အချိန်ကလည်း အရင်ကထက် ၁၀ ဆ လောက်ပိုကြာလာတယ်မဟုတ်လား ... ရည်းစားဖြစ်ခါစတုန်းကတော့ ဖုန်းပြောရပြီဆို ထမင်းမေ့ ဟင်းမေ့ .. sms ကအနည်းဆုံး နှစ်နာရီခြား တစ်စောင် .. ထွက်လိုက်တဲ့ အပြင်ဆိုတာလည်း မျက်စိကို နောက်နေတာပဲလေ .. ''
'' မင်းတို့က သွေးပူနေတုန်း အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အချိုတွေ အရမ်းကျွေးခဲ့ကြတာကိုးကွ ..အခုတော့ အလုပ်ကိုယ်စီနဲ့မို့ အရင်လို ကိုယ်ကတော့ချစ်တာ တစ်ခုထဲသိတယ် ဆိုတဲ့ ကာလကနေ လျောကြပြီး မင်းရောသူရော အခု ပုံမှန်ဘဝထဲမှာ ပြန်လည်ပတ်နေရပြီလေ .. အရင်လိုအားနေ ချစ်တယ်ကြိုက်တယ် ထိုင်ပြောနေဖို့ အချိန်တွေ သိပ်မရှိတော့သလို .. စကြိုက်ခါစတုန်းကလို သွေးလဲအရမ်းမပူတော့လို့ စကားပြောပုံဆိုပုံတွေကစ အရင်လိုလဲ အရမ်းမချို နိုင်တော့ဘူး ..အခန့်မသင့်လို့ ဒေါသဖြစ်နေတဲ့အချိန်ဆို လေသံကအစ မချိုတဲ့အပြင် ခါးတဲ့ဘက်ကိုတောင် ယိမ်းနေနိုင်သေးတယ် ''
'' ဒါပေမယ့် အဲ့ဒါတွေ အကုန်လုံးက မင်းထင်သလို လုံးဝမချို တော့တာ မဟုတ်ပါဘူး.. ခုနက အရမ်းချို တဲ့ကိတ်မုန်ု့စားပြီးမှ ပုံမှန် coffee ပြန်သောက်သလိုမျိုးပေါ့... အရင်က အရမ်းချို ခဲ့တဲ့ အချိုနဲ့ ယှဉ်ပြီး အခုချိုတဲ့အရသာက relatively ကျသွားတဲ့သဘောပါ ... coffee က အရသာ ပြောင်းမသွားပါဘူး.. အရမ်းချိုတဲ့မုန့်စားပြီးမှ သောက်လို့ မင်းက ပေါ့သွားတယ် ထင်နေတာပါ .. မင်းတို့လဲ ရည်းစားဖြစ်ခါစက အရမ်းတွေချစ် အရမ်းတွေသဲပြပြီး ... အခုကျတော့ အလုပ်တွေလည်းရှုပ် နှစ်ယောက်စလုံးလဲ ပုံမှန်အနေထားကို ပြန်ရောက်သွားပြီဖြစ်လို့ ဂရုစိုက်တာတွေ အချိန်ပေးတာတွေ နည်းနည်းစီလျော့သွားတာ သဘာဝပါပဲ .. ဒါပေမယ့် အဲ့လို အစစအရာရာ နည်းနည်းစီ လျော့လာတဲ့အချိန်လဲ ရောက်ရော ... မင်းတို့တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ မေတ္တာက ခုနက coffee လိုပဲအလိုလိုနေရင်း ဘာမှ ခံစားလို့မရတော့ပဲ ပေါ့ ရွှတ်ရွှတ်ကြီး ဖြစ်သွားတဲ့သဘောပါ .. မင်းထင်သလို မချစ်တော့တာ မဟုတ်ဘူး .. သူပေးတဲ့ အချစ်ကိုသာ ကိုယ့်ဘက်က ခံစားပြီး မသိနိုင်တော့တာပါ ..
" အဲ့တာဆို အကို့စကားနဲ့ ပြန်ပြောရရင် ကျွန်တော့်တို့ ရဲ့ ပေါ့ရွှတ်ရွှတ်ဖြစ်နေတဲ့ relationship ကြီးက ပြင်လို့ရောရသေးရဲ့ လား .. ဘယ်လို ပြန်ချိုအောင်လုပ်ရမလဲ "
'' လွယ်လွယ်လေးပါကွာ .. coffee လိုပဲပေါ့ .. သကြားတစ်ဇွန်းလောက် ထပ်ထည့် ပြီး ပြန်သောက် ကြည့်ပေါ့ ''
" အာာ အကိုကလည်း .. ကျွန်တော် တစ်ယောက်တည်း ချိုနေရုံနဲ့ မပြီးသေးဘူးလေ .. သူဘက်က လိုက်မချိုလာရင် ကျွန်တော်ပဲ ငပေါကြီး ဖြစ်နေဦးမယ် "
" ညီလေး .. သက်တမ်းတစ်နှစ်ခွဲ လောက်ရလာတဲ့ ရည်းစားတွေရဲ့ ပြသနာက အဲ့တာပဲ .. အခုတောင် ဘာမှမလုပ်ရသေးဘူး .. သူ့ဘက် ကိုယ့်ဘက်ဆိုပြီး စကပ်တွက်နေပြီ .. မင်း သူ့ဘက်က အရင်လိုချစ်တာတွေ ဂရုစိုက်တာတွေ အရင်လိုပဲ ပြန်ခံစားချင်တာ မဟုတ်လား ??
coffee လိုပဲပေါ့ကွာ .. မင်းကိုယ်တိုင် ချိုတဲ့ အရာသာကို ပြန်ခံစားရဖို့ မင်းကိုယ်တိုင် သကြားထပ်ထည့်ပြီး ဖျော်မှရမှာပဲ မဟုတ်လား ..
ကပ်စီးမနဲပါနဲ့ ညီလေးရာ.. မေတ္တာဆိုတာ ရောင်ပြန် ဟပ်တတ်ပါတယ် .. ကိုယ်ကိုတိုင် သောက်ရမယ့် coffee ခွက်ပဲ ... သေချာတာ တစ်ခုကတော့ ချိုချို ခါးခါး မင်းပဲပြန်သောက်ရမှာ.. မင်းပြောတဲ့ ပေါ့ရွှတ်ရွှတ်ဖြစ်နေတဲ့ coffee ခွက်ထဲ မင်းဘက်ကစပြီး သကြားတစ်ဇွန်းလောက် စမ်းထည့်ကြည့်လိုက်ပါ ... မင်း လည်းချိုတဲ့ အရသာကို ပြန်ခံစားရလိမ့်မယ် လို့ ငါယုံတယ် .. ''
ချစ်သူတိုင်း ချိုတဲ့အရသာကို အမြဲတမ်း ဖန်တီးနိုင်ကြပါစေ... 💘
credit to orginal




Post a Comment