Header Ads

🎄 ဒီဇင်ဘာမှာ ကိုယ့်ချစ်သူကိုပေးဖို့ လက်ဆောင်လေးလုပ်ကြမယ် 🎅


💓💓💓💓💓💓💓💓💑
ဒီဇင်ဘာလ မှာ ကိုယ့် ချစ်သူ ကို ဘာလက်ဆောင်ပေးရမလဲ လို့ တွေးနေကြပြီလား။

ရည်းစားမရှိတဲ့ FA တွေ Single တွေလည်း အိမ်က မေမေ ဖေဖေ နဲ့ မောင်နှမတွေကို လုပ်ပေးလို့ ရပါတယ်နော်။


ဒါလေးကတော့ Snow Man နဲ့ Christmas Trees လေးပါ။ ကိုယ့်ဘာကိုယ် လုပ်လို့ ရတဲ့ ရောင်စုံစက္ကူ  hand_made လေးပါ။


လိုအပ်တဲ့ ပစ္စည်း တွေနဲ့ လုပ်ပုံ လုပ်နည်း အဆင့်ဆင့်ကို ပြောပြပေးပါမယ်နော်။ လိုတာတွေကတော့…


၁။ ရောင်စုံစက္ကူ
၂။ ကတ်ကြေး
၃။ ကော်
၎။ သွားကြားထိုးတံ
၅။ ဆော့ပင် အမည်းရောင်
၆။ ဖော့တုံး
၇။ လိမ္မော်ရောင် ဘော်ကြယ်သီး
၈။ သတင်းစာ စက္ကူ
၉။ ဓါး
၁၀။ ပေတံ
၁၁။ စာအုပ်အဖုံး ဖုံးတဲ့ ကတ်ထူပလတ်စတစ် အကြည်
၁၂။ စတပ် ပလာ
၁၃။ ပါကင်ပေပါ တို့ပဲ ဖြစ်ပါတယ်။


ပထမဆုံး ပါကင်ပေပါ ကို ကန်တော့ပုံစံ ရအောင် ခေါက်ရပါမယ်။ အရမ်းမရှည် အရမ်းမပု အောင် ခေါက်ပါ။ ရိုးရိုးစက္ကူ နဲ့ မရသလို အရမ်းလည်း ထူလို့ မရပါဘူး။

ဘာလို့လဲ ဆိုရင် ရိုးရိုးစက္ကူကို အောက်ခံအဖြစ်သုံးရင် ကော်ကပ်တဲ့အခါ ပြဲလွယ်ပြီး မာနေတဲ့စက္ကူ  ဆိုရင်တော့ လုပ်ရတာ လက်ဝင်လို့ပါ။ ပါကင် ထုပ်တဲ့ စက္ကူလောက်ဆို အတော်ပါပဲ။


ပီးရင် စက္ကူ အစိမ်းရောင်ကို ညီတူ အပိုင်းရှည်လေးတွေ ဖြတ်ပါ။ A-4 size တစ်ရွက်ကို ညီတူအပိုင်းရှည် ခြောက်ခု ရပါတယ်။ အဲ့ဒါကို အောက်နားလေးတွေမှာ အမွှေးလေးတွေ ထွက်လာတဲ့ပုံစံ ဖြစ်အောင် ကပ်ကြေးနဲ့ ညှပ်ပါ။


ပီးရင် ကပ်ကြေးထိပ်လေးနဲ့ ကော့ထုတ်လိုက်ပါ။ အဲ့ဒီ ကော့ထားတဲ့ဘက်ကို အပြင်မှာ ထုတ်ပြီး ကန်တော့ပုံ စက္ကူ မှာ ပတ်လည် လိုက်ကပ်ပါ။ ကော်နိုင်အောင်ကပ်ရင် ပိုကောင်းပါတယ်။


ပြီးရင်တော့ ဖော့တွေကို ခပ်သေးသေး လိုက်ဖဲ့ပြီး ကော့ထုတ်ထားတဲ့ အပင်ရဲ့ အမွှားလေးတွေမှာ ကော်နဲ့လိုက်ကပ်ပါ။
ဒါဆိုရင် ခရစ်စ်မတ်  သစ်ပင်လေးတွေ ရပါပြီ။

ပြီးရင်တော့ ဖော့တုံးကို ခပ်ကြီးကြီးဖဲ့ပါ။ Snow Man ပုံစံ နှစ်တုံး ဖဲ့ပြီးရင် အဲ့ဒီနှစ်တုံးကို သွားကြားထိုးတံနဲ့ ဆက်ပြီး ကော်နဲ့ကပ်ပါ။


ပြီးရင် သွားကြားထိုးတံ နောက်တစ်ချောင်းကို တစ်ခြမ်းစီ ဖဲ့ပြီး ဆော့ပင် အမည်းနဲ့ ခြယ်ပါ။ လက်နှစ်ဖက် နေရာမှာ တပ်လိုက်ပါ။ မျက်လုံးကို ဆော့ပင်နဲ့ခြယ်ပြီး လိမ္မော်ရောင် ဘော်ကြယ်ကိုတော့ နှာခေါင်းနေရာမှာ ကော်နဲ့ ကပ်လိုက်နိုင်ပါတယ်။


နောက်ဆုံးကတော့ အနီရောင် စက္ကူကို သေးသေးလေးမျှင်မျှင်လေးတွေဖြတ်ပြီး ကတ်ကြေးလေးနဲ့ အသာ ကော့ခွေ လိုက်ပါ။ ရလာတဲ့အခွေလေးတွေကို အပင်မှာ ပတ်တာမျိုး နှင်းလူသားမှာ ပတ်တာမျိုး လုပ်လိုက်တဲ့အခါ ပြည့်စုံလှပ တဲ့ အရုပ်လေးတွေ ထွက်လာပါလိမ့်မယ်။


အားလုံးပြီးသွားရင် White card ပေါ်မှာ သစ်ပင်တွေ နှင်းလူသားတွေကို ကော် များများနဲ့ကပ်ပါ။ နောက်ဆုံးမှာတော့ စာအုပ် အဖုံး ဖုံးတဲ့ ကတ်ထူ ပလတ်စတစ် အကြည်တွေကို အပေါ်က အုပ်နိုင်ဖို့ လေးထောင့် အကာလေးတစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။

ဒါဆို ကိုယ် ချစ်ရသူ ခင်မင်သူတွေကို ပေးဖို့ ခရစ်စ်မတ် လက်ဆောင်လေး ရပြီပေါ့။ သစ်ပင်တစ်ပင်တည်း နဲ့ နှင်းလူသား တစ်ယောက်တည်းလည်း လုပ်လို့ရတယ်နော်။

ပျော်ရွှင်ဖွယ် ခရစ်စ်မတ် ဖြစ်ပါစေ။

******
credit သုတေးစစ်

No comments

Powered by Blogger.