Header Ads

ဖြိုးမြတ်အောင် Winner ဖြစ်တာ တရားရဲ့လား ဆိုတဲ့ မေးခွန်းအပေါ် တုန့်ပြန်လိုက်တဲ့ ပန်ဆယ်လို


ဘဝမှာ တစ်ဖက်စောင်းနင်း ဆန်တဲ့ မေးခွန်းတွေ တကယ် ရှိတယ် ။ ဥပမာ - ဖြိုးမြတ်အောင်ကို တယောက်တည်းပြိုင်ပြီး နိုင်ရတာ ကိုယ့်ကိုယ်ကို တရားတယ်လို့ ထင်ရဲ့လား ဆိုတဲ့ မီဒီယာ တခုရဲ့ မေးခွန်းမျိုး ။

Myanmar Idol ကိစ္စ ပွဲဆူနေပေမယ့် တပိုစ့်မှတောင် ဖြူသည်မဲသည် မတင်ခဲ့ဘူး ။ စီစဉ်သူတွေ စီးပွားရှာတာ၊ ဖန်အချင်းချင်း ဝေဖန်ပြောဆိုကြတာ ၊ ဒါတွေ အားလုံးသည် လူတိုင်းရဲ့ ကိုယ်ပိုင် အခွင့်အရေးလို့ မှတ်ယူတယ် ။

Grand Final နေ့မှာလည်း ရေးမိခဲ့ရင် သဘောထား ကွဲလွဲမိနေမှာ စိုးလို့တောင် မရေးဖြစ်ခဲ့ဘူး ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးပွဲမှာ Top Finalists နှစ်ယောက် ချစ်ချစ် ခင်ခင် မေတ္တာတရားကို ပြသသွားတာလေးကို ကြည်နူးတယ် ။

ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဘယ်သူ ဘာအချိုး ချိုးတယ်သည် ကိုယ့်ကိစ္စ မဟုတ်ဘူး ။ ဒီပွဲကို Entertainment တခု လို့ပဲ ခံယူထားလို့ ။ အခုနပြောခဲ့တဲ့ တရားရဲ့လား ဆိုတဲ့ မေးခွန်းအတွက်ကျ ပြောချင်မိလာတယ် ။

ဖြိုးမြတ်အောင်ကလည်း ပရိသတ်တွေ ဖြေပါလိမ့်မယ် လို့ ပြောသွားတယ် ။ မောင်ချိုလေး ကျန်းမာရေး ဖြစ်သွားတယ်ပေါ့ ။ ဖိအားတွေကြောင့် ဖြစ်စေ အနေအထိုင် အစားအသောက်ကြောင့် ပင်ပန်းမှုတွေကြောင့် ဖြစ်စေ အဲ့ဒါသည် ဖြိုးမြတ်အောင် လုပ်ခဲ့တာ မဟုတ်ဘူး ။

မောင်ချိုလေး မပြိုင်နိုင်အောင် သူလုပ်ခဲ့တာ မဟုတ်ဘူး ။ သူ့ဖန်တွေကြောင့် ဖိအား ဝင်ရရင်တောင် ဒါသည် သူစေခိုင်းခဲ့တာ မဟုတ်ဘူး ။ ဖြိုးမြတ်အောင် စိတ်ထဲမှာလည်း ပြိုင်ပြီး ထိုက်ထိုက် တန်တန် Winner ဖြစ်ရတာ မျိုးကို တဖက်က မပြိုင်လို့ နိုင်သွားတဲ့ အခုလို အဖြစ်မျိုးထက် ပိုလိုလားမှာ အမှန်ပဲ ။

သူလည်း မျှမျှတတ ဖြစ်ချင်ခဲ့မှာပဲ နိုင်တာ ရှုံးတာထက် ။ တဖက်က တကယ့်ကို ပြိုင်ပွဲ မဝင်နိုင်လောက်အောင် သီချင်း မဆိုနိုင်တာလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အနိုင်ရရှိသူ Winnerက အောင်ပွဲခံရ စိတ်ဝင်စားမှု အမြင့်ဆုံး ရသင့်တဲ့ ဒီပွဲမှာ တစ်ဖက်က စိတ်ဝင်စားမှုနဲ့ ကရုဏာကို အမြင့်ဆုံး ယူသွားနိုင် ခဲ့တယ် ။ 

တဖက်စောင်းနင်း ဆန်တဲ့ မေးခွန်းမျိုးကို မေးတဲ့ မီဒီယာကိုလည်း ရှုံ့ချတယ် ။ Cyber Bullying အပြင် Media Bullying သည်လည်း အပြစ် ရှိတယ် ။ ဒါဟာ ပြိုင်ပွဲပါ ။ ပြိုင်ပွဲမှာ ပြီးဆုံးအောင် ပြိုင်နိုင်တဲ့ ပြိုင်ပွဲဝင်ရဲ့ အနိုင်ဟာ မတရားစရာ ဘာအကြောင်းမှ မရှိပါဘူး ။

ဒီပွဲမှာ Winner ဖြစ်သွားတဲ့ ဖြိုးမြတ်အောင်သည် လည်း နိုင်တယ် ။ ပရိသတ်ရဲ့ ကရုဏာကို ရသွားတဲ့ ချမ်းမြေ့မောင်ချိုလေး သည်လည်း နိုင်တယ် ။ ဒီပြိုင်ပွဲမှာ Professional မဆန်ခဲ့သူ အချို့နဲ့ အပြန်အလှန် ပုတ်ခတ် စိတ်ဆိုး ဒေါသထွက် နေကြသူတွေ ကတော့ ရှုံးသွားတယ် ။

ကိုယ်တို့လို ပရိတ်သတ်တွေ ကတော့ တီဗွီက Entertainment ကိုရော Online ပေါ်က ကြောက်စရာတွေအကြောင်းရော ကောင်းကောင်း သင်ယူခွင့် ရလိုက်တယ် ။ တရားတဲ့ အပြင် တရား ကျစရာတွေပါ ရလိုက်သေးတယ် ။  တချို့ မေးခွန်းတွေဟာ မေးခွန်း သက်သက် မဟုတ်ဘူး ။ စိတ်ကို သတ်ချင်တဲ့ အစွယ်နဲ့ အသွားနဲ့ ဓါးတွေ ....

PenSeLo

No comments

Powered by Blogger.