Header Ads

ဘဲအု


မောင်ဝ ဒီနေ့ သူ့မိန်းမနဲ့ ရန်ဖြစ်ထားတယ် ။ ဖြစ်ရတဲ့ အကြောင်းက မိန်းမက ဘဲဥဟင်း နေ့တိုင်းချက်လို့ ။ သူကလည်း အလုပ် မယ်မယ် ရရ မရှိ ။ အိမ်က မွေးထားတဲ့ ဘဲအုပ်ကို ကျောင်းတဲ့ အလုပ်ပဲ လုပ်တာ ။ အရက်လေးကလည်း ကြိုက်တတ်တော့ ညည သောက်တယ် ။ ဒါကို မိန်းမလုပ်သူက မကြည်ဘူး ။

ဒါကြောင့် အခုတလော နေ့တိုင်း ဘဲဥဟင်းတွေပဲ လိမ့်ချက် နေတာ ။ ညနေက ထမင်း စားရင်း အပြောင်းအလဲလေး ချက်ဖို့ပြောတော့ ထ ရန်ဖြစ်ကြတယ် ။ ဒါကြောင့် စိတ်ညစ်ညစ် နဲ့ ဒီညနေ ခါတိုင်းထက် ပိုသောက် လိုက်တယ် ။

မူးက မူးမူးနဲ့ အိမ်ပြန်လာတော့ မိန်းမက အိပ်နေပြီ ။ မောင်ဝလည်း ခြင်ထောင် ထဲ ခေါင်းထိုး ဝင်ပြီး အိပ်ပလိုက်တယ် ။ မိန်းမက အိပ်ချင်ယောင်  ဆောင်နေတယ် ထင်ပါတယ် ။ လှုပ်တောင် မလှုပ်ဘူး ။ ဒါနဲ့ အိပ်ပျော်သွားတယ် ။

ညလည်မှာ မောင်ဝ ရုတ်တရက် နိုးလာတယ် ။ သူ့အိပ်ယာ မဟုတ်သလို ခံစားရတယ် ။ ဘေးကို ကြည့်လိုက်တော့ လူတယောက် သူ့ကို စိုက်ကြည့်နေတယ် ။ စိတ်ထဲက အလိုလို သိလိုက်တယ် ။ ဒီလူက ယမမင်း ။

" ဟာ ... ကျနော် သေပြီလားဗျာ " လို့ မောင်ဝ က သေချာအောင် မေးလိုက်တယ် ။

" အေးပေါ့ ။ ဒီလောက် သောက်နေမှ တော့ သေပြီပေါ့ " လို့ ယမမင်းက ဖြေတယ်။

" ကျနော့် မိသားစုတောင် သေသေ ချာချာ မနှုတ်ဆက်ရသေးဘူး ဗျာ ... ပြန်ပို့ပေးလို့ မရဘူးလား " လို့ ဈေးဆစ် လိုက်တယ် ။

ယမမင်း ကလည်း
" မင်း တအား ပြန်ချင်ရင်တော့ ပြန်ပို့ပေးမယ်.. ဒါပေမဲ့ လူ အဖြစ်တော့ ပြန်မရဘူး.. ဘဲအဖြစ်နဲ့ ပြန်ရင်တော့ ရမယ် "

မောင်ဝလည်း ကြာကြာ စဉ်းစား မနေဘဲ လက်ခံ လိုက်တယ် ။

ခဏအတွင်းမှာ သူဟာ သူ့ အိမ်က ဘဲခြံထဲကို ပြန်ရောက် သွားတယ် ။ အမွေးအတောင် ဖြူဖြူနဲ့ သူ့ဘာသာတောင် ကျေနပ်နေ သေးတယ် ။

ဒါပေမယ့် သူ့ဗိုက်ထဲက တမျိုးဖြစ်နေတယ် ။ အဲဒီမှာ သူ့ ဘဲခြံထဲက ဘဲထီးကြီး ရောက်လာတယ်။ " မင်းက အသစ်လား " လို့ မေးတယ် ။ အဲဒီမှ သူသတိထားမိတယ် ။ သူက ဘဲမ ဖြစ်နေတာကိုး ။

" ဟုတ်တယ် ...  ဒီနေ့မှ ရောက် လာတာ
လောလောဆယ် ဗိုက်နာသလို ဖြစ်နေတယ် " လို့ ဖြေလိုက်တယ် ။

ဘဲထီးကလည်း
" မင်း ဥ ဥချင်လို့ပေါ့ကွ  တခါမှ မဥဘူးလား... မကြောက်ပါနဲ့ ... သဘာဝအတိုင်း ဖြစ်သွားမယ်.. စိတ်သာ လျှော့ထားလိုက် " ဆိုပြီး သူ့ရဲ့ ဘဲခေါင်းလေးကို သူ့အတောင်ပံနဲ့ ပွတ်ပေးနေတယ် ။

သူလည်း ဘဲထီးကြီး ပြောတဲ့အတိုင်း စိတ်ကို လျော့လိုက်တော့ ခဏချင်းမှာ ပထမဆုံး ဥကို ဥလိုက်တယ် ။ ရင်ထဲမှာ ပီတိတွေ ဖြစ်လို့ ။ အော် မိန်းမတွေ ကလေးမွေးရင် ဖြစ်တဲ့ ပီတိ ဆိုတာ ဒီလို နေမှာလို့ မောင်ဝက တွေးနေတယ် ။

ဘဲထီးကြီးကလည်း သူခေါင်းကို အသာ ဆက်ပွတ်ပြီး " ကောင်းတယ် ဆက်ကြိုးစား ... ဆက်ကြိုးစား " လို့ ပြောနေ ရှာတယ် ။ ဒါနဲ့ ဒုတိယဥကို ဆက်ဥတယ် ။ ဒုတိယဥက ပိုကြီးတယ် ။ ပီတိအဟုန်ကလည်း ပိုကြီးတယ် ။ သူဘာသာလည်း ကျေနပ် နေတယ် ။

နောက်ဆုံး တတိယဥက အတော်ကြီးတယ် ထင်တယ် ။ မောင်ဝ နည်းနည်း အားစိုက်ပြီး ညစ်ရတယ် ။ တတိယဥ ဥလိုက်ပြီး တဲ့ အချိန်မှာ သူဟာ ဘဲ အဖြစ်နဲ့ ပြန်လာရတာ အတော် မှန်တယ်လို့ စိတ်ထဲမှာ ကျေနပ် ပီတိဖြစ်နေတုန်း နောက်ကနေ သူ့ခေါင်းကို ဖြန်းခနဲ ရိုက်ခံလိုက် ရပြီး ......

" သေချင်းဆိုးကြီး ...  ဒီအရည်တွေ သောက်လာပြီး အိပ်ရာထဲ အီးတွေ ပါချနေတယ်
ရှင့်လို လူမျိုး လူပြည်မှာ မရှိမှ အေးမယ် " ဆိုတဲ့ အသံကြီးကို မောင်ဝ ကြားလိုက်ရပါ တော့တယ် ။

Credit

No comments

Powered by Blogger.