ကမ္ဘာပေါ်က ထူးဆန်းသော မိန်းမသားများ
ဘဝမှာ ရွေးချယ်ခွင့် မရှိတဲ့ အရာတွေထဲ ယောက်ျား ဖြစ်ခွင့် ၊ မိန်းမဖြစ်ခွင့် ဆိုတာလည်း တခု အပါအဝင် ပါပဲ ။ အတိတ်ရဲ့ ကံကြောင့် ဒီဘဝမှာ မိန်းမသား တယောက် ဖြစ်ရတာ ကလည်း နေတတ်ရင် မွန်မြတ် ပါတယ် ။
ကမ္ဘာပေါ်မှာ " ပုခတ်လွှဲသော လက်များ " ဆိုတဲ့ စကားဟာ မိန်းမတွေကို ချီးမြှောက်တဲ့ စကားပါ ။ ချီးမြှောက်တာနဲ့ ထိုက်တန်အောင်လည်း မိန်းမ တယောက်ရဲ့ ပေးဆပ် စွန့်လွတ်ရမှုက မနည်း ပါဘူး ။ တွေးကြည့်ပါ ။
မိန်းမ တယောက်ဟာ ကိုယ့်ရဲ့ မိဘ အသိုင်းအဝိုင်း ကြားမှာ မင်းသမီး တပါးလို ယုယ ခံပြီး နေထိမခံ မညိုးပန်းလေးတွေပါ ။ ဒါပေမယ့် တစိမ်း ယောက်ကျား တယောက်ကို ချစ်မိကြတဲ့ အခါမှာတော့ မိုးကြိုးပစ်ရင်တောင် ထန်းလျှက်နဲ့ ကာပြီး ဘဝရဲ့ တိုက်ပွဲကို ရင်ဆိုင်နွဲနိုင်ကြတာ အံ့မခန်း စရာပါ ။
ချမ်းသာ ဆင်းရဲ ဆိုတာကို အတူ လက်တွဲပြီး စံစား ခံစားနိုင်ကြ တာလဲ မိန်းမသား ပါပဲ ။ ကံတရားကြောင့် လင်ကောင်း သားကောင်း ရရင်တော့ စံစားနိုင်ကြ ပြီး ကံဆိုးစွာနဲ့ လင်ဆိုး မယား ဖြစ်လာရင်လည်း ရင်နာစွာနဲ့ ခံစားရတာလည်း မိန်းမသားတွေ ပါပဲ ။
တစိမ်းတရံ ယောက်ကျား တယောက်ရဲ့ ဘေးမှာ အမိန့် နာခံလို့ ပြုစု လုပ်ကြွေး သားသမီးတွေ မွေးပြီး တသက်တာလုံး အနားမှာ နေကြတာဟာလည်း အဲ့ဒီ ယောက်ကျား ဆီက မဖြစ်စလောက် ကျေနပ်ကြည်နူးစရာ စကားလုံး ချိုချိုလေးတွေ ကြောင့်ပါပဲ ။
ဘာကြောင့်များ ဒါကို တချို့သော ယောက်ျားတွေ မသိမမြင်ကြ တာလဲ ... ?
ဘာကြောင့်များ သနားမညှာ ကိုယ့်ဇနီးမယား ကို ရိုက်ပုတ် နှိပ်စက်ကြ တာလဲ ... ?
ဘာကြောင့်များ မိန်းမ တယောက်ကို ထောင်သွင်း အကျဉ်းချ သလို ဆက်ဆံ ထားပြီး ကိုယ်ကတော့ အပြင်မှာ သာယာ ကြည်နူးနေနိုင်သလဲ ... ?
ဘာလို့များ သားမသိ သမီး မကြည့် နွေးထွေးမှု ဆိုတာ မရှိ ဖခင် တယောက်ရဲ့ တာဝန် မကျေပွန် ကြတာလဲ ... ?
ဘာကြောင့်များ ... အငယ် အနှောင်းထားပြီး အိမ်က မယားကို မျက်ရည်တွေနဲ့ ညများစွာ ကျော်ဖြတ် စေနိုင်သလဲ ?
ဘာကြောင့်များ ... တသက်တာလို့ တာဝန်ခံပြီး ပစ်ခွာ ရှောင်ပြေးချင် ကြတာလဲ ... ?
တကယ်ဆိုရင် တွေးကြည့်ပါ ။ သင့် အမေဟာ မိန်းမသား ၊ အဲ့ဒီ မိန်းမသား အမေ ဆိုတာ တချိန်က ဇနီးမယား တယောက် ဖြစ်ခဲ့သလို အခု သင်နဲ့ တအိပ်ယာထဲ အိပ်စက်နေတဲ့ သင့်ဇနီးမယား ကလည်း နောင်တချိန်ကြ အမေ ဘဝ ဖြစ်လာအုံး မှာပါ ။
ကိုယ့်အမေကို လေးစားတတ်တဲ့ ယောက်ကျားကောင်း မှန်သမျှ ကိုယ့်ဇနီးမယား ဆိုတာကိုလည်း ချစ်ခင်ကြင်နာ လေးစားတတ်ပါ လိမ့်မယ် ။
အဲ .... အထူးဆန်းဆုံး ကတော့ မိန်းမသားတွေ ပါပဲ ။ ဘယ်လောက်ပဲ ကိုယ့်အပေါ် ဆိုးဆိုး တန်ဖိုး မထားပဲ ပြစ်ခွာ သွားပါစေ ၊ နစ်နာတယ် လည်း မတွေးပဲ သားသမီးလေးတွေ ရင်ခွင်ထဲ ထွေးပြီး ပြန်လာမလား တွေးကာ ခပ်ဝေးဝေးကို မျော်နေတတ်ကြ တာများ အထူးဆန်းဆုံး လူသား မိန်းမများ မဟုတ်ပါလား ..... ။
MayKha
Post a Comment