မမရဲ့ မောင်လေး သိစေဖို့
မင်း တွဲခဲ့ဖူးတဲ့ 16 နှစ် မလေး တွေလို အဲ ... မျောက်ပေါက်စမ လေးတွေလို ဟို ခုန်လိုက် ဒီ ခုန်လိုက် တောင်တောင် အီအီတွေ စိတ်ကူး မယဉ်တတ်ဘူး ၊ တွေ့ကရာလူ မတွဲ တတ်ဘူး ။ မင်းကို ရွေးချယ်ပြီးရင် တော်ရုံနဲ့ လက်တွဲ မဖြုတ်တတ်ဘူး ။ မင်း သိပ် မဆိုးရင်ပေါ့ မောင်လေးရယ် ။
မမဟာ သစ်ရွက်လေးတွေ လှုပ်ရင် ရယ်ချင်တဲ့ အရွယ်ကို ကျော်လွန် ခဲ့ပြီး သစ်ကိုင်း ကျိုးရင်တောင် အိနြေ္ဒ မပျက်တော့တဲ့ အရွယ်မို့ မမ ဆီက ဆူဆူ ညံညံ ရင်ခုန်သံတွေ ရှက်သွေးဖြာတာတွေ မမျှော်လင့်ပါနဲ့ ။ ပါးလေး နမ်းရုံနဲ့ မမ မတုန်လှုပ်ရ ကောင်းလား မငြူစူ ပါနဲ့ ။ တကယ်တော့ မမက ငြိမ်သက် နေတဲ့ ဘူတာရုံလေး တရုံ ရယ်ပါ ။
မင်း အရမ်း သဘောကျ တတ်တဲ့ မော်ဒယ်မလေး တွေလို သွယ်လျ ပါးလျတဲ့ ပေါင်တံလေးတွေ မမမှာ မရှိဘူး ။ မမဟာ ဖွံဖြိုးပြီးတဲ့ တိုက်တတိုက်လို အင်္ဂါရပ်တွေ အကုန်ပြည့်စုံ ၊ တစ်တစ် ရစ်ရစ် ဖြစ်နေတဲ့ အဆီလေးတွေကို တချို့က အသဲယားကြသေး သတဲ့ ။ အကိတ်တွေကို အူယားတတ်တဲ့ အထဲ မမရဲ့ မောင်လေး ပါ ပါစေ ။
ထွေလီ ကာလီ ၊ တီတီ တွတ်တွတ် ၊ ပလီစိ ချောက်ချက် ၊ ပဲပင်ပေါက် စကားတွေနဲ့ အောလီအောလဲ့တွေ သိပ်မလုပ်တာနဲ့ မင်းကို မချစ်ဘူး လို့တော့ မထင်စေချင်ဘူး ။
တကယ်တော့ မမတို့ ဆိုတာ လွန်းထားထားတို့ ၊ မီကိုဇူးဇင် တို့ကို ခုတင်ပေါ် ခွခေါင်းအုန်း ဖက်လို့ စိတ်ကူးယဉ်ဖတ်ရင်း တခွိခွိ မရီတတ်တော့တဲ့ အရွယ်ပါကွယ် ။ အလုပ်အတွက် စာတွေ ဖတ်နေတဲ့ မျက်မှန်အောက်က အလှတရားတွေကို မင်းတွေ့အောင် ရှာဖွေတတ် ပါစေ ။ တည်ငြိမ်နေတဲ့ ဘူတာရုံလေးက ဥသြခဏခဏ မဆွဲတတ်ဘူးလေ ။
ဘဝရှေ့ရေး အတွက်လည်း မင်းတယောက်ထဲ ကြုံးရုန်း လုပ်စရာ မလိုဘူး ။ " မောင်တထမ်း မမ တရွက် " ဆိုတဲ့ စကားပုံဟာ အလကား ထားခဲ့တာ မှတ်လို့ ။ မျောက်မလေး တွေနဲ့ မင်း အမ်းခဲ့ရသမျှ မမနဲ့ကျ မင်း ပိုက်ဆံအိတ် မပါးစေရဘူး ။ American system ဆိုတာကို မမ သိပ်ကြိုက်တယ် ။
ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်လို့ မမတို့ အတူ နေတဲ့အခါ ထမင်းငတ်မှာ မစိုးရိမ်ပါနဲ့လေ ။ " မီးမှ ဟင်းမချက်တတ်တာ ကိုကိုကလည်း " ဆိုတဲ့ ပြီတီတီ အသံမျိုး မင်းမကြားစေရဘူး ။ ဖြတ်သန်းပြီးတဲ့ အတွေ့အကြုံ နဲ့ ပညာတွေထဲမယ် ဟင်းကောင်းကောင်း ချက်တတ် တာလဲ ပါတယ် ။ မင်းလေး ဝိတ်တက်လာမှာ မြင်ယောင် ပါသေးတယ် ။ အဟင်း ..... ။
ပြောစရာတွေ အများကြီး ရှိနေသေးပေမဲ့ ခုတော့ ဒီလောက်နဲ့ပဲ တော်သေးပြီ ..... ။
မင်းရဲ့ မတ်မတ်
နုထွားထွားကြီး ကိတ်ကိတ်စိန်
SMS
Post a Comment