Header Ads

အရမ်းကောင်းတဲ့ ဆုတောင်း


တခါက အလွန် ခင်တဲ့ သူငယ်ချင်း နှစ်ယောက် ပင်လယ်ထဲ ကို သင်္ဘောဖြင့် အပျော်ခရီး ထွက်ခဲ့ပါတယ် ။ ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘော ပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတကျွန်းပေါ်ကို ရောက်လာကြပါတယ် ။

ကျွန်းလေးပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူက ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ် ။

ပထမနေ့ မှာ တယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင် တပင်ကို သူ့ကျွန်းဘက်ခြမ်းမှာ တွေ့ပါတယ် ။ ဒုတိယလူ ကတော့ စားသောက်ဖို့ ဘာပင်မှ မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေ ကိုပဲ စားရပါတယ် ။

နောက်နေ့မှာ ပထမ လူကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ် ။ မိန်းမ အဖော် လိုချင်တယ်လို့ ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီး တယောက်က သူ့ကျွန်းဘက်မှာ ရောက်လာ ပါတယ် ။

အဲလိုပဲ အ၀တ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ် ။ နောက်ဆုံးတော့ သူက သင်္ဘောတစီး ဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ် ။

ပထမလူက သူဆုတောင်းတဲ့ သင်္ဘော တကယ်ပဲ ရောက်လာတော့ သူရယ် သူ့အဖော် အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ် ။

အဲဒီအချိန်မှာ သိကြားမင်းက ပေါ်လာပြီး မေးပါတယ်။

" ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားတာလဲ " ဆိုတော့ သူက ဖြေပါတယ် ။

" သူက ကံမကောင်းဘူးလေ ။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ ။ သူ့ကြောင့် ကျနော်တို့ သင်္ဘောပျက်ပြီး ကျနော်တို့ ဒုက္ခရောက်တာလားတောင် မသိဘူး ။ ဒါကြောင့် ဒီတခါတော့ သူ့ကို ကျနော် ထားခဲ့တော့မယ် " ဆိုပြီး ပြောလိုက်တယ် ။

ထိုအခါ သိကြားမင်းက ပြောတယ် ။

" သင်မှားနေပြီ .... ကျွန်ုပ် ဆုတောင်း ဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်း တခုထဲ ကိုပါ ...
သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ ပါဘူး "

ထိုအခါကျမှ ပထမလူ လည်း အံ့သြသွားပြီး
" ဒါဆို ကျနော့် သူငယ်ချင်းရဲ့ ဆုတောင်းက ဘာလဲ " လို့ မေးလိုက်တော့ ...

သိကြားမင်းက
" သင့် သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများ အားလုံး ပြည့်ပါစေတဲ့ " အဲ့ဆုတောင်းကိုပဲ ငါဖြည့်စည်းပေးခဲ့ တာပါ " ........

လောကကြီးမှာလည်း တူတူပါပဲ ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတဦးတယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါဝင်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ သင်အချစ်ဆုံး လူတွေကို ဘယ်တော့မှ ချန်မထားခဲ့ပါနဲ့ ... ။

Credit

No comments

Powered by Blogger.