ဆရာမလေးကို ချစ်ဖို့ တိုက်တွန်းချင်ပါတယ် ... ကျနော်လည်း ချစ်တယ် ...
1) ခလေး အရွယ်တုန်းက သစ်ရွက် ကြွေတာ မြင်ရင် ကျနော် ပျော်ခဲ့ပါတယ် ။ အခုတော့ အဖြူအစိမ်း နဲ့ ဆရာမလေးတွေကို မြင်တာနဲ့ ကျနော်က သစ်ရွက်လို ကြွေတယ် ။ ဝဋ်များ လည်သလား ဆရာမ ပျော်ပါစေတော့ ။
2) ဆရာမလေးရဲ့ ပုံတွေနဲ့တင် ကျနော့် ဖုန်းဟာ နတ်ပြည် ဖြစ်နေရကြောင်း ၊ ကျနော့်ရဲ့ ဖုန်းထဲက မန်မိုရီကတ်ဟာ ဘဝင် မြင့်နေကြောင်း ၊ ကျနော့် ဖုန်းကို ပြလိုက်ရုံနဲ့ လူတွေ ရူးသွားကြောင်း ။ နတ်သမီး ဖြစ်တဲ့ ဆရာမလေး ကရော သိမှ သိပါလေစ ။
3) ကျနော့် ကမ္ဘ္ဘာကို အဖြူအစိမ်းလေးနဲ့ ဘုရင်မလေး အုပ်ချုပ်ပါ ။ လုံးဝ ဆန္ဒမပြဘူး ။ လူ့အခွင့်အရေး မတောင်းဆိုဘူး ။ ကျနော့်ကို ပြန်ချစ်ဖို့ အရေး ဒို့အရေး လို့တော့ တကြော်ကြော် အော်မယ် ။ ဆရာမ ဆိုသူက ခေါင်းပဲ တချက်ညိတ်ပြ ။ ငြိမ်းချမ်းရေးက အလိုလို ရမယ် ။
4) ဆရာမလေးကို တွေ့မှပဲ ကျနော် ကုသိုလ်တွေ ရခဲ့တယ် ။ ဘာလို့လဲ ဆိုတော့ ဆရာမလေးကို မေတ္တာတွေ ဆက်တိုက် ပို့နေတဲ့ အကျိုးကြောင့်ပေါ့ ။ မေတ္တာ တရား ဆိုတာ ရောင်ပြန် ဟပ်ပါတယ် ။ ဆရာမလေး ပြုံးပြလိုက်တာနဲ့ ကျနော့်ရဲ့ ငရဲတံခါး ပိတ်တယ် ။
5) ရှင်မဟာမောဂ္ဂလာန်သာ ရှိနေသေးရင် သင်တန်းတွေ တက်နေရတဲ့ ဆရာမလေးတို့ဆီကို လာမေးလိမ့်မယ် ။ နတ်ပြည် ခြောက်ထပ်မှာ မတွေ့ဖူးတဲ့ နတ်သမီးတွေ အစုလိုက် အပြုံလိုက် လှနေတာဟာ ဘယ်လို ကုသိုလ်တွေ ကြောင့်လဲ ။ ဒါဟာ ဘယ်လို ဘုံဗိမ္မာန်လဲ ပေါ့ ။
6) ဆရာမလေးတွေ ဆိုတာ ဘဒ္ဒကမ္ဘာမှာ အလှဆုံး ပွင့်တဲ့ ပန်းတွေပါ ။ နတ်သမီး သုနန္ဒာတောင် သူ့ဥယျာဉ်မှာ မရှိလို့ မြန်မာပြည်ကြီးကို မနာလို ဝန်တိုနေနိုင် ပါရဲ့ ။ လှချင်တိုင်း လှပြလိုက်စမ်းပါဗျာ ။ ကျနော်က သိကြားမင်းကို လက်ညှိုးထိုး သရော် ပစ်မယ် ။ ခင်ဗျားတို့ နတ်ပြည်မှာ ဒီလိုနတ်သမီးတွေ ရှိရဲ့လား ။
7) ကျနော့်ရဲ့ ချစ်သူလေးဟာ ရုပ်ချောဖို့ မလိုပါဘူး ။ ချစ်စရာကောင်းဖို့လည်း မလိုဘူး ။ အဲ ... ဆရာမ ဖြစ်ဖို့ပဲ လိုတယ် ။ ဆရာမ ဆိုမှတော့ ဒါတွေက မရှိပဲ နေတော့ မလား ။ ကြယ်တွေကြွေတိုင်း ဆုတောင်းမိ ပါတယ် ။ ဆရာမ တယောက်လောက် ကျနော့် ဘဝထဲ ပြုတ်ကျ လာပါစေ လို့ ။
8) ကြေးစား လူသတ်သမားတွေ များ သေနတ်တွေ ဓားတွေ လိုရသေးတယ် ။ ကျနော်သာ လူသတ်ချင်ရင် ဆရာမ ကို ခေါ်သွားမယ် ။ ဆရာမကို မြင်တာနဲ့တင် အဲ့လူ သေတယ် ။ ဆရာမ အလှနဲ့တင် ရက်ရက် စက်စက် ပွဲချင်းပြီး တယ် ။ ပီးတော့ လက်သည် မပေါ် အမှုမပတ်နဲ့ ဘယ်လောက်တောင် လှတဲ့ လက်နက်လဲ ။
9) သေရင်လည်း ဂုဏ်သိက္ခာ ရှိရှိနဲ့ သေကြစမ်းပါ ။ ဆရာမလေး တယောက်ယောက်ကို ချစ်ရင်း သေကြစမ်းပါ ။ ငရဲပြည်ရောက်လို့ ငရဲမင်းက မင်း ဘာကုသိုလ်တွေ လုပ်သလဲ လို့ မေးရင်တောင် ဆရာမလေးကို ချစ်တယ်လို့သာ ဖြေလိုက် နတ်ပြည် တန်းပို့ပစ် မှာပဲ ။ ဆရာမလေးကို မချစ်ခဲ့ပါဘူး လို့ ဖြေရင်တော့ ခင်ဗျား တယောက် ငရဲ ခံပေတော့ ။ ဘာလို့ဆို ငရဲမင်းကြီးက လိမ်တာ မကြိုက်ဘူးလေ ။
10) ဆရာမလေးကို ချစ်တဲ့ သူတွေများ တနေ့တခြား ပိုပိုချော လို့ ။ ဆရာမလေးကို အပြစ်ပြောတဲ့ သူတွေများ မယ်ကုဝဏ်ဘီလူး သံပုရာသီး ကိုက်ထားတဲ့ ပုံတွေကို ဖြစ်လို့ ။ ဆရာမလေး တယောက်ရဲ့ ပို့စ်အောက် ချစ်တယ် ပြောတဲ့သူနဲ့ အပြစ်ပြောတဲ့သူ စကားချင်း စစ်ထိုးနေပုံများ သိကြားနဲ့ အသူရာ စစ်ခင်းနေသလို ။ ဆရာမလေးကတော့ အပြစ်ကင်းတဲ့ လမင်းလို ဝင်းလို့ လှလို့ ပလို့ ။
11) လွှတ်တော်ကြီးကိုလည်း အဆို တင်သွင်း ပါတယ် ။ အကုသိုလ် ဒုစရိုက်တွေ ကင်းရှင်းအောင် ဆရာမတွေကိုချစ်ကြရန် အမိန့်တစ်စောင်ထုတ်ပြန်ဖို့လိုပါကြောင်း။
12) " ဆရာမလေးတွေကို ချစ်ကြဖို့ တိုက်တွန်း ချင်ပါတယ် ။ ကျနော်လည်း ဆရာမလေးကို ချစ်တယ် " လို့ နိုင်ငံတော်သမ္မတကြီးကသာ အဲဒီလိုပြော ကျနော်တို့ ပြည်သူတွေက တစိတ်တဝမ်းထဲပဲ ကန့်ကွက်မဲ မရှိ ထောက်ခံပစ် လိုက်မယ် ။
ကြည်ညို
Post a Comment