Header Ads

Social Network ( ဖေ့စ်ဘုတ် ) ကို ဘယ်လိုမျိုး သုံးသင့်သလဲ


ကျနော်တို့ နိုင်ငံမှာ Social network သုံးနေကြသူ အားလုံးဟာ အကြောင်း အမျိုးမျိုး ၊ ရည်ရွယ်ချက် ကိုယ်စီနဲ့ Online Facebook ကို အသုံးပြုနေ ကြပါတယ် ။

Online သုံးတဲ့ အချိန် Facebook သုံးတဲ့ အချိန်မှာ အထူးသဖြင့် မိန်းခလေးတွေ အတွက် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ် ။

1) ကိုယ်နဲ့ အပြင်မှာ သိတဲ့သူ မဟုတ်ရင် ဖုန်းနံပါတ် ပေးစရာ မလိုပါဘူး ။ ဘယ်သူ ဘယ်ဝါ မှန်း မသိ ၊ ဘယ်က မှန်း မသိ ၊ ဘယ်လောက် အချိန် အတိုင်းတာထိ ခင်မင် ခဲ့ပြီးပြီလဲ မသိ ။ ဒီလူဟာ ဘယ်လောက် ရိုးသားသလဲ ဆိုတာ ကိုယ်သိနိုင်သလား ။ လူတိုင်းကို မဆိုလိုပါဘူး ။ ဒါပေမဲ့ ဒီနေ့ ခေတ် online ပေါ်မှာ သားကောင်ချောင်း နေတဲ့ မုဆိုးတွေ အများအပြားကို တွေ့မြင်နေရပါတယ် ။

လူတယောက် ရိုးသားတယ် မရိုးသားဘူး ဆိုတာ သူတင်တဲ့ ပိုစ့် တွေ သူ share ထားတဲ့ ပိုစ့်တွေကို ကြည့်ရင် ၅၀% ခန့်မှန်းလို့ ရပါတယ် ။ အပြင်လောက မှာတောင် သူငယ်ချင်း အရင်းကြီးတွေက နောက်ကျောကို ဓါးနဲ့ ထိုးတဲ့ သာဓကတွေ ရှိနေတာပဲ ။ Online ပေါ်က  မမြင်ရတဲ့ သူတွေဆို ဘယ်လို ဖြစ်လာနိုင်လဲ ဆိုတာ စဉ်းစားကြည့်ကြပါ ။

2) Messenger ကနေ ပီးတော့ free call ပြောစရာလည်း မလိုပါဘူး ။ ကိုယ်နဲ့လည်း အပြင်မှာ မသိတဲ့ သူကို ဘာအတွက်နဲ့ ဘာအကြောင်းနဲ့ ပဲ ဖြစ်ဖြစ် အပြည့် အဝ ယုံကြည်သင့် သလားဆိုတာ သေချာ စဉ်းစားပါ ။ ကိုယ်က ရိုးသားသလို တဖက်လူလည်း ရိုးသားလိမ့်မယ် မထင်နဲ့ ။ တချို့က နောင်တစ်ချိန် ကိုယ့်ကို ထိုးနက်ဖို့ SS နဲ့ သက်သေတွေ ယူထား ကြတာ ခပ်များများပါ ။

ရှင်းရှင်း ပြောရရင် ကိုယ်မသိတဲ့ သူတွေ အတွက် အချိန်ပေးစရာ လိုကို မလိုဘူး ။ free call ခေါ်တယ် ဆိုထဲက ဘယ်လောက် ခင်နေပါစေ ကိုယ့်ကို အထင်သေးလို့ပါ ။ ကိုယ်လည်း တန်ဖိုး ကျနေပြီ ။ သမီးရည်းစားတွေ ဆိုရင်တောင် ခွင့်တောင်းပီးမှ ခေါ်သင့် ပါတယ် ။ တချို့က ဒီနေ့မှ fri  ဖြစ် ဒီနေ့  free call ခေါ်တာ အောက်တန်းကျတဲ့ လုပ်ရပ်လို့ မြင်တယ် ။

3) ကိုယ့်ကို Video call လာ ခေါ်ရင်တော့ တခါထဲသာ block ပစ်လိုက် ။ ကိုယ့်ကိုယ် မယုံကြည်လို့ ကိုယ့်ကို အထင်သေးလို့ ခေါ်တယ်လို့ပဲ ယူဆပါ ။ online ပေါ်က ခင်မင်မှုမှာ ဒီလိုအခွင့်အရေး ပေးစရာ အကြောင်းကို မရှိဘူး ။

သူ ကိုယ့်ကို မယုံကြည်ရင် friend လုပ်စရာ မလိုဘူးလေ ။ ရှင်းနေတာပဲ ။ နေရာတိုင်းမှာ စည်းဆိုတာ ရှိတယ် ။ အဆင့်အတန်း ဆိုတာ ရှိတယ် ။ အပြင်က သူငယ်ချင်းတွေ နဲ့ မိသားစုဝင် တွေကို vdo call ပြောတာတော့ အရေးမကြီး ပါဘူး ။

4) Online တို့ Facebook ပေါ်မှာတို့ ချစ်သူ ထားခြင်းကို လုံးဝ လုံးဝ ရှောင်ပါ ။ လိုင်းပေါ်မှာ ဘယ်လောက်ချမ်းသာ ပါစေ ၊ ဘယ်လောက် ချောတဲ့သူ ဖြစ်ပါစေ ၊ လူလွတ် တယောက်လို့ ပြောရင်တောင် ယုံကြည်ဖို့က 20 % တောင် မရှိပါဘူး ။

Online ပေါ်မှာ တွေ့လို့ ကြိုက် ကြတယ် ဆိုပါတော့ တချို့က အပြင်ဖက်က  အချစ်ထက် ပိုချစ်သွားသူတွေရှိ ကြပါတယ် ။ ကိုယ်မှာ ကတော့ ယုံကြည်မှု အပြည့်နဲ့ ချစ်လို့ ဟိုလူမှာက အပြင်မှာ စေ့စပ်ထားသူ ၊ အိမ်ထောင်ရှိသူ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ ။

တချို့ဆို ဖောက်ပြန်နေကြတယ် ဆိုပီး အကောင့်တွေကို SS ရိုက် သက်ဆိုင်သူတွေက အရှက် ခွဲနေကြတာ မြင်ဖူးကြ မှာပါ ။ အဆိုးဆုံးက ကိုယ်ကတော့ အသက် မက အစစ်အမှန် ချစ်လိုက်ရတာ ဟိုကတော့  ဘာမပြော ညာမပြော ကိုယ့်ကို block သွားတယ် ။ ဖုန်းနံပါတ်တွေပါ ပြောင်း သွားတယ် ။ မေတ္တာစစ်ထားလိုက်မိသူတွေ ကောင်းကောင်း အညာ ခံလိုက်ရတာတွေ မြင်ဖူးပါတယ် ။

Online ကို တကယ် အကျိုးရှိရှိ သုံးစွဲသူတွေ ၊ အမှန်တကယ် ရိုးသားသူတွေ လည်း အများကြီး ရှိပါတယ် ။ လူလိမ် ဆိုတာကလည်း ဂျိုမပါတော့ တချို့က ခင်မင်တာ အချိန် ကြာလာရင် ကျန်းမာရေး မကောင်းလို့ သော်လည်းကောင်း အကြောင်း တခုခုပြပြီး ငွေချေးကြတာတွေ ရှိတယ် ။ စီးပွားရေး စပ်တူ လုပ်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေလိမ်တာ တွေလည်း မြင်တွေ့နေရ ပါတယ် ။

တကယ်တော့ Online ဆိုတဲ့ နေရာဟာ အရောင် အဆင်း အနံ့ အရသာမဲ့ အယောင်ဆောင် ကမ္ဘာလေး တခုပါ ။ ဒါကို အသိတရားလေး ၊ သတိလေးနဲ့ ဆင်ခြင် မသုံးတတ်ရင် သားရဲတောထဲကို ရောက်သွားတာနဲ့ မခြားတော့ ပါဘူး ။

နောက်တစ်ခုက  comment မှာ လာရောလို့လည်း အပြည့်အဝ သွားမယုံကြည် ပါနဲ့ ။ ဘယ်လောက် ခင်ကြောင်း လာပြောနေလို့လည်း သွားမယုံကြည် လေနဲ့ ။ အချိန် အတိုင်းတာ တခုထိ စောင့်ကြည့်ပါ  ။ အကြံသမားတွေ ဆိုတာ ဥာဏ်များ ပါတယ် ။ တချို့ အယုတ်တမာကောင်တွေဆို ယောက်ျား စင်စစ်က မိန်းခလေး နာမည် မိန်းခလေး ပုံတွေ သုံးပြီး လာတိုက်ခိုက်တာတွေ ရှိပါတယ် ။ ကျမ ကိုယ်တိုင်လည်း ကြုံဖူးခဲ့ပါတယ် ။

ဒါကြောင့် ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရတယ် ဆိုပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် online သုံးရင် အသိ သတိ မြဲမြဲ ထားကြပါ ။ အယုံ လွယ်တဲ့ စိတ်ကို ဖျောက်ပါ ။ အားနာ တတ်တဲ့ စိတ်ကို ဘေးဖယ်ထားပါ ။ ခြောက်တိုင်း ကြောက်တတ်တဲ့ စိတ်ကို  online ပေါ် သယ်မလာကြ ပါနဲ့ ။

Online ပေါ်မှာ အသဲကွဲတယ်ဆိုတာ ဘယ်သူမှ မသနားဘူး ။ Online ပေါ်မှာ ငွေ အလိမ် ခံရတယ်ဆိုလည်း ဘယ်သူမှ မသနားဘူး ။ Online ပေါ်မှာ နှမချင်း မစာမနာ အဆဲ ခံရရင် ဘယ်သူမှ မစာနာဘူး ။ Online ပေါ်မှာ နစ်နာအောင် အပြော ခံရတယ် ဘယ်သူမှ အစားထိုး ဝင်မခံစား ပေးပါဘူး ။ ဒါတွေ မြင်ဖူး တွေ့ဖူး ကြုံဖူးရင် ဘယ်လို သုံးသင့်သလည်း ကိုယ့်ကိုယ်ကို ဆင်ခြင် သုံးသပ် နိုင်ကြပါစေ ။

MayNoe

No comments

Powered by Blogger.