Header Ads

နေတတ်ခဲ့ပါပြီ


ကိုယ့်ကို စွန့်ခွာသွားသူ ကိုလည်း နားလည်မှုနဲ့ ခွင့်လွှတ်ပေး နိုင်ပြီး နေတတ်လာ ခဲ့ပါပြီ ။

ပျော်ရွှင်မှုတွေ ကြုံတွေ့ လာရင်လည်း အရမ်းကြီး မပျော်တတ်တော့ သလို စိတ်ညစ်စရာတွေ ကိုလည်း လက်ခံ ဖြေရှင်းနိုင် လာပြီး နေတတ်လာ ခဲ့ပြီ ။

အောင်မြင်မှုရဲ့ အရသာကို ခံစားတတ်လာ သလို ရူံးနိမ့်ရခြင်းရဲ့ အရူံးဒဏ်ကိုလည်း နားလည် လာပြီး နေတတ်ခဲ့ပါပြီ ။

တွေ့ဆုံ ကြုံကွဲ ၊ ဖြစ်ပြီးရင် ပျက်တတ်တယ် ဆိုတဲ့ နိယာမကို သဘောပေါက် လာပီး အနေသာ ဖို့ထက် နေတတ်အောင် ကြိုးစားတတ် ခဲ့ပြီ ။

ကိုယ်က ကောင်းနေလည်း ကိုယ့်တန်ဖိုးကို နားမလည်သူတွေရဲ့ အနားမှာ နေတတ်အောင် ကြိုးစားတတ်လာပြီ  ။

ကိုယ်က အကောင်းဆုံး ပေးဆပ်နေ ပါလျက်နဲ့ ကိုယ့်ဆီက ရသမျှ ယူသွားတတ်တဲ့ လူတချို့ရဲ့ သဘာဝကို နားလည် လက်ခံ တတ်လာပြီး ပျော်အောင် နေတတ်လာ ခဲ့ပြီ ။

ခန္ဓာရှိရင် ဝေဒနာ ဆိုတာ ရှိလာမှာဖြစ်သလို လူရယ်လို့ ဖြစ်လာပြီ ဆိုတာနဲ့ အငိုနဲ့ စပီး တချိန်ချိန် ကျရင် အငိုနဲ့ လမ်းခွဲ ရမယ် ဆိုတာကိုလည်း လက်ခံတတ် လာပြီး နေတတ်လာ ခဲ့ပြီ ။

ကိုယ် တန်ဖိုးထားရသူတွေ ဆုံးရူံးရတဲ့ အခါမှာလည်း သူ မထားခဲ့လည်း တချိန်ချိန်မှာ ကိုယ်က ထားခဲ့ရမယ်ဆိုတာ သိလာပြီး နေတတ်လာ ခဲ့ပြီ ။

ဆင်းရဲခြင်း နှင့် ချမ်းသာခြင်းရဲ့ အလွှာ ပါးပါး​လေးမှာ ငွေကြေးထက် မေတ္တာ တရားက ပိုအရေးပါတယ် ဆိုတာသိလာပြီး နေတတ်ခဲ့ပြီ ။

ပကာသနတွေ ကြောင့် ပူလောင်မှု​တွေ ကြားမှာ ထင်ပေါ်ကျော်ကြား ဖို့ထက် ရိုးရိုးအေးအေး နေခြင်းက အေးချမ်းမှု အစစ်အမှန် ဆိုတာ သိလာပြီး ရောင့်ရဲလာတတ် ခဲ့ပြီ။

မတော်မတရား လောဘကြောင့် ရလာတဲ့ အကျိုးအမြတ်ထက် သူများ မျက်ရည် မပါတဲ့ ထမင်းတလုပ်က အဆိပ်မသင့်ဘူး ဆိုတာ သိလာပြီး သင့်တော်တဲ့ လောဘကို ထားတတ်လာ ခဲ့ပြီ ။

အသိပညာတွေ မြင့်မားလာတာနဲ့ အမျှ လူ့ဘဝမှာ အရေးအကြီးဆုံးက လူပီသဖို့ ဆိုတာ သိလာပြီး အမှားတွေ မလုပ်မိအောင် သတိထား နေထိုင်တတ် လာခဲ့ပြီ ။

တကယ်တမ်းတော့ လူ့ဘဝ ဆိုတာ အနေသာ ဖို့ထက် နေတတ်ဖို့ လိုပါတယ် ။ အသေ သာဖို့ထက် ကောင်းသော သေခြင်း ဖြစ်ဖို့ လိုပါတယ် ။

Zenith ( မကွေး )

No comments

Powered by Blogger.