Header Ads

ကိုယ်ပိုင် အချိန်လေးတခုကို ရအောင် စီစဉ်ပါ


ဘယ်လောက်ကြီးပဲ အလုပ်တွေ များနေပါစေ ၊ တရက်မှာ အချိန်လေး တခုတော့ ကိုယ့်အတွက် ကိုယ်ပိုင်တဲ့ အချိန်လေး ရှိကို ရှိသင့် ပါတယ် ။ တနေ့တာ လုပ်ရမယ့် အချိန် ဇယားထဲမှာ တယောက်ထဲ တိုးတိုး တိတ်တိတ်လေး ငြိမ်ငြိမ်လေး အေးအေး ချမ်းချမ်း နေလို့ရမယ့် အချိန်ကို ထည့်စီစဉ်ဖို့ မမေ့ပါနဲ့ ။

အဲ့ဒီ ကိုယ်ပိုင်တဲ့ အချိန်လေးမှာ ဘုရား တရား ကို အာရုံပြုရင် ပြုနေ ရမယ် ။ ဒါမှမဟုတ်ရင် အေးချမ်းတဲ့ နေရာလေးမှာ သွားထိုင်ချင် ထိုင်နေမယ် ။ စိတ်ကို မြှင့်တင် ပေးမယ့် စာအုပ်လေး တအုပ် ဖွင့်ဖတ်ရင် ဖတ်နေမယ် ။

ကိုယ့် အခန်း တံခါးကို ပိတ်ပီး မျက်စိမှတ်ပီး နေချင် နေမယ် ၊ ကိုယ့်ဘာသာကိုယ် ကျေနပ်တာ ကျေနပ်သလောက် တစ်ခုခုပေါ့ လုပ်ချင်တာ လုပ်မယ် ။ ငါ ဒီလိုမျိုး နေလိုက်ရင် အလုပ်တွေ လစ်ဟင်း ကုန်မယ် ၊ ငါ တကိုယ်ကောင်း ဆန်သလိုများ ဖြစ်နေမလား ၊ ငါ မတရားဘူး ထင်တယ် စသည်ဖြင့် တွေးမိ တတ်တယ် ။

တကယ်တော့ အဲ့တာ မဟုတ်ပါဘူး ။ တနေ တနေ့ ပြောရ ဆိုရ လုပ်ရ ကိုင်ရ တွေ့ကြုံရတာတွေက များလွန်းလို့ စိတ်က ပွက်ပွက် ထနေတယ် ။ အနည်ထိုင်အောင် လုပ်ပေးဖို့ လိုပါတယ်နော် ။ ဒီလိုမျိုး တစ်ယောက်ထဲ ကိုယ်ပိုင် အချိန်လေး ယူပြီး အေးအေး ချမ်းချမ်း နေပြီးရင် ပိုကောင်းတဲ့သူ ဖြစ်သွားတယ် ဆိုတာ တွေ့ရမှာပါ ။

ကိုယ့်ရဲ့ အစွန်းထွက်နေတဲ့ အတွေးလေးတွေ သဘောထားလေးတွေ စိတ်အခြေအနေ လေးတွေ ပြန် balance ရသွားတယ် ။ အင်အား အသစ် ရလိုက်သလိုလည်း ဖြစ်သွားတယ် ။ အလုပ်တွေလည်း ပိုလုပ်နိုင် သွားပါတယ် ။ အားလုံး အပေါ်ကိုလည်း ပိုဂရုစိုက်လာနိုင် ပါလိမ့်မယ် ။

တကယ်လို့ ကိုယ်ပိုင် အချိန်လေး ယူလို့ မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေခဲ့မယ် ဆိုရင်လည်း ရှိနေတဲ့ နေရာမှာပဲ မျက်လုံးလေးကို မှိတ်ပီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကို စကားပြောပါ.. " ဘာမှ တကယ် အရေး မကြီးဘူး " ဒီစကားလေး တခွန်းကိုပဲ ကိုယ့်ကိုယ်ကို ဖြေးဖြေး အေးအေး ထပ်ခါ ထပ်ခါ ပြောပါ။

စဉ်းစားကြည့်နော်  မနှစ်က ဒီလ ဒီနေ့ ဒီရက် ဒီအချိန်က အရေးကြီးတယ်လို့ ဆိုခဲ့တဲ့ အရာ ဘာလဲလို့  ပြန်တွေးရင်တောင် မှတ်မိသေးရဲ့လား ။ ကိုယ်တကယ် အရေးကြီးတယ်လို့ ထင်ရတာတွေဟာ အခု လတ်တလော အချိန် လေးပါ။ ဘဝ တခု ရလာတာ လတ်တလော တွေကို အရေးတကြီး လုပ်ပြီး နေသွားဖို့ မဟုတ်ဘူး ။

Credit Htet Htet Htun
From the page 11 of Waterfall

No comments

Powered by Blogger.