Header Ads

မိန်းကလေးတွေလည်း ကိုယ့်အားကိုယ်ကိုးတတ်ဖို့ လိုပါတယ်..


မိန်းမ ဆိုတာက အားနွဲ့သူများ ဖြစ်ကြလေတော့ သူတစ်ပါးကို အားကိုးတတ်တာ မဆန်းပါဘူး.... ဒါပေမယ့် ကိုယ့်အားကိုယ် ကိုးတတ်အောင်လည်း လေ့ကျင့်ထားရပါမယ်...

ကိုယ့်မှာ အရည်အချင်းတွေ အစွမ်းအစတွေ ရှိပါလျှက်နဲ့ သူတစ်ပါးကို အားကိုးလွန်းပြန်လျှင်လည်း ကိုယ့်ရဲ့ အရည်အချင်းတွေဟာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်...

အခုချိန်မှာ ကိုယ့်အနားမှာ ကိုယ်ချစ်တဲ့ မိဘ၊ ဒါမှ မဟုတ် ညီအစ်ကို မောင်နှမ ဒါမှမဟုတ် သား၊သမီး တွေ ရှိနေသော်လည်း ကိုယ့်အနားမှာ အမြဲရှိနေမယ်ဆိုတာ မသေချာပါဘူး.... တစ်ချိန်မဟုတ်တစ်ချိန် အကြောင်းအမျိုးမျိုးနဲ့ ခွဲခွာသွားနိုင်ကြတာပါပဲ.....

ကိုယ်အားကိုးလို့ ယူလိုက်တဲ့ ခင်ပွန်းဆိုတဲ့ ယောင်္ကျား ဆိုတာ ကလည်း ကိုယ်နဲ့ တစ်သက်လုံး သေအတူရှင်မကွာ သစ္စာရှိရှိ ကိုယ့်အနားမှာ ရှိမယ်လို့ သေချာပေါက် ပြောလို့မရနိုင်ပါဘူး...

ဒါကြောင့် မိဘ၊ ညီအစ်ကို မောင်နှမ ဘယ်လောက် ချမ်းသာချမ်းသာ ... ကိုယ်ယူထားတဲ့ ယောင်္ကျား ဘယ်လောက်ပင် ပြည့်စုံ ပြည့်စုံ သူတို့တွေ ကိုယ့်အပေါ် ဘယ်လိုပင် ရွှေပေါ်မြတင် ထားပေးထားပေး ကိုယ့်ပိုင် ၀င်ငွေ ရှိတဲ့ အလုပ်တစ်ခု ၊ အတတ်ပညာ တစ်ခုကို ၀င်ငွေနည်းသည် များသည် မဟုတ်ဘဲ ငွေလိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေလုပ်သင့်တယ်လို့ ကျွန်မထင်ပါတယ်....

ငါ့ မိဘ၊ ညီအစ်ကို မောင်နှမ ချမ်းသာထားပဲ ငါ့ယောင်္ကျား ချမ်းသာတာပဲ ငါ့ကို လိုလေးသေးမရှိ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေး နေတာပဲ.... ငါဘာမှ လုပ်စရာမလိုဘူး ပိုက်ဆံ ရှာစရာ မလိုဘူး... ငါ့ကိုလည်း ဘာမှမလုပ်ခိုင်းဘူး ဆိုပြီး ငါလည်းဘာမှ လုပ်စရာမလိုဘူး ဆိုပြီး ဂုဏ်ယူစွာနဲ့ ကျေနပ်နေလို့တော့ ရပါတယ်...

ဒါပေမယ့် အဲဒီလို ကျေနပ်ဂုဏ်ယူပြီး သူတို့ကို အားကိုးပြီး သူတို့ရှာပေးတဲ့ ငွေတွေနဲ့ ကိုယ်လိုအပ်တဲ့ အရာမှန်သမျှ ရနေတာဟာ ကျေနပ်ပျော်ရွှင်စရာ ကောင်းမှာတော့ အမှန်ပါ...

ဒါပေမယ့် အဲဒီလို အနေကြာလာတဲ့အခါ ကိုယ့်အားကိုယ်ကိုး လိုစိတ်တွေ ပျောက်ပြီး ကိုယ့်အစွမ်းအစ တွေဟာလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားပါလိမ့်မယ်.....

သူများရှာပေးတဲ့ ပိုက်ဆံနဲ့ လိုချင်တာစိတ်ကြိုက် သုံးစွဲနေရတာ စိတ်ကျေနပ်ဖို့ ကောင်းတယ်လို့ ယူဆရပေမယ့် ကိုယ်ကိုယ်တိုင် ရှာဖွေထားတဲ့ ငွေကို စိတ်ကြိုက်သုံးစွဲရတဲ့ စိတ်ကျေနပ် လွတ်လပ် ပျော်ရွှင်မှုနဲ့ ပီတိဖြစ်မှုကို တော့ မမှီနိုင်ဘူးလို့ ကျွန်မထင်ပါတယ်.....

ဘာမှ မတည်မြဲတဲ့ လောကကြီးမှာ တစ်ကယ်လို့များ ကိုယ်အားကိုးတဲ့ သူတွေ အနားမှာ တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့ အခါ ကိုယ့်ဘ၀ကို ကိုယ်တိုင် ဦးဆောင် ရပ်တည်နိုင်ဖို့ ကြိုးစားရတဲ့အခါ တစ်ချိန်က ကိုယ်ဘာမှ လုပ်စရာလည်း မလိုဘူး ပိုက်ဆံရှာစရာလည်း မလိုဘူး ဆိုပြီး ကျေနပ်ဂုဏ်ယူစွာနဲ့ ၀ံ့ကြွားနေခဲ့တာတွေဟာ နောင်တစ်ချိန်မှာ နောင်တရစရာတွေ တစ်ပုံကြီး ဖြစ်လာနိုင်ပါလိမ့်မယ် ..

ဒါကြောင့် မိန်းမ တစ်ယောက်အနေနဲ့ သူများ ရှာပေးတဲ့ ပိုက်ဆံကို သုံးစွဲပြီး မိသားစု ဘ၀ထဲမှာချည်း အချိန်ပြည့် ကိုယ့်ရဲ့ အချိန်တွေကို နှစ်မြှုပ်ထားတာမျိုးမဟုတ်ဘဲ ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းတွေ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေကို သံချေးတက် မသွားဖို့ တုံးအ မသွားဖို့ အမြဲကြိုးစားပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင်လည်း လေ့ကျင့် နေထိုင်ကြဖို့လိုပါတယ်....

ဒါမှသာ အားကိုးရတဲ့သူတွေ မရှိ ဖြစ်တဲ့အခါ မှာလည်း ကိုယ့်ဘ၀ကို ယိမ်းယိုင်မသွားအောင် အခြေပျက်မသွားအောင် ထိန်းသိမ်း တည့်မတ်နိုင်စွမ်း ရှိနေပါလိမ့်မယ် .......

✏ ✏ ✏ ✏ ✏
ကျွန်မ ထင်မြင်ယူဆချက် ခံယူချက်ကိုသာ ခံစားရေးသားခြင်းဖြစ်သည့် အတွက် ဖြည့်စွက်ရေးသား နိုင်ပါသည်

Khin Swe Win

No comments

Powered by Blogger.