Header Ads

စကားလေးတခွန်းကြောင့် အသတ်ခံရသူ


တခါက နွားတကောင်ဟာ သူ့သခင်နဲ့ လယ်ထွန်ပြီးတဲ့အခါ အိမ်ပြန်လာ နားတယ် ။ သူငယ်ချင်း ခွေးက နွားဆီ လာလည် ပါတယ် ။ နွားက ခွေးကို တွေ့တော့..

" သူငယ်ချင်းရေ ၊ ကျနော်တော့ ဒီနေ့ တော်တော် မောသွားလို့ မနက်ဖြန် တရက်လောက် အနားယူချင်လိုက်တာဗျာ "

ခွေးက နွားရဲ့အိမ်ကနေ ထွက်လာတော့ ကြောင်နဲ့ သွားတိုးတယ် ၊ ဒါနဲ့ ခွေးက..

" ဟဲ့ရောင် ၊ ခုနက ငါနွားဆီ ရောက်တယ် ၊ သူ လယ်ထွန်ရတာ တအားမောလို့ တရက်လောက်တော့ နားချင်တာ တဲ့ ၊ အေးဗျာ သခင်ကြီး ကလည်း သူ့ကို အလုပ်ကြမ်း ခိုင်းတာကိုး နော့ "

ကြောင်ကလည်း ဒီအကြောင်းကို ဆိတ်ဆီ သွားပြောပြပြန် သတဲ့..

" ကိုကြီးဆိတ်ရေ ၊ နွားကတော့ သခင်က အလုပ်ကြမ်းတွေ တအား ခိုင်းလို့ ဆိုပြီး ငြီးငြူ နေတယ် တဲ့ ၊သူအလုပ် ခဏ နားပြီးရင် မနက်ဖြန် အလုပ် မလုပ်တော့ဘူး ပြောနေတယ် "

ကိုကြီးဆိတ် ကလည်း ကြက်ဆီ ရောက်တော့ ပြောပြတာပေါ့..

" ကိုကြက်ရေ ... နွားကတော့ သခင် ပေးတဲ့ အလုပ် တအားကြမ်းလို့ သူမလုပ်တော့ဘူး ပြောနေတယ် ၊ အေးလေ ၊ နောက်တွေ့မဲ့ သခင် အသစ် သူ့အပေါ် ကောင်းမလားတော့ မသိဘူး "

ကိုကြက် ကလည်း ဝက်ကို သွားပြောပြန်တယ်..

" နွားကတော့ သခင့် အတွက် အလုပ် မလုပ်ပေးနိုင်တော့ဘူး တဲ့ ဗျို့ ၊ တခြား သခင်ဆီ သွားရှာတော့မယ် ပြောတယ် ၊ ပြောလည်း ပြောစရာဘဲကို ၊ ဒီသခင်က နွားကို အလုပ်ကြမ်း ပေးလုပ် ခိုင်းပြီး ၊ ကြာပွတ်နဲ့ လည်း ရိုက်သေးတယ် တယ် "

ညနေစောင်း တော့ သခင်မကြီး ကနေ ဝက်စာ သွားကျွေးတဲ့ အခါ ၊ ဝက်ကလည်း ....

" သခင်မကြီးရေ ၊ သခင်မကြီးကို တခုတော့ ပြောပြချင်တယ် ၊ ကျနော် ခုတလော ကြည့်ရတာ ကိုနွားက သိပ် မဟန်ဘူး ဗျ ၊ သူ့ကို သေချာ ပြောပြ ထားအုံး ၊ ကျနော် ကြားတာကတော့ သူ အလုပ် မလုပ်ချင်တော့ ဘူး တဲ့ ၊ သခင်ကြီးက သူ့ကို အလုပ်ကြမ်း ခိုင်းပြီး တအားလည်း ရိုက်လို့တဲ့ ၊ မနက်ဖြန် သူ တခြားသခင်ဆီ  သွားလုပ်တော့မယ် တဲ့လေ "

ဝက်ပြောပြတဲ့ သတင်းကို ကြားတဲ့ သခင်မက ၊ ညနေစာ စားတဲ့ စားပွဲဝိုင်းမှာ သခင်ကြီးကို ပြန်ပြောပြလိုက်တယ်..

" အဘိုးကြီးရေ ၊ ရှင့်ရဲ့နွားက ပုန်ကန်ချင် နေပြီနော် ၊ ဘာတဲ့ သခင်ပြောင်းတော့မယ် တဲ့ ၊ ပုန်ကန်တယ် ဆိုတာ ခွင့်မလွှတ် သင့်ဘူး ၊ တခြား သူတွေကိုလည်း နမူနာ ပြထားပေးမှ ရမယ် ၊ ရှင်ဒီနွားကို ဘယ်လို ဒဏ်ခက်ဖို့ စီစဉ်ထားလဲ "

သခင်ကြီး ကြားတော့ ဒေါသ အကြီးအကျယ် ထွက်ပြီး..

" ဒီလိုမျိုး ပုန်ကန်သူတွေကို သေဒဏ်က လွဲပြီး တခြား ဘာမှ မရှိဘူး " ဆိုပြီး ၊ ပြောပြော ဆိုဆို လှံကိုင် ထွက်သွားပီး နွားကို သတ်ပစ်လိုက်တယ် ။

လူတယောက်ရဲ့ စကား တခွန်းကြောင့် လူတယောက်ကို ရှင်စေနိုင်သလို သေစေနိုင် ပါတယ် ၊ နွားဟာ တဆင့် စကား ဖောင်းကြွမှုကြောင့် သေခဲ့ ရတယ် ။

ဒီဥပမာလေး ကို ကြည့်ခြင်း အားဖြင့်
1) လူတိုင်းကို သွားပီး ငြီးငြူ ပြမနေပါနဲ့။
2) လူတွေ ပြောတိုင်း မယုံပါနဲ့ ၊ စဉ်းစား ချင့်ချိန်ပီးမှ ယုံပါ။
3) အရေးကြီးဆုံးက တဆင့် စကား ကိုယ့်ဆီ ရောက်လာရင် မဖောင်းကြွပါစေနဲ့။
4) တဆင့်ကြားတဲ့ စကားကို ပိုသေချာစေချင်ရင် ကိုယ်ကိုယ်တိုင် ကာယကံရှင်ကို မေးသင့်ပါတယ်။

မူရင်းရေးသားသူ Credit

No comments

Powered by Blogger.