Header Ads

မိန်းမကို ကိုယ်ချင်းစာပါ ...


ကျနော် မနက်က အိမ်က ထွက်လာတယ် ။ ဒီနေ့တော့ ဘာမှ ဝယ်စရာ မရှိလောက်ပါဘူး ဆိုပြီး ပိုက်ဆံအိပ်ထဲကငွေကို စစ်မကြည့်ခဲ့ဘူး ။ တနေ့လုံး သာမာန် အသေးအဖွဲလောက်သာ သုံးရင်း တကယ်လဲ ကုန်စရာ ကြီးမားမား မရှိခဲ့ပါဘူး ။

ညနေ အိမ်ပြန်ချိန် နီးတော့ ကျနော့် အလုပ်ထဲကို မထင်မှတ်ဘဲ ကျနော့် မိတ်ဆွေတွေ ရောက်လာတယ်ဗျာ ။  သေချာပြီ အဲ့ဒါ ငွေကုန်ပေါက်ဘဲ ။ ဒီလို ညနေမှာ သူတို့ ရောက်လာရင် ဆိုင်တခုခုကို သွားပြီး စားကြသောက်ကြပြီးမှ အိမ်ပြန်တာ ထုံးစံပါဘဲ ။

ကျနော်က ချမ်းသာ ပြည့်စုံတဲ့သူတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ရင်နှီးတဲ့ မိတ်ဆွေတွေ ကြားမှာ ဘယ်တော့မှ အောက်ကျ မခံဘူး ။ ကျနော်က သောက်တတ်စားတတ်တဲ့ သူ သိပ်မဟုတ်ပေမယ့် ပိုက်ဆံရှင်းရင် ကိုယ်သာ ရှင်းလိုက်ရမှ ဆိုတာမျိုးပေါ့ ။

ဒီလိုနဲ့ စားသောက်ဆိုင် တစ်ခုကိုရောက်ပြီး စားကြ သောက်ကြရင်း ကုန်ကျမယ့် အတိုင်းအတာကို ကျနော် ခန့်မှန်းကြည့် လိုက်တယ် ။  အာပါးပါး ... ဒီနေ့တော့ မနဲဘူး ရှင်းရမယ် ။ ခန့်မှန်း တစ်သိန်းကျော်လောက်တော့ ကျမယ်လို့ ထင်တယ် ။

အဲ့ဒါကြောင့် ကျနော့် အိပ်ထဲကငွေကို မသိမသာ လှမ်းစစ်လိုက်တဲ့အခါမှာတော့ ငွေနှစ်သိန်းကျော်လောက်ရှိနေတာတွေ့လိုက်ရတယ် ။  ကျနော် ပြုံးလိုက်မိတယ် ဘယ်အချိန်က မိန်းမ လုပ်သူက ကျနော်ရဲ့ ပိုက်ဆံအိပ်ထဲကို ငွေထပ်ဖြည့်ပေးထားလဲ ဆိုတာ ကျနော်မှ မသိခဲ့တာ ။ အခု သိရတော့မှ မိန်းမလုပ်သူရဲ့ ဂရုစိုက်မှုကို စိတ်ထဲက ကျေးဇူးတင်မိ လိုက်တယ် ။

စိတ်ထဲမှာ အရမ်းကို ပေါ့ပါးသွားပြီး လုပ်လေဗျာ ၊ ထပ်မှာ အုံးလေ ၊ တော်ကြာ ရေချိန်မကိုက်ဘဲ နေအုံးမယ်ဟု ဒကာခံတဲ့သူ တို့ရဲ့ ထုံးစံ အတိုင်း စိတ်ကြိုက် ထပ်မှာခိုင်းလိုက်တော့ ဝိုင်းက ပိုပြီး ဆိုပြေသွားတယ် ။ ဒီလိုနဲ့ နောက်ဆုံး ပိုက်ဆံရှင်းတဲ့ အခ်ျိန်မှာတော့ တစ်သိန်းကျော် ရှင်းလိုက်ရ ပါတယ် ။

ဒီလိုနဲ့ ကျနော် အိမ်ပြန်ခဲ့လိုက်တယ်ဗျာ ။ အိမ်ရောက်တော့ မိန်းမလုပ်သူကို အိမ်ပေါက်ဝမှာ တန်းပြီးတွေ့လိုက်ရတယ် ။ မိန်းမအနားကို ကျနော် ရောက်တယ် ဆိုရင်ပဲ မိန်းမလုပ်သူက စကား အရင်စပြောတယ် ။ ယောင်္ကျား ဒီနေ့ ပင်ပန်းလာလားတော့ မသိဘူး ။  ဖြစ်နိုင်ရင် မိန်းမကို သပြေကုန်း ညနေဈေးကို လိုက်ပို့ပါလား ။ ဒီနေ့အိမ်မှာ အမေတို့တွေ ရောက်နေတယ် ။ အဲ့ဒါကြောင့် ဟင်းချက်စရာလေးတွေ ထပ်ဝယ်ချင်လို့ဟု ပြောတယ် ။

အော် အမေတို့ ရောက်နေတာလား ။ အင်းပါကွာ သွားတာပေါ့ ဟု ဆိုကာ အိမ်ကို အလည်လာသော အမေတို့ကို ခရီးဦးကြိုစ ကားပြောပြီး မိန်းမနဲ့ အတူ ဈေးကို ထွက်လာခဲ့ လိုက်တယ် ။ ကျနော်က မိန်းမနဲ့ အတူ ဈေးဝယ်ထွက်ခဲတဲ့ သူပါ ။ အထူးသဖြင့် ကုန်စိမ်းတန်းတို့ အသားငါး ဈေးတန်းတို့ဘက်ကို ကျနော် မရောက်ဖြစ်ပါဘူး ။

ဒါပေမယ့် အခုတော့ မိန်းမနဲ့ အတူ ညဈေးတန်းလေးမှာ ဈေးဝယ်ဖို့ သူ့ဘေးကနေ လိုက်လာခဲ့လိုက်တယ် ပထမဦးဆုံး ကျနော့် မိန်းမရဲ့ ဈေးဝယ်တာကို ကျွန်တော် အံ့သြသွားတယ် " ငါးကြင်းရွှေဝါ ဘယ်ဈေးလဲ တထောင်ဈေးပါ သမီး ဈေးသည်က ပြန်ဖြေတဲ့ နောက်မှာတော့ ကျနော့် မိန်းမဟာ ဘာမှမပြောဘဲ အဲ့ဒီ့ဈေးသည်ကို ဖြေးဖြေးချင်း ကျော်သွားပြီး ခပ်လှမ်းလှမ်းက နောက်ထပ် ငါးသည် အနားရောက်တော့ " ငါးကြင်းရွှေဝါဘယ်ဈေးလဲ ' တထောင်ဈေး ရောင်းတယ် သမီး ဒါပေမယ့် ရှစ်ရာဈေးဘဲ ပေးပါ ဒီတခါတော့ မိန်းမလုပ်သူက ငါးတွေကို ကိုင်ကြည့်တယ် ပြီးတော့မှ " ရှစ်ရာဈေး ဆိုရင် သုံးဆယ်သားလောက် ထည့်ပေးပါ ငါးကြေးခွံ ချွတ်ပြီး တုံးပေးနော် အန်တီ ဟု ပြောလေသည် ။

မိန်းမ လုပ်သူရဲ့ အနောက်မှာ ရပ်နေတဲ့ ကျနော် ဟာ အနဲငယ် ပြုံးမိတယ် ။ ပိုက်ဆံနှစ်ရာ သက်သာဖို့ လူရှုပ်နေတဲ့ ညနေဈေးကို ပတ်နေတဲ့ မိန်းမကို အလကား သက်သက် အပင်ပန်းခံတယ်လို့ အတွေးနဲ့ပေါ့  ။ ငါးဝယ်ပြီးတော့ ဟင်းသီး ဟင်းရွှက် ထပ်ဝယ်ပြန်တော့ ပိုတောင် ဆိုးနေပြန်သည် ။

ငွေငါးဆယ် တရာ သက်သာဖို့ အတွက် တဆိုင်ပြီး တစ်ဆိုင် ဈေးစစ်ပြီး ဝယ်သည် ။ ဒီလိုနဲ့ဘဲ သူ့စိတ်ကူးနဲ့ လိုအပ်မယ် ထင်တာလေးတွေကို စိတ်တိုင်းကျ ဈေးစစ်ပြီး ဝယ်လို့ပြီးတဲ့ အခါမှာတော့ ကျနော်တို့ နှစ်ယောက် ဈေးထဲက ပြန်ထွက်မည် အပြု  ကျနော့် မိန်းမဟာ ခပ်လှမ်းလှမ်းမှ ကြေးအိုးဆီချက်ရောင်းတဲ့ ဆိုင်လေးကို လှမ်းငေးနေတာ တွေ့လိုက်ရတယ် ။

ဒါကို သိလိုက်တဲ့ ကျနော်က ဘာဖြစ်လို့လဲ မိန်းမ ကြေးအိုးသောက်ချင်လို့လား မိန်းမ သောက်ချင်ရင် သွားသောက်ရအောင်လေ ဆိုတော့ သောက်မနေတော့ပါဘူး ယောင်္ကျားရယ် အိမ်ပြန်ရောက်ရင် ထမင်းစားတော့မှာဘဲ အပိုတွေ ကုန်ပါတယ် ။ နောက်မှပဲ သောက်တော့မယ် ။ ပြန်ကြရအောင်နော် ။ ဈေးဝယ်လို့လည်း စုံနေပြီပဲ ဟု ဆိုကာ ဈေးထဲမှ လှည့်ထွက်လာခဲ့လိုက်တဲ့ အခါ ကျနော့် စိတ်ထဲ လုံးဝမကောင်းခဲ့ဘူး ။

ဈေးဆွဲခြင်းကို လက်တဖက်နဲ့ ဆွဲထားတဲ့ ကျနော်ဟာ ကျန်လက် တဖက်ကို မိန်းမရဲ့ ပုခုံးလေးကို ဖတ်လိုက်တယ် ။ ပြီးတော့ နှစ်ယောက် အတူ ညဈေးတန်းလေးကို ကျောခိုင်းခဲ့ လိုက် ပါတယ် ။  ကျနော့် အတွေးထဲ မှာတော့ ညနေ အလုပ်က အပြန်မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သောက်စား ဖြုန်းတီးတဲ့ ငွေတသိန်းကျော်နဲ့ အခု ညဈေးတန်းလေးမှာ အပင်ပန်းခံပြီး ဈေးစစ်ဝယ်နေတဲ့ မိန်းမရဲ့ အပြုအမူတွေကို နိုင်းယှဉ်နေ မိတယ် ။

ကျနော်ဟာ တော်တော် အသုံးမကျတဲ့လူ တယောက်လို့လဲ ခံစားရတယ် ။ ငါးဆယ် တရာကိုတောင် အပင်ပန်းခံပြီး စေ့စေ့ စပ်စပ် လုပ်တတ်တဲ့ မိန်းမရဲ့ အလိုက်တသိနဲ့ ဖြည့်ပေးထားသော သိန်းချီတဲ့ ငွေကို အလွယ်တကူ သုံးဖြုန်းပြစ်မိပါလား လို့ပေါ့ ။

ကျနော့်မှာ ဒီလို အဖြစ်တွေက အကြိမ်ပေါင်း မြောက်များစွာ ရှိခဲ့ပြီပဲ ။ ကျနော် ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး အဓိက ပြောချင်တာကတော့ များသောအားဖြင့်ပေါ့လေ ကျနော်တို့ ယောင်္ကျားတွေဟာ ဇနီးမယားကိုတော့ သူတို့ မမြင်နိုင်တဲ့ ပြင်ပက မဟုတ်တဲ့ အကြောင်းတွေကို ပြပြီး သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းတတ်ပြီး အိမ်က ဇနီးမယားရဲ့ ချိုးခြံခြွေတာတဲ့ အကျင့်ကောင်းလေးတွေကို မေ့နေတတ်ကြတယ် ။ ကျနော်တို့ကို ဂရုစိုက်တတ်တဲ့ သူတို့ကို မေ့နေတတ် ကြတယ် ။၏

တကယ်ဆိုရင် ကျနော်တို့ ယောင်္ကျားတွေက အိမ်ထောင်မှု အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ရမယ့်သူတွေ မဟုတ်လား ။ ကျနော် တို့တွေက မှားနေတယ် ဆိုရင် လွန်တာတွေ ရှိနေတယ် ဆိုရင်တော့ ဆင်ခြင်သင့်ပါတယ်ဗျာ ။ ဇနီးမယားကို ချစ်တတ်မယ် ဆိုရင်ပေါ့   ..... ။

Aung Zaw Latt ( မင်းကျန်စစ် )
NayPyiTaw

No comments

Powered by Blogger.