အသဲကွဲနေတယ် ဆိုရင်
ကိုယ့်အချစ်နဲ့ မထိုက်တန်တဲ့သူ တယောက်နဲ့ လွဲတာဟာ ကိုယ်နဲ့ တကယ် ထိုက်တန် သူနဲ့ တွေ့ဖို့ပါ ။ အချစ် ဆိုတာ ဖန်တီး လုပ်ယူလို့ မရဘူး ဆိုတာ ၊ ကိုယ်က သဘောကျမိတဲ့ သူရဲ့ ငြင်းပယ် ခံရခြင်းက နာကျင်စရာ ဆိုတာ အားလုံးက လက်ခံထားကြ ပါတယ် ။
အထူးသဖြင့်တော့ မိန်းမသား တွေအတွက် ကိုယ်စိတ် ဝင်စားတဲ့ ယောကျာ်း တယောက်ရဲ့ လျစ်လျူရှုခြင်းကို ခံရခြင်းက ကိုယ့်ကိုယ်ကို ဝမ်းနည်း အားငယ်စိတ် ဝင်မိ စရာပါပဲ ။
ဒီလောက်နဲ့တင် မကဘဲ ကိုယ့်ကိုယ်ကို ယောက်ျား တယောက်ရဲ့ ချစ်ခွင့်ပန် ခံရ ခြင်းနဲ့ မထိုက်တန်သူ အဖြစ်လည်း ခံစားတတ် ကြပါတယ် ။ တကယ်တမ်းတော့ ဒါဟာ မှန်ကန်တဲ့ အတွေး မဟုတ်ပါဘူး ။ ကိုယ်ချစ်မိတဲ့သူဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ ယောက်ျား တယောက် မဟုတ်သေးတဲ့ အတွက် ကိုယ့်ကို တန်ဖိုးထားပြီး ချစ်ခွင့် မပန်တာ ဖြစ်ပါတယ် ။
အဲ့ဒီ ယောက်ျား ရဲ့ လျစ်လျူရှု ခံရတာနဲ့ ကိုယ့်တဘဝလုံး အမြဲတမ်း လျစ်လျူရှုခံရတော့ မှာလို့ ခံစားလိုက် တာက မဖြစ်သင့် သလို ကိုယ်ပိုင် ဆိုင်ထားတဲ့ အရည်အချင်းတွေ အပေါ် သံသယ ဝင်တာမျိုးလည်း လုံးဝ မဖြစ်သင့်ပါဘူး ။
အချစ်ဆိုတာ ဘဝကြီး မဟုတ်တဲ့ အတွက် ယောက်ျား တယောက်ရဲ့ လျစ်လျူရှု ခံရတာနဲ့ ကိုယ့်ဘဝကို အရှုံးပေးတယ် ဆိုတာ မှားယွင်းတဲ့ အတွေးပဲ ဖြစ်ပါတယ် ။ ဒါကို ကိုယ့်ချို့ယွင်းချက် အဖြစ်နဲ့ လည်း သိမ်ငယ်စရာ မလိုပါဘူး။
ကိုယ့်ကို ချစ်ခြင်း၊ မချစ်ခြင်း ဆိုတာ တဖက်က ယောက်ျားလေးရဲ့ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ခွင့်သာ ဖြစ်ပါတယ် ။ အဲ့ဒီ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ဘဝကြီး တခုလုံးကို ပြောင်းလဲစရာ မလိုပါဘူး။
ကိုယ့်မှာက ကိုယ်ပိုင် တန်ဖိုး၊ ကိုယ်ပိုင် ရပ်တည်မှုဆိုတာ သီးသန့် ရှိပြီးသားပါ ။ ယောက်ျား တယောက်ရဲ့ ချစ်ခြင်းအပေါ်တည်မှီပြီး ဘဝကို ရှင်သန်နေ ရမယ့်သူ မဟုတ်ပါဘူး ။
ဘဝရဲ့လမ်း ဆိုတာ အရှည်ကြီး ဖြစ်တဲ့အတွက် ကိုယ်နဲ့ တကယ် ထိုက်တန်တဲ့ ယောက်ျား တယောက်နဲ့ တွေ့ဆုံလာတဲ့ အခါ ကိုယ်ဟာ အဲ့ဒီ ယောက်ျား တန်ဖိုး အထားရဆုံးသူ တယောက် ဖြစ်လာမှာ သေချာပါတယ် ။
ဒါကြောင့်မိုလို့ ကိုယ့်တန်ဖိုးကို ကိုယ်နှိမ့်ချပြီး ဘယ်သောအခါမှ လျှော့မတွက်မိ ပါစေနဲ့ ။ ကိုယ်နဲ့ တကယ် ထိုက်တန်သူနဲ့ တွေ့တဲ့ အခါ ကိုယ်ဟာ အဲ့ဒီ ယောက်ျား အတွက် ငွေရောင် နာရီလေးတွေ ကြားက အလှပဆုံး ရွှေရောင် နာရီ လေး ဖြစ်လာ လိမ့်မယ် ။
ပတ္တမြားပွင့်တွေ ကြားက အတောက်ပဆုံးသော စိန်လေးတစ်ပွင့် ဖြစ်လာ လိမ့်မယ် ။ ရောင်စုံ ပန်းပွင့်လေးတွေ ကြားက အမွှေးပျံ့ဆုံး တော်ဝင် သဇင်ပန်းလေး ဖြစ်လာလိမ့်မယ် ။
အဲ့ဒီအချိန်မှာ ကိုယ်ကိုယ်တိုင်က ယောက်ျားလေးတိုင်း လိုချင် ကြတဲ့ အရည်အချင်းတွေနဲ့ ထူးထူး ခြားခြား ပြည့်စုံနေတဲ့ မိန်းခလေး တယောက် ဖြစ်မနေခဲ့ ရင်တောင် ၊ အပြစ်အနာအဆာ တချို့ ရှိတဲ့ မိန်းကလေး တယောက် ဖြစ်နေခဲ့ရင်တောင် ကိုယ့်အပေါ် တကယ်ချစ်တဲ့သူက မြတ်မြတ် နိုးနိုးကို ချစ်ခွင့် ပန်ပါလိမ့် မယ် ။
ကိုယ့်ကို တန်ဖိုးထားပြီး လက်တွဲဖို့ ကြိုးစား ပါလိမ့်မယ် ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အလင်းရောင် သေးသေးလေး ကိုပဲ သူ့ ကမ္ဘာကြီးလို့ မှတ်ယူ လိမ့်မယ်။ ကိုယ့်ပျော်ရွှင်မှုဟာ သူ့ပျော်ရွှင်မှုလို့ မှတ်ယူပြီး ကိုယ့်ကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေး လိမ့်မယ် ။
အဲ့ဒီ ယောက်ျား တယောက် အတွက်တော့ ကိုယ်ဟာ ကိုယ်ဖြစ်နေတာနဲ့တင်ပဲ တန်ဖိုးထား မြတ်နိုးထိုက်သူ ဖြစ်နေလိမ့်မယ် ။ အဲ့ဒီအခါ တချိန်တုန်းက ကိုယ်ခံစားခဲ့ရတဲ့ သိမ်ငယ်မှုတွေ ၊ နာကျင်မှုတွေ ဆိုတာ ပြန်လိုက်ရှာ ရင်တောင် တွေ့ရတော့မှာမဟုတ်ပါဘူး။
အခုလိုမျိုး နာကျင် ခံစားပြီး ကိုယ့်ကိုယ်ကို အပြစ်တင် သိမ်ငယ်မိခဲ့တဲ့ အတွက်တောင် ကိုယ့်ကိုယ်ကို ပြန်ရှက်နေမိ မှာပါ ။ ရယ်လည်း ရယ်ချင်မိ မှာပါ ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့ ။
ကိုယ်ဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ ယောက်ျား တယောက်နဲ့ တွေ့တဲ့ အခါ မြတ်မြတ် နိုးနိုး ချစ်ခွင့်ပန်ခြင်းကို ခံရထိုက်တဲ့ ၊ တန်ဖိုးရှိတဲ့ မိန်းမသားလေး တယောက်ဆိုတာ ကိုယ့်စိတ်ထဲမှာ စွဲစွဲ မြဲမြဲ မှတ်ထားလိုက်ပါနော် ။
AungWana
Post a Comment