Header Ads

ရိုးသွားပြီလား


အိမ်ထောင်သက် ၉ နှစ်ကျော် အကြာမှာ မနေ့က အခင်ဆုံး သူငယ်ချင်း တစ်ယောက်က မေးလာပါတယ်။ ကျွန်တော် အမှန်အတိုင်း ဖြေလိုက်ပါတယ်။ ဒါ အမှန်အတိုင်း ဖြေတာပါ...

အိမ်ထောင် တစ်ခုမှာ ချစ်လို့ လက်ထပ်သည်ဖြစ်စေ .. မချစ်ဘဲနဲ့လက်ထပ်သည်ဖြစ်စေ တစ်ယောက်ကို တစ်ယောက် ရိုးအီ လာတာဟာ မလွဲမသွေ ကြုံရမယ့် အခြေအနေ တစ်ခုပါ။

အိမ်ထောင် မကျခင် ချစ်သူရည်းစား ဘဝမှာ လက်ကလေး ထိမိရုံနဲ့ ဓာတ်လိုက် သလိုဖြစ်ပြီး တစ်ညလုံး အိပ်မပျော်တဲ့ ညတွေ ရှိခဲ့ပါလိမ့်မယ်။

အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ သူ့အသားဟာ ကိုယ့်အသား ဖြစ်သွားပါပြီ. သူ့ခန္ဓာကိုယ်ကို ထိရင် ကိုယ့်ခန္ဓာကိုယ်ကို ပြန်ထိ ရသလိုပါပဲ။ ဒီလို အခြေအနေကို ရောက်လာရင် တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ သိပ်အရေးကြီးပါတယ်။

အချစ်နဲ့ လက်ထပ်ခဲ့တဲ့ စုံတွဲတွေအတွက် ဒါဟာ အရေးကြီးကိစ္စ မဟုတ်ပေမယ့် အချစ်မပါတဲ့ အိမ်ထောင်ရေးအတွက် ကတော့ ဒီလို အခြေအနေမှာ အမှားများ တတ်ပါတယ်။

ကျွန်တော်တို့ အိမ်ထောင်ရေးမှာ ဓာတ်လိုက်တဲ့ ခံစားမှုမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက်တော့ ပိုတိုးလို့ ချစ်လာပါတယ်။

သူ့မှာ အပျိုဘဝ တုန်းကလို ခန္ဓာကိုယ်မျိုး မရှိတော့ပါဘူး .. ဒါပေမယ့် အလုပ်က ပင်ပင် ပန်းပန်းဖြစ်နေတဲ့ အချိန် သူ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီး အနားယူရတာကို ဘယ် အကောင်းဆုံး အိပ်ယာနဲ့မှ မလဲနိုင်ပါဘူး။

သူ့မှာ အပျိုဘဝတုန်းကလို မွှေးကြိုင်တဲ့ရေမွှေးနံ့ မရှိတော့ပါဘူး.. ကျွန်တော်စားဖို့ ချက်ပြုတ်ထားတဲ့ အတွက် ဟင်းစော်နံနေတဲ့ ခန္ဓာကိုယ်ကို ကျွန်တော်မြတ်နိုးစွာ နမ်းရှိုက်နေဆဲပါ။

အရိုင်းဆန်ခဲ့တဲ့ အပြာရောင် .. အချစ်ညတွေ နေရာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သမီးလေးတွေရဲ့ မျက်နှာကို အတူကြည့်ရင်း အဖြူရောင် မေတ္တာ ညတွေ ဖြစ်ခဲ့ပါပြီ။

တစ်ယောက်ကို တစ်ယောက် အချစ်တွေနဲ့ ဖန်တီးထားတဲ့ ကမ္ဘာမှာ ကျွန်တော်ရယ် သူရယ် သမီးလေး နှစ်ယောက်ရယ် ပျော်ရွှင်နေပါပြီ... ရိုးသွားလို့ ဆိုတဲ့ အကြောင်းပြချက် လေးနဲ့တော့ ကျွန်တော်တို့ အသိုက်အမြုံလေးကို အထိခိုက်မခံနိုင်ပါဘူး .....။

Credit - Sai Pan Sang Hlaing

No comments

Powered by Blogger.