လူတစ်ဦး မဖြစ်မနေ ပြုမူနေထိုင်သင့်တဲ့အချက်( 5) ချက်
1) စာဖတ်ပါ
အောင်မြင်နေသူတိုင်းက စာဖတ်ကြသလို အောင်မြင်ဖို့ ကြိုးစားနေသူတိုင်း အတွက်လည်း စာပေက အလင်းရောင်ပါ။ စာပေသည် လူသားတိုင်းအတွက် အသိဥာဏ်တံခါး ပေါက်ဖြစ်သလို အမှားအယွင်း အနည်းဆုံးဖြစ်အောင် ထိန်းကျောင်းပေးသော သစ္စာအရှိဆုံး အဖော်မွန်ကောင်းပါ။
စာပေသည် အတွေးအခေါ်တို့ရဲ့ မီးရှုးတန်ဆောင် ဖြစ်သလို စိတ်ပျက်အားငယ် နေသူတွေအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံး အားဆေး တစ်လက်ပါ။ ရိုင်းစိုင်းနေသူကို ယဉ်ကျေး လာစေသလို လမ်းမှားနေသူတွေကို လမ်းမှန်ရောက်အောင် မရိုက်နက်ဘဲ ညင်သာစွာ ဆုံးမပေးတဲ့ ဆရာက စာပေပါ။ စာပေသည် စိတ်ဓာတ်ကောင်းများကို မွေးမြူ ပေးသလို ကောင်းနေတဲ့ စိတ်ဓာတ်တွေကိုလည်း ပိုကောင်းလာအောင် နည်းလမ်းမှန်မှန် လမ်းပြပေးနိုင်တယ်။
2) အတတ်ပညာ တစ်ခုခုကို တတ်ကျွမ်းအောင်သင် ကြားပါ
အတတ်ပညာ ဆိုတာ အတန်းပညာ တစ်ခုတည်း မဟုတ်ပါ။ အသိပညာ ၊ လူမှုဆက်ဆံရေးပညာ ၊ အကောင်းအဆိုးကို ဝေဖန် ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်း ပညာ တစ်ခုခုကို မဖြစ်မနေ သင်ကြားတတ်မြောက် ထားသင့်တယ်။
3) အလုပ် တစ်ခုခုမှာ ဝင်ရောက် လုပ်ကိုင်ပါ
အရွယ်ရောက်ပြီး ဖြစ်တဲ့ ယောက်ျားဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ချမ်းသာသာ ဆင်းရဲရဲ အလုပ်တစ်ခုတော့ လုပ်သင့်ပါတယ် အလုပ်ရှိမှ လူရာဝင်တတ်သလို လူလေးစား ယုံကြည်ခံရမှာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုသလိုပဲ အလုပ်လုပ်နေမှ ဂုဏ်တက်မှာပါ။
အလုပ်တစ်ခု လုပ်ဆောင်ရာမှာ အကျိုးအမြတ်က ပထမ မဟုတ်ဘဲ အတွေ့အကြုံနှင့် အောင်မြင်မှုတွေ ရရှိအောင် အရင်ကြိုးစားပါ။ အောင်မြင်မှုတွေ ရလာရင် အကျိုးအမြတ်က ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။
4) မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များကို သိတတ်ပါ
ကိုယ့်ကို လူ့လောကကို ခြေချခွင့် ပေးခဲ့တဲ့ မိဘကျေးဇူးကို သိတတ်ခြင်းက ကံဆိုးမှုများကို ပြေပျောက်စေပြီး ကိုယ့်ကံကြမ္မာ သေတ္တာကြီးကို ဖွင့်ပေးနိုင်တဲ့ Master key က မိဘနှစ်ပါးပါ။ မိဘကျေးဇူးသိတတ်ြပီး ကျေးဇူးဆပ်နေတဲ့ သားသမီးတိုင်း ဘယ်တော့မှ မဆင်းရဲတတ်သလို ဒုက္ခရောက်နေခဲ့ရင်တောင် ကယ်ဆယ်မည့်သူ အလိုလို ရောက်လာတတ်တယ်။
မိဘမျက်ရည် မကျအောင် ထားတဲ့ သားသမီး ပူလောင်မှုတွေက ရုန်းထွက်နိုင်သလို ကိုယ် မိဘအလှည့်ရောက်လာရင်လည်း သားသမီးကောင်းတွေ ပိုင်ဆိုင်ရမှာ သေချာသလောက်ပါပဲ။ လူရယ်လို့ဖြစ်လာရင် တစ်လုတ်စားဖူး သူကျေးဇူးဆိုသလို ကိုယ့်အပေါ် ကျေးဇူးရှိသူများ ရှိနေပါလိမ့်မယ် ကျေးဇူးရှင်များကို ကျေးဇူး မဆပ်နိုင်သေးရင်တောင်မှ ကျေးဇူးမကန်းခြင်းက လူပီသသူတွေရဲ့ လုပ်ရပ်ပါ။
ကျေးဇူးရှင်များအပေါ် ကျေးဇူးသိတတ်ခြင်းက ကိုယ့်အပေါ် ကျေးဇူးကန်းမည့်သူများ မရှိအောင် ကာကွယ်ပေးတတ်သလို ကိုယ်ထားခဲ့တဲ့ စေတနာတွေ အလကား မဖြစ်အောင် တူသောအကျိုးပေး တတ်တာကလည်း နိယာမပါ။
5) ဘုရား တရားကို အမြဲ ဦးထိပ်ပန်ဆင်ပါ
လူ့ဘဝဆိုတာ ကျွန်တော်တို့ လူသားတွေ အားလုံး ခေတ္တခဏ နားခိုတဲ့ ဘုံတစ်ခုပါ။ သံသရာ စက်ဝန်းထဲမှာ ကျင်လည်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ကို လမ်းပြပေးမယ့် စစ်မှန်သော ၊ အတုမရှိသော ဆရာတစ်ဆူတော့ လိုအပ်ပါတယ်။ အဲ့ဒီ ဆရာက ကျွန်တော်တို့ ကိုးကွယ် ယုံကြည်သော အတုမရှိ ပုဂ္ဂိုလ် "ဘုရား" ပါ။
ဘုရားရှင် ကိုယ်တိုင် ဟောကြားခဲ့တဲ့ တရားတော်များကို ဆည်းပူးလေ့လာ ကျင့်သုံးလိုက်နာရင်း လူဖြစ်ရတာတန်အောင် ကြိုးစားရမှာက ကျွန်တော်တို့ ကိုယ်တိုင်ပါ။ အယူဝါဒ ဘယ်လိုကွဲကွဲ မေတ္တာတရားကို အခြေခံပြီး ဟောကြားထားတဲ့ အမှန်တရားများကို ကျင့်သုံးလိုက်နာ ဆောက်တည်ရင်း နောက်ဘဝများ ရှိခဲ့သော် ယခု အခြေအနေထက် များစွာမြင့်မားသော ဘဝတစ်ခုမှာ ရှင်သန် ရပ်တည်နိုင်အောင် ပြင်ဆင်ထားရမှာက ကျွန်တော်တို့ တာဝန်ပါ။
တိရစ္ဆာန်မှာလည်း တိရစ္ဆာန် တာဝန်ရှိသလို လူမှာလည်း လူ့တာဝန် ဝတ္တရားဆိုတာ ရှိနေပါတယ်။ အိပ်စားကာမ လုပ်ရုံနဲ့ လူပီသဖို့ မဖြစ်နိုင်သေးသလို လူ့လောကအတွက် လူသားကောင်းကျိုးအတွက် ၊ ကိုယ့်အတွက် ၊ သံသရာအတွက် အကောင်းဆုံး ပြင်ဆင်နေထိုင်ပြီး ထမ်းဆောင်ပါမှ လူဖြစ်ရတာ တန်လာပါလိမ့်မယ်။
လေးစားစွာဖြင့် 😊
ဇင်းနစ် မကွေး
Post a Comment