ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (17.6.2018 မှ 23.6.2018 ထိ)
တနင်္ဂနွေသားသမီး အတွက်
စိတ်ဖိစီးမှု များနေသဖြင့် ပူပန်မှုနှင့် ယှဉ်၍ လုပ်ဆောင်နေရမည်။ ငွေအထွက် များမည်။ မတည့်သောသူများနှင့် ပြန်အဆင်ပြေ လာသလို မိတ်ဆွေကောင်းများ တိုးပွားလာမည်။ ပညာရေးတွင် စာပိုလိုက်နိုင်လာလိမ့်မည်၊ သို့သော် မျှော်မှန်းလိုချင်သည်က ပိုမြင့်နေလိမ့်မည်။ နိုင်ငံရပ်ခြား ကိစ္စများ မကောင်းသေးပါ။ စားသောက်ကုန်လုပ်ငန်းများ ကောင်းလိမ့်မည်။
နတ်များနှင့် ပတ်သက်လျှင်သတိထားပါ၊ နတ်ဆိုးများ ဖြစ်နေတတ်သည်။ အိမ်ထောင်ရေးကံ အသင့်အတင့် ကောင်းနေပါသည်။ သားသမီး ရုတ်တရက် နာမကျန်းဖြစ်တတ်ပါသည်။ အချစ်ရေး ကိစ္စများတွင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေရင်း ပျော်ရွှင်ရပါမည်။
ယတြာ။ ။ စေတီတွင် ဖယောင်းမီး ထွန်းညှိပူဇော်ပါ။ အရေးကြီးကိစ္စရှိလျှင် ဗယာကြော်ပါ တင်လှူပူဇော်ပါ။ (ဗယာကြော်ကို မထားခဲ့ရ ပြန်စွန့်ပါ)
တနလာင်္သားသမီး အတွက်
ဖိအားများကြားမှ ပျော်ရွှင်အောင်မြင်မည်။ ခရီးကောင်းများ ပေါ်လာပါက ပို၍ကံပွင့်လန်းလာပါလိမ့်မည်။ အလုပ်အကိုင် အစီးအပွား ကိစ္စများ အခွင့်အရေးကောင်းလာမည်။ မိတ်ဆွေများ၌ ပြဿနာပေါ်နေသဖြင့် ကူညီဂရုစိုက် ပေးနေရမည်။ ကျန်းမာရေးအရ အရေပြားယားယံ နီမြန်းတတ်ပါသည်။ သရဲ နတ် စသော ပရလောကသားများကို လှောင်ပြောင် စနောက်ခြင်း မပြုပါနှင့်။
အိမ်ထောင်ရေးတွင် ဇနီးဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရမည်၊ ဇနီးသည် ဘာသာရေး ကိစ္စများ လုပ်လျှင် အားပေးကူညီပါ။ ခင်ပွန်းဖြစ်သူ နှင့် ပြဿနာကြုံရတတ်သော်လဲ ခင်ပွန်းဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရမည်။ အချစ်ရေးတွင် စိတ်တက်ကြွနေပေလိမ့်မည်။ သားသမီးများ ချူချာတတ်ပါသည်။ ဂရုစိုက်ပါ။
ယတြာ။ ။ ရေအလှူခံပုံးများ သို့မဟုတ် ရေဘေး အလှူခံပုံးများ အတွင်း အလှူငွေထည့်ပါ။ အရေးကြီးကိစ္စရှိလျှင် မိမိအသက်ကို ၈-ဖြင့်စား၍ ၆-ကြွင်း သူများမှအပ သစ္စာပန်း တင်လှူပါ။ ၆-ကြွင်းလျှင် ကံ့ကော်ညွှန့်လှူပါ။
အင်္ဂါသားသမီး အတွက်
ရုတ်တရက် မမျှော်လင့်ဘဲ ကံကောင်းလာတတ်သလို မမျှော်လင့်ဘဲ သူတပါးကြောင့် အမှား လုပ်မိလိမ့်မည်။ အချစ်ရေး စန်းပွင့်လာမည်။ အလုပ်အကိုင်၌ ရန်သဘော တွေ့ရမည်။ စီးပွားရေးတွင် အသင့်အတင့် ကောင်းမွန်နေပါလိမ့်မည်။ ပညာရေးတွင်တော့ စိတ်သောက ရှိမည်။
လောကီ ဂမ္ဘီရဆန်သော ကိစ္စများ၌ အကျိုးပေးမည်။ ဌာနဆိုင်ရာ အစိုးရ ကိစ္စနှင့် ပတ်သက်သူများ အဆင်ပြေမည်။ အိမ်ထောင်ရေး မတည်မငြိမ်ရှိသော်လဲ မဆိုးပါ။ သားသမီးများကြောင့် စိတ်ညစ်ရတတ်သည်။
ယတြာ။ ။ ခရေပန်း စေတီတွင်ကပ်ပါ။ အရေးကြီးကိစ္စ ရှိသော် ရဟန်းသံဃာကို ထန်းသီး/ ထန်းလျက် လှူဒါန်းပါ။
ဗုဒ္ဓဟူးသားသမီး အတွက်
ယခု အပတ်တွင် စိတ်ရှည်စွာ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုကို ရယူပါ။ အလုပ်အကိုင်၌ စိန်ခေါ်မှု အခဲအခဲများ ရင်ဆိုင်ရသော်လဲ တိုးတက်အဆင်ပြေ လိမ့်မည်။ ကောင်းသော အပြောင်းအလဲများ ကြုံတွေ့မည်။ မိတ်ဆွေများ၏ အကူအညီကိုလဲ ရရှိမည်။
မိမိကို စောင့်ရှောက်သော အစောင့်အရှောက် ပုဂ္ဂိုလ်များနှင့် မိမိလုပ်ရပ် သဘောထား ကွဲလွဲတတ်သည်။ အိမ်ထောင်ဖက်၏ ကိုယ်သို့မဟုတ် စိတ် ကျန်းမာရေး ညံ့တတ်သည်၊ ဂရုပြု စိတ်ရှည်ပေးပါ။ အချစ်ရေး ကိစ္စများ အဆင်ပြေနေပါလိမ့်မည်။ သားသမီးက စကား နားမထောင် ဖြစ်နေလိမ့်မည်။
ယတြာ။ ။ သီလရှင် / ရဟန်းသံဃာကို ဝတ္ထုငွေ လှဒါန်းပါ။ အရေးကြီး ကိစ္စရှိလျှင် ကြာသပတေးထောင့်တွင် စံပယ်ပန်း တင်လှူပါ။
ရာဟုသားသမီး အတွက်
ကံအကောင်း ထဲသို့ ရောက်လာလိမ့်မည်။ စီးပွားလာဘ် လာဘများ ဖြစ်ပေါ်လိမ့်မည်။ အချစ်ရေးတွင်တော့ မရိုးသားသူများ ချဉ်းကပ်လာလိမ့်မည်။ အစိုးရ အာဏာပိုင်များနှင့် ဆက်စပ်လုပ်ငန်း ကိစ္စများတွင် အရေးပေးခံရမည်။ သတိပြုရန်မှာ စကားပြောမှား၍ ရန်ပေါ်တတ်ပါသည်။ ပညာရေးတွင် စိတ်ဖိစီးရစေကာမူ ကြိုးစားသမျှ အရာထင် ခရီးပေါက်နေပေလိမ့်မည်။
ကျန်းမာရေးတွင်တော့ အနဲငယ် အားပျော့နေသည်၊ အမျိုးသမီးဖြစ်လျှင် အစားအသောက် အနေအထိုင် ပိုဆင်ခြင်ရပါမည်။ အိမ်ထောင်ရေးတွင် ပြောရဆိုရ စိတ်တိုင်းမကျ ဖြစ်နေလိမ့်မည်။ ဇနီးသည်၏ ကျန်းမာရေးကို ဂရုပြုပါ။ သားသမီးများ ၏ အကျိုးကျေးဇူးကို ခံစားရမည်။
ယတြာ။ ။ နေထိုင်မကောင်းသူများ ဆင်းရဲသားများကို သစ်သီး ပေးလှူပါ။ အရေးကြီးကိစ္စရှိလျှင် လျှပ်စစ်မီး အလှူပြုပါလေ။
ကြာသပတေးသားသမီး အတွက်
ဘာသာရေး ကျင့်ဝတ်များ ပို၍ ကျင့်ကြံဖြစ်လာမည်။ တိုးတက် မြင့်မြတ် ကံပွင့်လန်းလာပေမည်။ လုပ်ငန်း အစီးအပွား ကိစ္စများ၌ တိုးတက်အောင်မြင်မည်။ သီလထိန်း၍ စရဏကျင့်လျှင် သြဇာအာဏာ ရှိသော နတ်ကောင်းနတ်မြတ်များ ကူညီ စောင့်ရှောက်မည်။ မိတ်ဆွေအချို့ နှင့် အကောင်းသဘောဖြင့် ဝေးကွာရတတ်သည်။
သွေး နှင့်ပတ်သက်သော ကျန်းမာရေး သတိထားပါ။ အိမ်ထောင်ရေးတွင် ခင်ပွန်းဖြစ်သူ ချူချာတတ်သည်၊ ဇနီးဖြစ်သူ၏ ကိုယ် စိတ် ကျန်းမာရေး ရုတ်တရက် အားနည်းသွားတတ်သည်၊ အိမ်ထောင်ဖက်ကို ဂရုစိုက်ရမည့် ကာလဖြစ်သည်။ အချစ်ရေးတွင် အခဲအခဲများကြားမှ စိတ်ချမ်းသာ ရပါမည်။
ယတြာ။ ။ နေထိုင်မကောင်းသူများ ကို ဆေးဝါး ပစ္စည်း လှူဒါန်းပါ။ အရေးကြီးကိစ္စ ရှိလျှင် ရေဘေး အလှူခံ သို့မဟုတ် ရေအလှူခံများသို့ လှူဒါန်းပါ။
သောကြာသားသမီး အတွက်
အပြောင်းအလဲ တခုခုပေါ်ခြင်း နှင့် ရန်သဘောဆောင်ခြင်း ကြုံတွေ့ရမည်၊ ကောင်းသော ကိစ္စဖြစ်ဖို့များသည်။ မိမိ အိမ်၌ လူမမာရှိလျှင် သတိထားပါ။ ပညာရေးတွင် မကြိုးစားမိခြင်းမှ လွဲ၍ ကောင်းနေလိမ့်မည်။ အစောင့်အရှောက် ပုဂ္ဂိုလ်များက မိမိကို ကူညီပေးနိုင်မှု အားနည်း နေလိမ့်မည်။
ငွေကြေး ဆုံးရှုံးနစ်နာခြင်း၊ ငွေမပေါ်သေးခြင်း ဖြစ်နေဦးမည်။ အချစ်ရေးတွင် စိတ်ခဏခဏ ညစ်နေရတတ်သည်။ အိမ်ထောင်ရေး သင့်ပါသည်။ သားသမီးတို့ အကျိုးကျေးဇူးကို ခံစားရမည်။
ယတြာ။ ။ ရာဟုထောင့်တွင် ရွက်လှညွှန့် လှူဒါန်းပါ။ အရေးကြီးကိစ္စရှိလျှင် ပဋ္ဌာန်း ပူဇော်ပြီး သီလရှင်ကို အုန်းသီး ပေါင်မုန့် လှူဒါန်းပါ။
စနေသားသမီး အတွက်
လုပ်ငန်းဆောင်တာများကို တကြိမ်တည်းနှင့် မပြီးဘဲ နှစ်ကြိမ်သုံးကြိမ် ကြိုးစားဆောင်ရွက် နေရမည်။ စိတ်ရှည်ပါ။ ကံအကောင်းထဲတွင် ရပ်တည်နေလိမ့်မည်။ စီးပွားရေးတွင် လုပ်ငန်းချဲ့ထွင်မှုကြောင့် ငွေမြုပ်ခြင်း ဖြစ်တတ်သည်။ သူတပါးက မိမိကို မတရားစွပ်စွဲ ပြောဆိုခြင်း ခံရတတ်ပါသည်။ အသိပညာ အတတ်ပညာများ လေ့လာသော် အခွင့်အခါ အလွန်သင့်လျော်ပါသည်။
မိခင် ကျန်းမာရေး ညံ့တတ်သည်။ အိမ်၌ လူမမာရှိသော် များစွာ ဂရုပြုပါ။ အိမ်ထောင်ရေးကံ အားနည်းနေသည်၊ ဇနီးနှင့် အဆင်မပြေ ဖြစ်မည်။ ရုတ်တရက် ဇနီးကျန်းမာရေးလည်း ညံ့တတ်ပါသည်။ အချစ်ရေးတွင် ပြဿနာသေးသေးမှ ပြဿနာကြီးကြီးသို့ ပြောင်းလဲသွားတတ်သဖြင့် များစွာ ဂရုစိုက် ရပါလိမ့်မည်။
ယတြာ။ ။ သိမ်ကုဋီများသို့ သန့်ရှင်းရေး ပစ္စည်းများ လှူဒါန်းပါ။ အရေးကြီးကိစ္စရှိလျှင် သီလရှင် / ရဟန်းသံဃာအား ပိန္နဲသီး လှူဒါန်းလိုက်ပါ။
ဉာဏ်စွမ်း ဝီရိယစွမ်း တို့ဖြင့် အစစအရာရာ အဆင်ပြေ တိုးတက်ကြပါစေ
ဆရာ ကျော်ဆန်းလွင်
Post a Comment