ဘာလို့ချစ်တာလဲ ဆိုတဲ့မေးခွန်းကို ဖြေပါရစေ..
ဘာလို့ချစ်တာလဲ ဆိုပြီး မင်းအမြဲ မေးတတ်တဲ့ မေးခွန်းကို ကိုယ်မဖြေတိုင်း မင်းစိတ်ကောက်တတ်တယ်။
ကိုယ် ဖြေပါ့မယ်...
တကယ်တော့ မင်းကို ချစ်တယ် ဆိုတာ လှလွန်းလို့ မဟုတ်ဘူး။ ဒီလို ပြောတော့ မင်း စိတ်မကောင်း ဖြစ်ဦးမယ်။ ခဏလေး နားထောင်... မင်းကို ဘာလို့ချစ်လဲ ဆိုတော့ မင်းက အမြဲ ပြုံးနေတတ်တယ်လေ။
မင်းမရင်းနှီးတဲ့ လူတစ်ယောက်ကိုတောင် အပြုံးနဲ့ တုံ့ပြန်တတ်တယ်။ မင်းမျက်နှာမှာ မာန်မာနကို မမြင်ရဘူး။ အမြဲကြည်လင်ပြီး ဖြူစင်တဲ့ မျက်နှာလေးနဲ့ မလို့ ချစ်တာ။
ပြီးတော့ ဘာပြဿနာတွေ ကြုံကြုံ တော်ရုံနဲ့ စိတ်ဓာတ် မကျတတ်တာ မင်းလေ။ ပြဿနာ တစ်ခုကို ဘယ်လို ဖြေရှင်းရမယ် ဆိုတဲ့ အရည်အချင်းမျိုး မင်းမှာ ရှိတယ်။ အဲ့လို ထက်မြက်တာတွေကြောင့် ချစ်တာ သူများအပေါ် စာနာတတ်ပြီး ကိုယ်ချင်းစာ တွေးပေးတတ်တဲ့ မင်းရဲ့ စိတ်ထားလေးကိုလည်း ကိုယ်အရမ်း မြတ်နိုးပြီး ချစ်မိတာ။
တစ်ခုခု ဆိုရင်လည်း အရမ်း သနားတတ်ပြီး နူးညံ့လွန်းတဲ့ မင်းရဲ့ နှလုံးသားလေးကြောင့် ကိုယ်မင်းကို ချစ်တာ။ မင်းမှာ စူးစမ်းလိုစိတ်လည်း ရှိတယ်။ လောကကြီး အကြောင်း သိချင်တာမျိုးပေါ့။ စွန့်စားရတဲ့ အလုပ်မျိုးဆို တက်ကြွနေတတ်တယ်လေ။ အဲ့လို ရဲဝံ့တဲ့ မိန်းကလေး ဖြစ်တာကြောင့် ချစ်တာပါ။
တခါတလေတော့ မင်းက ဂျစ်ကန်ကန်နဲ့ လူတိုင်းကို ဘုကန့်လန့် တိုက်ပြီး လူဆိုးမ အထာ လုပ်တတ်သေးတယ်။ အဲ့လို မထင်ရင် မထင်သလို အရူးထတတ်တဲ့ မင်းရဲ့ အကျင့်ဆိုး လေးတွေကြောင့် ချစ်မိတာ။
တခါတလေ ကျပြန်တော့ မင်းမှ ဟုတ်ရဲ့လား လို့ ပြန်တွေးရလောက်အောင် ပေါတောတော လုပ်တတ်တာတွေကြောင့်လည်း ကိုယ့်မှာ ချစ်ရတာပဲ။
ဒီလို မင်းရဲ့ တန်ဖိုးတွေကို နားလည် လာတာကြောင့် ကိုယ်မင်းကို ချစ်မိသွားတာပါ... မင်းက ထူးခြားတဲ့ မိန်းကလေးပါ။ ကိုယ့်အတွက် မင်းက ထူးခြားတဲ့ မိန်းကလေးပါ။ တကယ်တော့ မင်းကို ချစ်တယ် ဆိုတာ မင်း ဖြစ်နေလို့ကို ချစ်တာပါ။
အဲ့လို လွယ်လွယ်ပြောလို့ ရပေမယ့် မင်းမကျေနပ်မှာ စိုးလို့ အခုလို တစ်ခုချင်း စိတ်ရှည်လက်ရှည် ပြောပြနေတာပါ.. ကျေနပ်တော့ မိန်းကလေး...
-----------------
မူရင်း - ညီစေမင်း
Post a Comment