ချုပ်ချယ်လွန်းတဲ့ မိသားစုမှာ မွေးဖွားလာသူတွေရဲ့ လက္ခဏာ (5) ခု
ပြောရရင် တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ခါတလေမှာ မိဘတွေက သားသမီးတွေကို စိတ်ပူလို့၊ ကောင်းစေချင်လို့၊ လမ်းမှားကို မရောက်စေချင်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လိုတာထက် ပိုပြီး ချုပ်ချယ်ထား တတ်ကြပါတယ်။
လူသားဆိုတာ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို သူ့အရွယ်နဲ့သူ ထိုက်သင့်သလောက် ပေးရတာဖြစ်လို့ ချုပ်ချယ်တိုင်းလည်း အဆင်မပြေပါဘူး။ ချုပ်ချယ် တတ်လွန်းတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့ သူတွေမှာ ဒီလို လက္ခဏာတွေကို တွေ့ရှိရပါတယ်။
1) မိမိကိုယ်ကို ယုံကြည်မှု မရှိဘူး
ချုပ်ချယ်ခံရတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးကြတယ်။ လူရှေ့သူရှေ့ ရောက်တဲ့အခါ မပြောရဲ မဆိုရဲ၊ မနေတတ် မထိုင်တတ်နဲ့ ကိုယ့်ကိုယ်ကို အားငယ်သလို၊ မျက်နှာငယ်သလို၊ ခံစားကြရပါတယ်။ အဖော်မပါပဲ တစ်ယောက်တည်းလည်း ဘယ်မှ မသွားရဲ မလာရဲတဲ့ သူတွေ ဖြစ်သွားကြပါတယ်။
2) အားငယ်တယ်
ဒီလိုလူတွေဟာ အားငယ်တတ်တဲ့ သူတွေပါ။ သူတစ်ပါး ရောက်ဖူးတဲ့ နေရာတွေလည်း မရောက်ဖူး၊ သူတစ်ပါး ပြောနေတဲ့ အကြောင်းအရာတွေ၊ ပြင်ပလောကက အရာတွေလည်း တစ်ခုမှ နားမလည်နဲ့ သူများပြောသမျှ ကိုပဲ ပါးစပ်လေး အဟောင်းသားနဲ့ နားထောင်ရင်း ကြီးပြင်းလာ ကြသူတွေပါ။
သူတစ်ပါးထက်လည်း ဗဟုသုတ အတွေ့အကြုံ နည်းပါးတာကြောင့် အများနဲ့ မဆိုင်တဲ့သူ တစ်ယောက်လို ခံစားရပြီး အားငယ်တတ် ကြပါတယ်။
3) ပေါင်းသင်း ဆက်ဆံရေး မကောင်းဘူး
ချုပ်ချယ်ခံရတဲ့ သူတွေဟာ ပုံစံခွက်ထဲမှာပဲ ကြီးပြင်းလာရတဲ့အလျောက် ပေါင်းသင်းဆက်ဆံရေး မကောင်းကြပါဘူး။ မိတ်ဆွေသစ်တွေနဲ့ ဘယ်လို ခင်မင်စွာ နေရမလဲ၊ တည့်အောင် ဘယ်လိုပေါင်းရမလဲ ဆိုတာ မသိကြပါဘူး။
မိသားစုရဲ့ ဟိုလူနဲ့မပေါင်းရ၊ ဒီလူနဲ့ မပေါင်းရဆိုတဲ့ အမိန့်တွေအောက်မှာ ကြီးပြင်းလာသူ ဖြစ်တာကြောင့် သူငယ်ချင်းလည်း များများစားစား မရှိပါဘူး။
4) ပျက်စီး တတ်တယ်
ချုပ်ချယ်ခံရတဲ့သူတွေဟာ တစ်ချိန်မှာ ပုန်ကန်မယ်ဆိုတဲ့ စိတ်ရှိကြပါတယ်။ လွတ်လပ်ခွင့်ရသွားတဲ့အခါမှာ တစ်ချိန်က ချုပ်ချယ်ခံရသမျှနဲ့ အတိုးချပြီး လွတ်ထွက်သွားတတ်တာကြောင့် ပျက်စီးဖို့အရမ်းလွယ်ပါတယ်။ သူတို့ဟာ အထိန်းချုပ်အမြဲတမ်းခံခဲ့ရတာဖြစ်လို့ သူတို့ကိုသူတို့မထိန်းချုပ် တတ်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။
5) ဆုံးဖြတ်ချက် မချတတ်တော့ဘူး
ချုပ်ချယ်ခံရတဲ့ သူတွေရဲ့ အနစ်နာဆုံး အချက်ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်တော့တာ ပါပဲ။ တစ်ခါတလေ သူတို့ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာဝါသနာပါလဲ၊ ဘယ်အရာတွေက သူ့ကို ပျော်ရွှင်စေလဲ ဆိုတာကိုတောင် မသိနိုင်တော့ လောက်အောင်ပါပဲ။
သူတို့ရဲ့ ဘဝဟာ အဓိပ္ပါယ် မရှိသလို၊ ဘာအတွက်နဲ့ ချုပ်ခြယ်ခံရတာလဲ ဆိုတာတောင် ကောင်းကောင်း မသိပါဘူး။ နောက်ပြီး ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် မဆုံးဖြတ်တတ်တော့ ပါဘူး။
credit emem
Post a Comment