Header Ads

ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရတဲ့ Myanmar Idol


Season 2 မှာ မြန်မာ တစ်နိုင်ငံလုံးကို လှုပ်ခါသွားနိုင်အောင် အောင်မြင်မှုတွေရခဲ့ပြီး Season 3 ကို လည်ပင်းရှည်အောင် မျှော်ခဲ့ကြရတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အသံစစ်ဆေးမှု၊ ပထမပိုင်း ထုတ်လွှင့်မှုအပြီးမှာတော့ ဒိုင်အချို့ရဲ့ ပြိုင်ပွဲဝင်တွေကို တုံ့ပြန်ဆက်ဆံခဲ့မှုတွေ အပေါ် ဝေဖန်မှုတွေ ဆူညံသွားခဲ့ပါတယ်။



ပြီးခဲ့တဲ့ သောကြာနေ့ည ၉ နာရီ MNTV က ထုတ်လွှင့်ပြသခဲ့တဲ့ မန္တလေးမြို့ အသံစစ်ဆေးမှု အပိုင်းမှာ အားနည်းတဲ့ပြိုင်ပွဲဝင် အချို့ကို ဒိုင်လူကြီးတွေက ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်၊ အရှက်ခွဲခဲ့တယ် လို့ Myanmar Idol ရဲ့ တရားဝင် ဖေ့စ်ဘွခ် စာမျက်နှာထက်မှာ ဆူညံခဲ့တာပဲဖြစ်ပါတယ်။



ပရိသတ်တွေ ပထမဦးဆုံး ဝေဖန်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်ကတော့ မျက်မမြင် တစ်ဦးဖြစ်တဲ့ “ကိုဇင်မင်းထက်” ဖြစ်ပါတယ်၊ မျက်မမြင် တစ်ဦးဖြစ်ပေမယ့် ဂစ်တာကို ကိုယ်တိုင် တီးပြီး အမှားအယွင်းမရှိ လက်ခံနိုင်လောက်တဲ့ အသံနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဒိုင်နှစ်ဦး (ရန်အောင်၊ တင်ဇာမော်) “Yes” ၊ ဒိုင်နှစ်ဦး (မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်) “No” တို့နဲ့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။



ဒိုင်လူကြီး နှစ်ဦးဖြစ်တဲ့ မျိုးကျော့မြိုင်နဲ့ မြန်မာပြည်သိန်းတန် တို့ရဲ့ မှတ်ချက်တွေအရ Myanmar Idol ရဲ့ ခရီးစဉ်ရှည်ကြီးမှာ ပါဖောင်းမန့်စ် လုပ်ရတာမျိုးတွေနဲ့ အခြား တင်ဆက်မှုတွေပါ ရှိနေတာကြောင့် ပယ်ခဲ့ရတယ်ဆိုတဲ့ သဘောမျိုး ပြောသွားခဲ့ပါတယ်။



ဒီလို လုပ်လိုက်တာဟာ ခွဲခြား ဆက်ဆံခံလိုက်ရသလို ဖြစ်ခဲ့ပြီး နဂိုထဲက ပြိုင်ပွဲရဲ့ စည်းကမ်းထဲမှာ ကြိုတင်ကန့်သတ်ထားဖို့ သင့်ကြောင်း ဝေဖန်ခဲ့တာကို အောက်ပါအတိုင်း တွေ့ရပါတယ်။ မျက်မမြင် တစ်ဦးဖြစ်တဲ့ ကိုဇင်မင်းထက်ရဲ့ သီဆိုမှုကို ကြည့်ပြီး ရွေးသင့် မရွေးသင့်ဆိုတာ ပရိသတ်ကြီး ကိုယ်တိုင်လည်း ​ဝေဖန်ပေးကြပါဦး။ ဒုတိယ ဝေဖန်ခံခဲ့ရတာကတော့ မြစ်သားမြို့က ပြိုင်ပွဲဝင် “ချင့်ကေကို” ပဲ ဖြစ်ပါတယ်။



ဒီနေရာမှာတော့ ဒိုင်တွေကိုသာမကပဲ ဒိုင်တွေဆီကို မပို့ပေးခင် ပမာဏ အသံစစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ သူတွေကိုပါ အပြစ်တင် ခဲ့ကြတာဖြစ်ပါတယ်။ တီဗီပေါ်မှာ ကြည့်ရှုရတဲ့ ပရိသတ်တွေအနေနဲ့ တသောသော ပွဲကျစရာ ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲဝင် အတွက်တော့ အရှက်ရစရာ ဖြစ်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။



ဒိုင်လူကြီး မြန်မာပြည်သိန်းတန်ရဲ့  ပြိုင်ပွဲဝင်အပေါ် တုံ့ပြန် ဆက်ဆံခဲ့မှုကိုလည်း အောက်ပါအတိုင်း ဝေဖန်ခဲ့ကြပါတယ်။




ရန်အောင်နဲ့ မျိုးကျော့မြိုင်တို့က Myanmar Idol Season 3 မှာ ဒိုင်အဖြစ် ဆောင်ရွက်တာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး သူတို့နှစ်ဦးလုံးက မြန်မာပြည်သိန်းတန် ရဲ့ သြဇာအရှိန် လွှမ်းမိုးခံနေရတယ် (သို့) ကျွတ်နေကြတယ်ဆိုတာ သူတို့တွေရဲ့ စကားဝိုင်းမှာ အရိပ်အမြွတ် တွေ့မြင်ခဲ့ရပါတယ်။



Myanmar Idol ဟာ အငြင်းပွားမှုတွေ၊ သဘောထား ကွဲလွဲမှုတွေ ဘယ်လောက်ပဲရှိရှိ နောက်ဆုံးမှာတော့ အောင်မြင်တဲ့ အစီစဉ်တစ်ခုအဖြစ် အဆုံးသတ် ကောင်းသွားမြဲဖြစ်တာကြောင့် နောက်လာမယ့် အပိုင်းများကိုလည်း စောင့်ကြည့်အားပေးနေကြမှာ အမှန်ပဲဖြစ်ပါတယ်။

No comments

Powered by Blogger.