ချစ်သူကို ဘယ်လောက်ချစ်ချစ် ထုတ်မပြသင့်တဲ့ အရာ (၅) ခု
ချစ်သူ ရည်းစား ဘဝမှာ တစ်နေ့ထက် တစ်နေ့ သံယောဇဉ်တွေ တိုးပြီး နှစ်ကိုယ့် တစ်စိတ် ဖြစ်လာကြတာ ထုံးစံပါ။ ဒီလို သံယောဇဉ်တွေ ခိုင်မြဲလာတာနဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းလာကြတယ်။ လျှို့ဝှက်ချက်တွေ မရှိတော့ လောက်အောင်ကို ရင်းနှီး လာကြတယ်။ ဒါပေမယ့် မိန်းကလေးတို့ရေ တစ်ချို့ ကိစ္စတွေက ပွင့်လင်းတိုင်းလည်း မကောင်းတာကြောင့် လျှို့ဝှက်သင့်တဲ့ အရာလေးတွေကို ပြောပြမယ်နော်။
၁) ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တွေ
လေချဉ်တက်တာတို့၊ လေလည်တာတို့ လူတိုင်း ဖြစ်ဖူးကြမှာပါ။ ဒါဟာ ကျန်းမာရေး ရှုထောင့်က ကြည့်မှကောင်းတာပါ။ ချစ်သူရှေ့မှာ ဒါတွေကို အကျယ်ကြီး မလုပ်သင့်ပါဘူးနော်။ ရာသီလာတဲ့ ကိစ္စကအစ၊ ဟိုး အိမ်သာတက်တဲ့ အဆုံး ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ်တွေကို ထုတ်မပြပါနဲ့။ လူတိုင်းက ရွံတတ်ပါတယ်။ ဒါဟာ သင့်ကို ချစ်တာ မချစ်တာနဲ့ မဆိုင်ပါဘူး။ သင့်ဘက်က ပေးသင့်တဲ့ လေးစားမှုပါ။
၂) သင့်သူငယ်ချင်း ရင်ဖွင့်ထားတဲ့ အကြောင်းအရာတွေ
သင့် သူငယ်ချင်းက သင့်ကို ယုံကြည်လို့ ပြောပြထားတဲ့ အတွင်းရေး ကိစ္စတွေကို သင့်ချစ်သူဆီမှာ လုံးဝပြန်မပြောပါနဲ့။ ချစ်သူက ချစ်သူ၊ သူငယ်ချင်းက သူငယ်ချင်း သက်သက်ပါ။ သင်ပြောတဲ့ အတင်းအဖျင်းတွေကို သင့်ချစ်သူက လုံးဝ စိတ်မဝင်စားပါဘူး။ ဒါကြောင့်သူ့ကို သွားပြောနေလည်း ဘာမှအကျိုးမရှိပါဘူး။ ဒါကြောင့် သင့်သူငယ်ချင်းအပေါ်ကို သစ္စာရှိပါ။
၃) Password
ဒါအရမ်း အရေးကြီးပါတယ်။ သင့်ချစ်သူကို ဘယ်လောက် ချစ်ချစ် ဘယ်လောက်ပဲ ယုံကြည်ယုံကြည် သင့်ရဲ့ password ကို လုံးဝ မပေးပါနဲ့။ Bank account, facebook account, အစရှိတဲ့ ဘယ်လို password ကိုမှ မပေးပါနဲ့။ လူ့စိတ်ဆိုတာ အချိန်နဲ့အမျှ ပြောင်းနေတတ်တာကြောင့် တစ်ချိန်မှာ နောင်တ ရစရာတွေ၊ နစ်နာစရာ မဖြစ်လာအောင် လို့ပါ။
၎) သူ့အမေကို မနှစ်သက်တဲ့အကြောင်း
တော်တော်များများ မိန်းကလေးတွေက ယောက္ခမ လောင်းတွေနဲ့ အဆင်မပြေ တာလေးတွေ ရှိတတ်ပါတယ်။ သင် တစ်ယောက်တည်း ကြုံနေရတာ မဟုတ်သလို၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ သဘာဝပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သင့်ချစ်သူကို သွားမပြောသင့်ပါဘူး။ အဲလို လုပ်ရင် အမေနဲ့ ချစ်သူကြားမှာ စိတ်ရှုပ်လာမှာ ဖြစ်ပြီး သူ့ကို စိတ်ကျဉ်းကျပ် စေပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ ကိစ္စမှ မဟုတ်ရင် အသေးအမွှားတွေကအစ သူ့အမေ မကောင်းကြောင်း တွေကို မပြောမိဖို့ လေ့ကျင့်ထားပါ။
၅) အတိတ် အကြောင်း အသေးစိတ်
အတိတ်ကို ခြုံပြောရင် တော်ပါပြီ။ အသေးစိတ် ပြောနေစရာ မလိုပါဘူး။ သင့် အတိတ် အကြောင်းနဲ့ ပတ်သက်ပြီး အပ်ကျတာကအစ ပြောမနေ သင့်ပါဘူး။ အထူးသဖြင့် ရည်းစားဟောင်း ကိစ္စပါ။ ပွင့်လင်းပြီး ဘာကိုမှ လျှို့ဝှက်မထားတာ ကောင်းပေမယ့် စကားဆိုတာ ကျွံသွားပြီးရင် ဘယ်လိုမှ ပြန်ပြင်လို့ မရတော့တာကြောင့် မပြောခင် ဖြစ်လာနိုင်တဲ့ ပြသနာတွေကို သေချာ စဉ်းစားလိုက်ပါဦး။
credit Em Em(Auntymay)





Post a Comment