မုဒြာခေါ်သံဆိုတာ ဂျင်းမပါတဲ့ ဟင်းလိုပဲ
မုဒြာခေါ်သံကို ပထမနေ့ကတည်းက ကြည့်ပြီး ကိုယ်တွေမှာ အားမရ ဖြစ်နေတာလေ၊
ဥပမာ အားဖြင့် ပုဂံကို ပြတာ သိပ်ပါးလွန်းတယ်။ တကယ်ဆို ငါတို့အားလုံးရဲ့ ပုဂံ၊ တစ်ခုတည်းသော တို့နိုင်ငံ ဘာညာ သီချင်းတွေ အကုန်ပစ်ထည့် ၊ကြက်သီးတွေ ထလောက်အောင် ပုဂံမှာ နန်းဝတ်နန်းစား တွေနဲ့ အိပ်မက်မက်၊ မြန်မာပြည် ရှုခင်းတွေ မြင်တဲ့အချိန် ငိုချင်သလိုလို ရယ်ချင်သလိုလို မျက်နှာပေးနဲ့ အပြည့်အဝ အံ့တွေသြ၊ အဲလို ဖြစ်ရမှာကို အားမရတာ ဆိုတာလေ။
နောက်ထပ် ရှိသေးတယ်။ မင်းသားက ဓါတ်ပုံထဲက သူတွေ ကိုယ့်မိသားစု အရင်း မဟုတ်မှန်း သိသွားတဲ့ အချိန်ဟာ ခံစားသွားရမှာ ဆိုတာလေ၊ ရမ်တွေ ဝိုင်တွေ တစ်ခွက်တစ်ခွက်ပြီးသောက်၊ ပုလင်းတွေက အခန်းထဲမှာပြန့်ကျဲ၊ မင်းသမီး လာခေါ်တဲ့အချိန် ပါးသိုင်းမွှေးတွေ မုတ်ဆိတ်တွေ အပြည့်နဲ့ ရင်ခွင်ထဲ ခေါင်းထည့်ငို၊ မျက်လုံးရွဲကြီးနဲ့ကြည့်။ ဒါမျိုး ဖြစ်နေရမှာ။ ပရိတ်သတ်ကို ချွေရမှာ၊ ဘယ့်နှယ့် ခုတော့။ လိုသေးတယ်။ လိုသေးတယ်။
အဲဒါနဲ့ ဆက်ပြီး အဖေနဲ့ တွေ့တဲ့အခန်းပေါ့။ မျက်လုံးနဲ့ပဲ စကားတွေ ပြောနေကြတာ။ ပြောပါတော့လား။ သားကို ဘယ်လိုတွေ သတိရနေကြောင်း၊ မင်းသားက အာလုပ်သံကြီးကြီး နဲ့အဖေလို့ခေါ်။ အဖေကလည်း ကြေကွဲတုန်ခါသံ အပြည့်နဲ့ သားဟားဟားဟား လို့ခေါ် ပြေးဖက်။ ဟာ ပရိတ်သတ်တွေ မျက်ရည်ကျမယ်ဆိုတာ တစ်ရှူးတောင် လောက်မှာ မဟုတ်ဘူး။
ခွဲတဲ့ အချိန်လည်း၊၊ သားက အဖေကို နိုင်ငံခြား ခေါ်သွားချင်ကြောင်း၊ ဘွဲ့ယူချိန် အဖေရှိစေချင်ကြောင်း၊ အဖေက ကိုယ့်မြေကိုယ့်ရွာ ဘယ်လိုချစ်လို့ ကျန်ခဲ့ရကြောင်း၊ ဒီမှာပဲ ခေါင်းချချင်တာဖြစ်ကြောင်း၊ အဖေ့ကြောင့် ပညာတတ်ငါ့သား မျက်နှာ မငယ်စေချင်ကြောင်း ဘာညာသာရကာ အများကြီးကို ပြောပါတော့လား။ အခုတော့ အကြည့်တွေနဲ့ပဲ ကိုယ်တွေမှာ မျက်ရည်စို့ရတယ်။ ကိုယ်တွေက တစ်ရှူးမလောက်အောင် ငိုချင်တာပါဆို။
I can’t လို့ပြောတဲ့အချိန် အားမရဆုံးပဲ။ တကယ်ဆို ပါးတွေချ၊ မြန်မာအမျိုးသမီး မိကောင်းဖခင် မိန်းကလေးဆိုတာ ဘယ်လို၊ ဒီလို၊ အဲလိုတွေပြောပြီး မျက်နှာကို လက်ဝါးနဲ့အုပ်၊ မျက်ရည်တွေ တွေတွေကျ၊ ရှက်လွန်လွန်းလို့ ချာ ခနဲလှည့်ထွက်၊ ပြေး၊ မင်းသားကလိုက်၊ အဲသလို မရည်ရွယ်ကြောင်း ဒူးထောက်ရှင်းပြ၊ မင်းသမီးက ကျွန်မတို့ မိန်းမတွေဆိုတာ ဘာညာထပ်ပြော ရှင်းပြ။ အားရပါးရ ပြလို့ရတာတွေကိုလေ၊ I can't တစ်လုံးထဲနဲ့။ ဟူးးးးး။ ဒီမောင်နှံ လေ့လာရဦးမယ်။
နောက်ဆုံးဇာတ်သိမ်းဆို တစ်ကားလုံးက သရုပ်ဆောင်တွေလာပြီး ဝေး ဟေး ဟေး ဆိုပြီး ဇာတ်ပေါင်းရမှာ၊ ပြီးသာ သွားတယ် ကိုယ်တွေက ငေးပြီး ကျန်ခဲ့ရတုန်း။ တခုခုလိုနေတုန်း။ ။
တကယ်ဆို မုဒြာ ခေါ်သံဆိုတာ ဂျင်းမပါတဲ့ ဟင်းလိုပဲ။ ဂျင်းမထည့်တော့ ကိုယ်တွေခမျာ ကြည့်ရတာ အားကိုမရဘူး။ ။ 😂
ရေးထားတာလေးကြိုက်လို့ပါ..
Credit to original writer

Post a Comment