မိန်းကလေးတွေအတွက် ကောင်းမွန်တဲ့အကျင့် (၉) ခု
ဘယ်လောက်ပဲ ချောလှတဲ့ မိန်းကလေးဖြစ်ဖြစ် အိုတတ်ပါတယ်။ ရုပ်ရည် အိုမင်းပေမယ့် ရည်မွန် ကျက်သရေ ရှိခြင်းနဲ့ အသိဉာဏ် ပညာရှိခြင်းက နေ့ရက်အလိုက် တိုးလာနိုင်ပါတယ်။ ဒါကမှ မိန်းကလေးတွေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာဖြစ်တယ်။ ဒီလိုဆိုရင် ဘာအကျင့်လေးတွေ လိုအပ်မလဲ... အားလုံးသိပြီးသားတွေဖြစ်ပါတယ်။
ကျန်းမာတဲ့ အစားအစာ မနက်စာကို ကောင်းကောင်းစားမယ်။
ကောင်းကောင်း စားမယ် ဆိုတာက ကျန်းမာတဲ့ အစားအစာကို ဆိုလိုပါတယ်။ နေ့လယ်စာကို ဝဝစားမယ်။ ညစာကို နည်းနည်းစားမယ်။ အသီးအရွက်ကို ပိုစားပြီး အအေး၊ အအေးစာနဲ့ အချိုရည်တွေကို လျော့သောက်မယ်။ ရေ များများသောက်မယ်။
******
အသားအရေ ထိန်းသိမ်းမယ်
ညနက်နက်နေခြင်းက မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာကို ရှောင်ပြီး စောစောအိပ် စောစောထသင့်ပါတယ်။ မျက်နှာပေါင်းတင်တာတွေ လုပ်ပေးသင့်ပြီး အပြင်ထွက်ရင် sunscreen လိမ်းသင့်ပါတယ်။
ခန္ဓာကိုယ်ကို ထိန်းမယ်
ခန္ဓာကိုယ်ထိန်းတဲ့အကျင့် လုပ်ရပါမယ်။ သိပ်မဝပါစေနဲ့။ မကြာမကြာ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ ပြေးတာ၊ ရေကူးတာတွေ လုပ်နိုင်ပါတယ်။ ခန္ဓာကိုယ် ဝိတ်ထိန်းသလို ကြွက်သားတွေရဲ့ သန်မာမှုကိုလည်း ထိန်းရပါမယ်။
စာအုပ်တွေဖတ်မယ်
စကားတစ်ခွန်းက ဒီလိုဆိုပါတယ်... ဒီကနေ့သင်ရဲ့ ပြုမူပြောဆို ကျင့်ကြံပုံမှာ သင်လျှောက်ခဲ့ ဖူးတဲ့လမ်း၊ သင်ဖတ်ခဲ့ဖူးတဲ့ စာအုပ်၊ သင် ချစ်ခဲ့ဖူးတဲ့လူ ပါတယ်တဲ့။ သင်ဖတ်ခဲ့ဖူးတဲ့ စာအုပ်က သင့်ရဲ့အတွေးအမြင်ကို ထိုးထွင်း သိမြင်စေနိုင်တယ်။ သင့်ရဲ့ အပြောအဆိုကို သွယ်ဝိုက် အကျိုးသက်ရောက်စေတယ်။ ရည်မွန်ကျက်သရေ ရှိစေတယ်။
******
ခရီးတွေ ထွက်မယ်
ခရီးသွားခြင်းက သင့်ကို ပိုကျယ်ပြန့်တဲ့ အပြင်လောကကြီးကို တွေ့မြင်စေတယ်။ ကိုယ့်မျက်စိ၊ ကိုယ့်အသိကို တိုးစေတယ်။ ခမ်းနားထည်ဝါတဲ့ တောတောင်ရေမြေ သဘာဝရှုခင်းတွေက ကိုယ့်စိတ်နှလုံးကို တည်ငြိမ်စေတယ်။ ကျယ်ပြန့်စေတယ်။
ထမင်းဟင်းချက်မယ်
အသီးအနှံ့တွေကို အရသာရှိရှိ ချက်ပြုတ်တာ၊ မီးဖိုချောင်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ထားတာဟာလည်း အနုပညာ တစ်မျိုးပါပဲ။ ဂုဏ်သရေရှိ ပွဲကြီးပွဲကောင်းတွေလည်း တက်နိုင်သလို မီးဖိုချောင်လည်း ဝင်နိုင်ရတယ်။ မိန်းကလေးတွေက အစားအသောက်တွေရဲ့ အနံ့အရသာ၊ အရောင်အဆင်း၊ ခင်းကျင်းပြင်ဆင် ပုံတွေကိုလည်း နားလည်သင့်ပါတယ်။ ကိုယ်စားချင်တဲ့ အချိန် ဘယ်သူ့မှ အားမကိုးဘဲ ကိုယ်တိုင်ပြုလုပ် ပြင်ဆင်နိုင်ပါတယ်။
အဝတ်အစား ဝတ်ဆင်တတ်ရမယ်
ဘယ်သူ့ကမှတော့ သင့်အပြင်ပန်း ဝတ်စားတာကို ကြည့်ပြီး သင့်အတွင်းစိတ် ရဲ့လှပကောင်းမွန်မှုကို ရှာဖွေမှာ မဟုတ်ပါဘူး။ ရည်မွန် ကျက်သရေရှိတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ဖို့တော့ သူ့နေရာနဲ့သူ ဝတ်စားဆင်ယင် တတ်ရပါတယ်။ နာမည်ကြီး တံဆိပ်ရယ်မှ မဟုတ်ပါဘူး.. ဈေးကြီးတာ ဝတ်တာထက် အဝတ်မှန်ဖို့ ပိုလိုအပ်ပါတယ်။
****
ကိုယ်ပိုင် ဝင်ငွေ ရှိရမယ်
ကိုယ်တိုင် အလုပ်အကိုင်၊ ကိုယ်ပိုင် ဝင်ငွေ ရှိခြင်းက ကိုယ့်အား ကိုယ်ကိုး တတ်ဖို့ လက်တွေ့ လုပ်ဆောင်ခြင်း ပါပဲ။ ဘယ်သူ့ကိုမှ မမှီခိုဘဲ အဆင့်အတန်း မြင့်တဲ့ ဘဝကို နေထိုင်နိုင်တယ်။ ကိုယ်စားချင်တာ၊ ကိုယ်ဝယ်ချင်တာ တွေကို ရဲရဲဝံ့ဝံ့ ဝယ်ယူနိုင်တယ်။
နူးညံ့ တည်ငြိမ်မယ်
ပြသနာ ကိစ္စရပ်နဲ့ ကြုံတဲ့အခါ ပျာယာ မခတ်ဘူး၊ အထိတ်အလန့် မဖြစ်ဘူး၊ မရှောင်လွှဲဘူး။ ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို နည်းလမ်း ရှာတယ်။ တခြားလူကို လေးစားဖို့ နားလည်တယ်။ အဲဒီလို မိန်းကလေးက နွေဦးရဲ့ လေလိုပဲ ကြည့်သူကို ကြည်လင် လန်းဆန်း စေတယ်။ ဒါတွေက မိန်းကလေးတွေ အတွက် အကျင့်ကောင်းတွေ ဖြစ်တယ်။
wechat မှာ ဖတ်မိတာလေး ဘာသာပြန် မျှဝေပါတယ်။
Credit to နိုင်းနိုင်းစနေ
Post a Comment