Header Ads

ဂျပုမလေးကို ယူမိတဲ့အတွက် နောင်တမရခဲ့ပါ


ပန်းခြံထဲ မှာ  ကလေးလေး သဖွယ် ဆော့နေတဲ့  သူ့ကို ကြည့်ပြီး ကျွန်တော်  အူယားလာသည်။

''ခေးလေး . . . ''

'' ရှင့်  ကိုကို ''

လိမ္မာ ချက်ကတော့လေ ။ တစ်နေ့ထက် တစ်နေ့  ကျွန်တော့်မှာ သူ့ကို ချစ်မဝ ဘူးရယ် ။

'' ကိုကို့  ဆီ  ခဏ  ''

ချက်ချင်းပါပဲ ။ ကျွန်တော့် ဆီ ပြေးလာသည်။ ကျွန်တော် ဆွေ့ကနဲ ဖက်ထားလိုက်သည်။

အရပ်က  ၅ ပေ ၁၁ ထိ ရှိနေသော ကျွန်တော့်  ထံ တွင် သူက ရင်ခွင်မှာ မှီ နေသလို ဖြစ်နေပါသည်။

ကျွန်တော် ပြုံး မိတယ်။ ကျွန်တော့်  ချစ်သူလေးက  ဂျပုမလေးပဲ ။

ဒါပေမဲ့  ကျွန်တော်  သူ့ကို  ဘယ်တော့မှ ဂျပုမလေး လို့ မခေါ်ရက်   ခေးလေး လို့သာ ခေါ်သည်။

ကျွန်တော် ပေးထားသော  နာမည်နဲ့  သူ့ နာမည် နဲ့  လိုက်တာ  သေချာပါသည်။

ကျွန်တော်  သူ့ ကို စချင်လာသည်။

'' ခေးလေး . . . ခေးလေး အရပ်က ဘယ် လောက်လဲ ဟင်  . . . ''

'' ကိုကိုနော် ''

ကျွန်တော့်ကို  မျက်စောင်းထိုးသည်။ ကျွန်တော် သိပါသည်။ သူမ အရပ်က  ၄ပေ ၁၁ နဲ့ ၅ ပေ ကြားလေး။

'' ဟ ဟ . . .စနေတာ ''

'' မသိဘူး သွား . . .''

သူ စိတ်ဆိုးသွားသည်။ နှုတ်ခမ်းလေး စူပြီး  ခေါင်းကို တစ်ခြားဖက် ကို လှည့်သွားသည်။

မျက်နှာလေး  ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့  ဆွဲ လိမ်ချင်စရာ ။

ကျွန်တော် မနေနိုင်တော့ ။ အသည်းတွေ ရော  ကျောက်ကပ်တွေရော အူတွေ ပါ  ယားလာသည်။

သူ့ကို ဖက်ထည့်လိုက်ပြီး နဖူးလေးကို ငုံ့ နမ်း လိုက်သည်။

ကျွန်တော် ကတော့ ပြောမနေနဲ့ သူ့ ကို အူယားတိုင်း ရင်ခွင်ထဲ သွင်းပြီး ဖက်ထားနေကျ ။

''လာ. . . ကိုကို က ချစ်လို့ စနေတာ ကုန်းပိုး မလို့ခေါ် လိုက်တာ''

''ဟင် . .တစ်ကယ် ''

''အင်း ဆို . . . ''

'' ဟေး . . . ပျော်ပီ ကွ ''


ကလေးလေး တစ်ယောက်လိုပဲ သူပျော်နေတာ။

တစ်ကယ်ဆို သူ ရော ကျွန်တော်ပါ အသက် ပြည့်ပြီးသား ။

ဒါပေမဲ့ ကျွန်တော်တို့ အတွဲကို မြင်ကြ တွေ့ကြ သူတိုင်းက ဆယ်ကျော်သက်လို့ပဲ ထင်နေကြလိမ့်မယ်။

အဓိက ကတော့ သူ့ကြောင့် ။

ပုတဲ့ သူတော်တော်များများက ရုပ် နု ကြတယ်လေ ။

အဲ့တော့ သူနဲ့ ချစ်သူ ဖြစ်နေတဲ့ ကျွန်တော်ပါ auto နုသွားတာ ။

'' ယားစ် ''

 ကျွန်တော် သူ့ကို ကုန်းပိုးလိုက်ပါသည်။ သူ့ ခန္ဓာ ကိုယ်က  ပုသေးသေး လေး ဖြစ်နေတော့  ကျွန်တော့် အတွက် မလေး။

သူ့ကိုယ် ကုန်းပိုးပြိီး လူနည်းနည်း ရှင်းတဲ့ ပန်းခြံ လမ်းတွေကို ဖြတ် လျှောက်သည်။

သူက  ကျွန်တော့ ပုခုံးလေး ထက်မှာ  မှီထား ရှာသည်။


________________

[၂]

'' ဟယ် . . .သမီးလေး က  သိပ်ချစ်ဖို့ ကောင်းတာပဲ  ''

ဒီနေ့ သူ့ ကို မေမေတို့ နဲ့ ပေးတွေ့ပေး လိုက်တယ်လေ ။ ဒါလေးက သားချစ်သူ ဆိုပြီးတော့။

ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ။

မေမေ တို့ သူ့ ကို သိပ်ချစ်နေကြပြီ ။

ဒီနေ့  သူက မြန်မာ ဆန်ဆန်  ရင်ဖုံးအကျီ င်္နဲ့ ထမီ လေး ဝတ်ထားသည်။

မြန်မာ မိန်းကလေး တစ်ယောက်ရဲ့ အရပ် ရှိနေသော သူ သည် ခန္ဓာကိုယ် အလှက အချိုး ကျကျ  ပေါ် လွင် လှပ နေသည်။

ပြောရရင်  ရင့်ကျက်နေတဲ့ အလှမျိုး ။

သူ ဝတ် တတ်တဲ့ free style  အဝတ်အစားတွေနဲ့ ကျတော့  သူက  ချစ်စဖွယ် လှပ နေတတ်တာမျိုး ။

ဖိနပ် ထူထူလေးနဲ့  အမြဲ  လှနေတတ်တဲ့ သူ့  ခြေထောက်သည် ဘယ်တော့မှ ဖုန်တင်လေ့  မရှိပါ။

မိုးရွာ နေချိန်တောင်  ဗွက်မပေ ။ ဖိနပ်က အထူကိုး ။

သူက ကုသိုလ်ကံ  အဲ့လိုအကောင်း။


_________________

[၃]

သူနဲ့ ကျွန်တော်  လက်ထပ်ခဲ့သည်။ သမီးလေး တစ်ယောက်မွေး ခဲ့သည်။

သမီးလေး အရွယ်ရောက်တော့လည်း ညီမတွေလားလို့  တစ်စိမ်းတွေ မေးငေါ့ ရလောက်အောင် ခေးလေး လို့ ကျွန်တော် ခေါ်တဲ့ သူက လှနေတတ်သည်။

သူ့  BFF  တွေ သာ  အိုနာကျ ပြီး ရုပ်ရင့် သွားတယ် ။ ဒါပေမဲ့  ခေးလေး  သူရုပ် မရင်ခဲ့ ။ အမြဲ နုပျို နေခဲ့သည်။

ပု မှ နု တယ်ဆိုတဲ့  စကားကို ကျွန်တော် လက်ခံ သွားသည်။


_________________

(၄)

သူနဲ့ ကျွန်တော် အသက်ကြီးလာခဲ့သည်။

သူ ကတော့ အခုထိ  နုပျို လှပနေတုံး ။ သန်သန်မာမာနဲ့  သွားလာ လှုပ်ရှား နိုင်သေးတုန်း ။

'' အဘွားကြီး  . . . ငါ နင့်ကို  စိတ်မချတော့ ဘူးဟာ ''

ကျွန်တော် သူ့ကို  စ လိုက် ခြင်းဖြစ်သည်။ သူ ရယ်သည်။ ကျွန်တော့် မျက်နှာကို  ရေပတ်သုတ်ပေးရင်း

'' အဘိုးကြီး  ပေါက်တက် ကရ တွေ ပြောမနေနဲ့  ကျုပ်က  တော် တစ်ယောက်ထဲ ပဲ ရှိတာ ''

ကျွန်တော့် ရင်ထဲ ပီတိ လေး ဖြာသွားသည်။

ကျွန်တော်  နောင်တ  မရခဲ့ပါ ။ ဂျပု မလေး ကို  ယူမိတဲ့  အတွက်  နောင်တ မရခဲ့ပါ။

credit ခဲတံ

No comments

Powered by Blogger.