Header Ads

❤️ နွေးထွေးခြင်းသည် ချစ်သူတို့၏သံ​ယောဇဉ်​ကို ခိုင်မြဲစေသည်


=========
အိမ်ထောင်ရေးနှင့် အချစ်ရေးတွင် ချမ်းသာသုခ ပြည့်စုံရေးသည် နွေးထွေးကြင်နာပြီး နားလည်​မှုကြောင့် ဖြစ်ပါတယ်။

ဇနီးသည်၏ အပြုံးတစ်ချက်သည် ခင်ပွန်းသည်၏ သောကပေါင်း တစ်ထောင်ကို ပြေပျောက်စေနိုင်သလို ခင်ပွန်းသည်၏ နွေးထွေး ကြင်နာမှုသည် ဇနီးသည်၏ စိတ်အားငယ်မှုတွေကို လွင့်ပါးစေပါတယ်။

အချစ်ရေးတွင် ချစ်သူ မိန်းကလေး၏ ချိုသာသော အသံသည် ယောက်ျားလေး၏ သစ္စာတရားကို ခိုင်မာစေသကဲ့သို့ ချစ်သူ ကောင်လေး၏ ဂရုစိုက် ကြင်နာမှု များသည် မိန်းကလေးအတွက် ဘဝသစ် တည်ဆောက်ရန် "ယုံကြည်မှု" ကို မြင့်မားစေပါတယ်။

ပါးစပ်က ချစ်ပါတယ် ချစ်ပါတယ် ပြောနေခြင်းထက် ကိုယ့်ချစ်သူကို ယုံကြည်မှုထားပီး လက်တွေ့ နွေးထွေးကြင်နာခြင်းက အချစ်ရေးနှင့် အိမ်ထောင်ရေးတွင် သုခဘုံ တစ်ခုကို ပိုင်ဆိုင်စေပါတယ်။

အလုပ်က ပြန်လာသော လင်ယောက်ျားကို ခရီးဦးကြို လှိုက်လှိုက်လှဲလှဲ ပြုံးပြခြင်းက လင်ယောက်ျား၏ ဘဝအမောတွေကို ပြေပျောက်စေသကဲ့သို့ အိမ်ထောင်ရှင်မ၏ ကြိုက်နှစ်သက်ရာလေးတွေကို မှတ်မှတ်ရရဝယ်ပေးခြင်းက အိမ်ရှင်မ၏ "ချွေး" ကို သုတ်ပေးလိုက်ခြင်းပါပဲ။

တစ်ချို့သော အိမ်ထောင်ရေးနှင့် အချစ်ရေးများတွင် သက်တမ်းကြာလေ နွေးထွေးမှု ခိုင်မာပြီး နားလည်မှု မြင့်မားကာ သံ​ယောဇဉ်​ကြိုး ခိုင်မာရမည့်အစား သက်တမ်းကြာလေ လူချင်းနီးပေမယ့် ရင်ခုန်သံချင်း ဝေးကွာလာပီး နွေးထွေးမှုများ ကွဲအက်လာကာ သံ​ယောဇဉ်​ကြိုးလည်း ပြတ်လုနီးပါး ဖြစ်လာခဲ့ပါတယ်။

လောကဓံကို ကျော်ဖြတ်နေတာချင်း အတူတူ ၊ ဘဝလက်တွဲဖော်ကို အချိန်တစ်ခုတော့ ပေးသင့်ပါတယ်။ အိမ်ထောင်ကျပီ ဆိုတာနဲ့ မိသားစု စားဝတ်နေရေးအတွက် လင်နဲ့မယား မျှော်လင့်ချက်များစွာဖြင့် ရုန်းကန်ကြရင်း စားဝတ်နေရေး အဆင်ပြေသော်လည်း နှလုံးသား အစာအာဟာရ ငတ်မွတ် လာတတ်ကြပါတယ်။

နှလုံးသား အစာအာဟာရ ငတ်မွတ်လာမှု ကြာလွန်လာသောအခါ နှလုံသား ရင်ခုန်သံတွေ ဝေးကွာလာပီး "ဖောက်ပြန်ခြင်း" ဆိုသော ဂြိုလ်ဆိုးတစ်ခု ဝင်ရောက်လာကာ အပြစ်မဲ့တဲ့ သားသမီးများ မြေစာပင် ဖြစ်လာခဲ့ပါတယ်။


အိမ်ထောင်ရေးတွင် ငွေကြေးနောက်ကို လိုက်ကြရင်းနဲ့ ခက်ခက်ခဲခဲ တည်ဆောက်ထားသော ဘဝတစ်ခု၏ အဓိက လိုအပ်ချက်ဖြစ်သော ငွေဖြင့် ပေးဝယ်လို့ မရသော နွေးထွေးကြင်နာမှုနှင့် ရင်ခုန်သံတို့ ပျောက်ဆုံးလာခဲ့ပါတယ်။

ငွေကြေးသည် အိမ်ထောင်ရေးအတွက် အရေးကြီးသော်လည်း သာယာပျော်ရွှင်မှူသည် အိမ်ထောင်ရေး၏ နှလုံးသား ဖြစ်နေပါတယ်။ ငွေကြေးနှင့် သာယာပျော်ရွှင်မှု ကြားကို အပေးအယူ မျှတအောင် အလိုက်သင့် နေတတ်မှ ဘဝတွေသည်လည်း ချမ်သာ သုခ ပြည့်စုံလာမှာဖြစ်ပါတယ်။

ဘဝ လက်တွဲဖော် ဆိုတာက ချစ်နေရုံနဲ့ မပြီးသေးဘဲ အိမ်ထောင်ဦးစီးကလည်း ကိုယ့်တာဝန် ကိုယ်ကျေသင့်သလို အိမ်ရှင်မကလည်း ပဲ့ကိုင်ပေးနိုင်မှ ဖြောင့်မှန်သောဘဝ ၊ ပျော်ရွှင်သာယာသော အချစ်အိမ်လေးကို ရရှိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

No comments

Powered by Blogger.