Header Ads

အချစ်ရဲ့တန်ဖိုးကို ဆုံးရှုံးပီးမှ နားလည်လိုက်တဲ့ ခပ်ညံ့ညံ့လူတစ်ယောက်


သူ့ဆီက "မချစ်ဘူး" ဆိုတဲ့ စကားကို မကြားခဲ့ရ ပေမယ့် သူ ကျတော့်ကို မချစ်တော့ပါလား ဆိုတဲ့ အသိက ပိုခံစားရတယ်။ ဒီလိုပဲ သူနဲ့ကျတော် ဖြည်းဖြည်းချင်း စိမ်းသွားခဲ့တယ်။ သူ ကျတော့်ကို မချစ်ဘူးလို့ တစ်ခွန်းမှ မပြောခဲ့ပေမယ့် မချစ်တော့တာကို ပြခဲ့တယ် ဥပေက္ခာတွေနဲ့ပေါ့။

ဒီလိုတွေ မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလမှာ ကျတော်က သူ့ကို ချစ်ပေမယ့် အရမ်းဆိုးတဲ့ ချစ်သူအဖြစ်နဲ့ သူနဲ့ကျတော် လက်တွဲခဲ့ကြတယ်။ ကျတော် သူ့ကို သိပ်ချစ်သလို သူကလည်း ကျတော့်ကို တော်တော်လေး ချစ်ပါတယ်။ ကျတော်က ဆိုးတယ် အနိုင်ယူတယ်။ စိတ်ဆတ်တဲ့သူပီပီ အခန့်မသင့်ရင် သူ့ကို အော်မိငေါက်မိတတ်တယ်။ အမြဲတမ်းနီပါး သူ့ကို ပစ်ထားပြီး လုပ်ချင်ရာလုပ်တယ်။

ချစ်တယ် ဆိုတဲ့စကားက သူ့ကို စဖွင့်ပြောတဲ့ အချိန်ရယ် နောက်ပိုင်း သူမေးတဲ့ အချိန်ရယ်လောက်ပဲ ပြောတတ်တယ်။ ဒါတောင် သူမေးတိုင်းတောင် ဖြေဖြစ်တာ မဟုတ်ဘူး။ တစ်ခါတစ်လေ သူဖုန်းဆက်လာလို့ ကျတော်မကိုင်ဖြစ်လိုက်ပဲ missed call ဖြစ်သွားရင်လည်း ပေါ့ပျက်ပျက်နဲ့ ပြန်မခေါ်မိဘူး။


သူ စိတ်ဆိုးသွားလည်း ကျတော်ချော့လိုက်တယ် ဆိုတာ ခပ်ရှားရှား။ ကျတော်က "ချစ်တယ်" ဆိုတဲ့ စကားကို သူရော ချစ်တယ် ကိုယ်ရော ချစ်တယ် ဆိုရင် လုံလောက်ပြီလို့ သတ်မှတ်ထားတဲ့ ခပ်ချာချာ ကောင်တစ်ကောင်ဖြစ်ခဲ့တာ။ ယုံကြည်မှုနဲ့ ဂရုစိုက်မှုကို ကွဲကွဲပြားပြား နားမလည်ပဲ ရောထွေးထားတဲ့ကောင် ဖြစ်ခဲ့တာ။ သူ့ကိုချစ်လို့ အရာရာ စိတ်ချပြီး တချို့ကိစ္စတွေ မမေးပဲ ယုံကြည်ပြီး ထားလိုက်တာက သူ့အတွက် "ဂရုမစိုက်မှု" ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားမယ်လို့ ကျတော် မတွေးတတ်ခဲ့ဘူး။


တကယ်တော့ ဂရုစိုက်မှုနဲ့ အလေးအနက် ထားမှုတွေက ကိစ္စ သေးသေးလေးတွေ ကနေစပြီး အမြစ်တည်တယ် ဆိုတာ ကျတော်သိခဲ့ဖို့ ကောင်းတယ်။ တကယ်တမ်းကျ ကျတော်က " သူငါ့ကို ချစ်တာပဲ " ဆိုတဲ့ ယုံကြည်မှုနဲ့ လုပ်ချင်ရာလုပ်ပြီး သူလည်း ဘာလုပ်လုပ် ဘာဖြစ်ဖြစ် သိပ်ဂရုမစိုက်ခဲ့ပဲ အချိန် တော်တော်များများ သူ့ကို တစ်ယောက်တည်း ပစ်ထားခဲ့မိတာ ကျတော် သိပ်ညံ့ခဲ့ပါတယ်။

ချစ်တာပဲ သိပြီး အချစ်မတတ်ခဲ့တဲ့ ကျတော်က သူ့အတွက် နာကျင်စရာတွေ ပေးမှန်းမသိ ပေးနေခဲ့မိတာ။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော် ဆိုတဲ့ ကာလတစ်လျှောက်လုံးပါပဲ။ ဒီအတွက် ကျတော်က လုံလောက်တဲ့ အပြစ်ကို ခံရဖို့အတွက် အချိန်တန်လာတော့ ကျတော့်ဖက်က အရမ်းကို နောက်ကျကုန်တယ်။ ကျတော့်မှာ ပြင်ဆင်ချိန် ဘာတစ်ခုမှ မရခဲ့ဘူး။


သူ့ဆီက "မချစ်ဘူး" ဆိုတဲ့ စကားကို မကြားခဲ့ရပေမယ့် သူကျတော့်ကို မချစ်တော့ပါလား ဆိုတဲ့ အသိက ပိုခံစားရတယ်။ ဒီလိုပဲ သူနဲ့ ကျတော် ဖြည်းဖြည်းချင်း စိမ်းသွားခဲ့တယ်။ သူကျတော့်ကို မချစ်ဘူးလို့ တစ်ခွန်းမှ မပြောခဲ့ပေမယ့် မချစ်တော့တာကို ပြခဲ့တယ်။ ဥပေက္ခာတွေနဲ့ပေါ့။ သူတဖြည်းဖြည်း သွေးအေးလာတယ်။ ကျတော့်အပေါ် အရင်ကထက် စကားနည်းလာတယ်။


ကျတော် သတိထားမိတဲ့ အချိန်မှာ သူကျတော့်ကို စိတ်ကုန်နေခဲ့ပြီးပြီ။ သူကျတော့်ဆီ ဖုန်းတွေ မဆက်တော့ဘူး။ စာလည်း မပို့တော့ဘူး။ တွေ့ရဖို့လည်း မပြောတော့သလို ချစ်တယ် မချစ်ဘူးဆိုတဲ့ စကားမျိုးလည်း ဘာတစ်ခုမှ မပြောတော့ဘူး။ ဒါ အဆုံးသတ်လားလို့ ကျတော်စပြီး ရင်ပူလာတော့ သူ့ဆီဖုန်းတွေ ပြန်ဆက်တယ်။ သူကိုင်ချင်မှ ကိုင်တယ် မကိုင်ဖြစ်ရင်လည်း ပြန်မဆက်လာတော့ဘူး။

ဒီအချိန်မှာ ကျတော် သိလိုက်ရတာက ဥပေက္ခာရဲ့ နာကျင်မှုပေါ့။ missed call တွေ့တိုင်း ဖုန်းပြန်မခေါ်ဘူး ဆိုတာက သိပ်မထူးဆန်းပေမယ့် ချစ်သူတွေ ကြားမှာတော့ အမျိုးမျိုးတွေးမိပြီး စိတ်ပင်ပန်းစေတဲ့ ကိစ္စတစ်ခုလို ဖြစ်လိမ့်မယ် ဆိုတာ ကိုယ်တိုင်ကြုံမှ ကျတော် အရမ်း ယူကြုံးမရ ၀မ်းနည်းတတ်ခဲ့တာ။ ငါသူ့ကို ဘယ်လိုတွေတောင် ပစ်ထားခဲ့မိသလဲ ဆိုတာ ကျတော့်ရဲ့ တစ်ကြိမ်နှစ်ကြိမ် အတွေ့အကြုံက ရတဲ့ နာကျင်မှုနဲ့ သူသည်းခံခဲ့တဲ့ နှစ်နှစ်ကျော်ကာလရဲ့ နာကျင်မှုဟာ ဘယ်လိုပြောပြရမလဲ မသိအောင် အားနာစရာ ကောင်းတယ်။


ဒီကိစ္စ တစ်ခုတည်းနဲ့တင် သူကျတော့်အပေါ် သွေးအေးသွားဖို့ လုံလောက်ပါတယ်။ ကျတော် သူ့ဆီ စာတွေပို့တယ်။ သူ့ဖက်က ခပ်အေးအေးပဲ ပို့ချင်ရင် ပြန်ပို့တယ် မပို့ချင်လည်း မပို့ဘူး။ အေးစက်စက်နဲ့ မေးတာပဲဖြေပြီး အဆုံးသတ်သွားတဲ့ စကားတွေကို ဘာနဲ့ပြန် အသက်သွင်းရမလဲ ကျတော်မသိခဲ့ဘူး။ ဒါတွေက ကျတော်သူ့အပေါ် တစ်လျှောက်လုံး လုပ်လာတဲ့ ပုံစံတွေပါပဲ။


ကျတော် စိတ်ပူတတ်ခဲ့တာ ကျတော် ကိုယ်တိုင် ကြုံရမှပါ။ အရင်ကတော့ ကျတော် ခပ်အေးအေးနဲ့ သူပြဿနာရှာတိုင်း "ချစ်နေရင် ပြီးတာပဲမလား" လို့ ခပ်ဆတ်ဆတ် ပြန်ပြောခဲ့ဖူးတယ်။ အခုတော့ ကျတော်က သူ့ရဲ့ ဥပေက္ခာတွေကို ခပ်ဆတ်ဆတ်နဲ့ နင့်ခနဲ ပြန်ခံစားနေရမှ သူပြဿနာရှာခဲ့တဲ့ ခံစားချက်ကို ကောင်းကောင်းကြီး နားလည်လာတယ်။ ဒါတွေတောင် ဘာမဟုတ်တဲ့ ဖုန်းဆက် စာပို့ဆိုတဲ့ ကိစ္စလေးတွေပဲ ရှိသေးတယ်။

ကျတော် သူ့အပေါ် မကောင်းခဲ့တာတွေက အများကြီးပါ။ သူ ဘယ်လိုတောင် ခံစားရမလဲ ဆိုတာ သဘောပေါက်ပါတယ်။ ကျတော် သိလိုက်တာက ကျတော် သူ့ကို အဆုံးရှုံးမခံနိုင်တာပါပဲ။ ဒါပေမယ့် ကျတော် သိပ်နောက်ကျသွားပြီ။ ကျတော် မှားခဲ့တာတွေကို အကုန်ပြန် တောင်းပန်တယ်။ ကျတော့်ဘ၀ထဲ အရင်လို ပြန်လာပေးဖို့ တောင်းဆိုတယ်။ ကျတော့် အပြစ်တွေ အားလုံးအတွက် ကျတော့် အသိမာနတွေ အကုန်ချိုးနှိမ်ပြီး သူ့ရှေ့ ဒူးထောက်ခဲ့တယ်။ သူပြတ်သားလွန်းတယ်။ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ သွေးအေးအေး အကြည့်တွေနဲ့ " ငါတစ်ယောက်တည်း အေးဆေးနေချင်လို့ပါ " တဲ့ ဒီစကားက ကျတော့်ကို အသက်ရှင်လျှက် အကြိမ်ကြိမ် သေစေတယ်။



သူထွက်သွားတယ် "တာ့တာ" လို့ပြောပြီး ထွက်သွားတဲ့ ခဏသာ ခွဲခွာခြင်း မဟုတ်သလို "ပြန်လာခဲ့မယ်နော်" ဆိုတဲ့ ထွက်သွားခြင်းမျိုးလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် လက်ထဲက လွှတ်ထွက်သွားတဲ့ မိုးပျံပူဖောင်းတစ်လုံးလို ဘယ်တော့မှ ပြန်မရနိုင်တော့မယ့် ထွက်သွားခြင်းမျိုးနဲ့ ကျတော့်ဘ၀ထဲက အပြီးအပိုင်ထွက်သွားတာ ဟာခနဲပဲ... ထွက်သွားတဲ့သူ့ကို မတားနိုင်ခဲ့သလို တားဖို့လည်း မ၀ံ့ရဲခဲ့ဘူး။ အဲဒီနှစ်တွေ အတောအတွင်းမှာ သူအရမ်း ပင်ပန်းခဲ့မှာပဲ။ ဒီအဆုံးသတ်က ကျတော့်လို လူအတွက် တန်ပါတယ်...


ပြန်တွေးကြည့်ရင် ကျတော် သူ့အပေါ် ကောင်းခဲ့တာ တစ်ခုလေးတောင် မရှိခဲ့တာပဲ။ အတွန့်တက်စရာ မရှိပါဘူး။ သူ့ဆုံးဖြတ်ချက်က ကျတော့်လို လူအတွက် လုံလောက်ပါတယ်။ ကျတော်က အခုချိန်မှ အချစ်ကို တန်ဖိုးထားတတ်ပြီး လူတစ်ယောက်ရဲ့ တန်ဖိုးကို ဆုံးရှုံးပြီးမှ နားလည်လိုက်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်ပေါ့...

#ညီစေမင်း

No comments

Powered by Blogger.