ချစ်သူစုံတွဲတိုင်း သိထားရမယ့် နည်းလမ်း (15) ခု
အချစ်တစ်ခုကို တည်ဆောက်တယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးရ၊ ကြုံလာတဲ့ ပြဿနာတွေကို အတူ ရင်ဆိုင်ဖြေရှင်းရနဲ့ မလွယ်လှပါဘူး။ ဒါကြောင့် အကူအညီ ဖြစ်စေဖို့ နည်းလမ်း (၁၅) ခုကို ဖော်ပြပေးထားပါတယ်
၁။ နားထောင်ပေးပါ
ရိုးရိုးလေးပါပဲ။ ကိုယ့်ချစ်သူ ပြောတာတွေကို သေချာ နားထောင်ပေးပြီး၊ မေးချင်တာတွေကို မေးတာက စကား ပြောရဆိုရ ပို အဆင်ပြေစေသလို ဆက်ဆံရေးလည်း ပိုကောင်းစေမှာပါ
၂။ တစ်ရက် နှစ်ရက်လောက် မတွေ့ဘဲ နေကြည့်ပါ
တစ်ယောက်နဲ့ တစ်ယောက် လွမ်းနေတဲ့အခါ အချစ်တွေ ပိုတိုးလာပါလိမ့်မယ်။ တစ်ပတ်ကို တစ်ခါလောက်တော့ ပုံမှန် တွေ့ပေးဖို့ မမေ့ပါနဲ့
၃။ ကိုယ့်ကို နှစ်သိမ့်အားပေးမယ့် လူတွေရှိနေပါစေ
သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေပဲ ဖြစ်ဖြစ် ရင်ဖွင့်စရာလူ ရှိနေပါစေ။ ဒါမှသာ ချစ်သူကို ကြုံသမျှ သောကတွေ အကုန်လုံးကို ဝေမျှနေစရာမလိုဘဲ အပူကင်းစေမှာ ဖြစ်ပါတယ်
၎။ တစ်ဦးကိုတစ်ဦး ဖေးမပါ
ချစ်သူရဲ့ တစ်နေ့တာက အဆင်မချောခဲ့တဲ့အခါ ကိုယ့် တစ်နေ့တာက သိပ်မဆိုးရွားနေရင် သူ့ကိုသာ နှစ်သိမ့်ပေးလိုက်ပါ။ ကိုယ်လည်း အဆင်မချောခဲ့ဘူး ဆိုရင်တော့ အရင်ပြောပြပြီး ရင်ခွင်ထဲ ခေါင်းတိုးပြီးသာ ချွဲလိုက်ပါ။ နှစ်ယောက်လုံး ဝေခွဲမရဖြစ်နေရင် ဘယ်သူ အခြေအနေ ပိုဆိုးလဲဆိုတာ အပြန်အလှန် ပြောပြနှိုင်းယှဉ်ရင်း အတူရယ်မော နိုင်ပါသေးတယ်
၅။ ကျေးဇူးတင်ကြောင်း ဖော်ပြပါ
ကိုယ့်အတွက် သူလုပ်ပေးလိုက်တဲ့ အရာက ဘယ်လောက်ပဲ အသေးအမွှားလေး ဖြစ်နေပါစေ၊ ကိုယ်တန်ဖိုးထားကြောင်းကို သူသိအောင် စကားနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ အပြုအမူနဲ့ဖြစ်စေ ဖော်ပြပေးပါ
၆။ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း တောင်းဆိုညှိနှိုင်းပါ
ကိုယ်တွဲနေတာ သာမန်လူတစ်ယောက်ပဲ ဆိုတာ သိထားပါ။ အကြားအမြင် ဆရာ ဖြစ်နေရင်တော့ တစ်မျိုးပေါ့လေ
၇။ နှုတ်တစ်ရာ စာတစ်လုံး
သူ့ကို သတိရမိတိုင်း မှတ်စုလေးပဲဖြစ်ဖြစ် ရေးထားပြီး ခံစားချက် စာလွှာလေးတွေ ရံဖန်ရံခါ ပေးပေးပါ။ ဒီလိုဒီဂျစ်တယ် လောကကြီးမှာ လက်ရေး စာလွှာလေးတွေက အရမ်း ရိုမန်တစ် ဆန်ပါတယ်
၈။ သူ့တစ်နေ့တာအကြောင်း မေးဖို့မမေ့ပါနဲ့
ဒါက သိပ်လွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ သူဒီနေ့ အဆင်ပြေရဲ့လားဆိုတာ ပုံမှန် မေးကြည့်သင့်ပါတယ်
၉။ ငွေရေးကြေးရေး ကိစ္စတွေမှာ ပွင့်လင်းမှုရှိပါစေ
ကိုယ့်မှာ ငွေရေးကြေးရေး ပြဿနာတွေ ရှိလာတဲ့အခါ ချစ်သူကို ပြောပြဖို့ ဝန်မလေးပါနဲ့။ ဒါမှသာ နှစ်ယောက် အတူတကွ တိုင်ပင် ဖြေရှင်းနိုင်မှာလေ
၁၀။ လက်ဆောင်ဆိုတာ ရိုးမသွားတဲ့အရာပါ
သူနဲ့တွေ့တိုင်း အမှတ်တရ တစ်ခုခုပေးဖို့အတွက် ပိုက်ဆံတွေ အများကြီးမလိုပါဘူး။ သူကြိုက်တတ်တဲ့ မုန့်လေး၊ သူနှစ်သက်တဲ့ စာအုပ်လေး စတာတွေက အချစ်ရဲ့ သင်္ကေတတွေ ဖြစ်ပေးနိုင်ပါတယ်
၁၁။ ခရီးတစ်ခု အတူထွက်ပါ
အဝေးကြီး မသွားနိုင်ရင်တောင် အထူးဘတ်စ်ကားတွေကို ချစ်သူနဲ့ တူတူ ဂိတ်စ၊ ဂိတ်ဆုံးစီးတာမျိုး၊ Water Taxi ပတ်စီးတာမျိုးကလည်း အပြောင်းအလဲဖြစ်ပြီး ပျော်စရာ Date တစ်ခု ဖြစ်နိုင်ပါသေးတယ်
၁၂။ မေ့ပစ်ပါ၊ ခွင့်လွှတ်ပါ
လွန်ခဲ့တဲ့ ခြောက်လလောက်က ကိုယ့်ချစ်သူ လုပ်ခဲ့တဲ့အမှားကို ရန်ဖြစ်တိုင်း အစပြန်ဖော်ပြီး ဘယ်သူကအပြောခံချင် မှာလဲနော်။ နှစ်ယောက်လုံး ခွင့်လွှတ်တန်တာ ခွင့်လွှတ်၊ မေ့ပစ်တန်တာ မေ့ပစ်ပါ
၁၃။ သဘောထား မတိုက်ဆိုင်မှုတွေ ရှိတဲ့အခါ နားလည်ပေးပါ
ဒါ အရေးအကြီးဆုံး အချက်တစ်ချက် ပါပဲ။ ကိုယ့်ခံယူချက်ကို မစွန့်နိုင်တဲ့အခါ တစ်ချို့ ပြဿနာတွေကို ဖြေရှင်းရ အင်မတန် ခက်ပါတယ်။ တစ်ယောက်အမြင်ကို တစ်ယောက် လေးစားမှုထားပြီး ပြဿနာ တစ်ခုအတွက် နှစ်ခါ ရန်မဖြစ်ရအောင် ကြိုးစားပါ
၁၄။ ဖြေရှင်းချက်ကို စောင့်ပါ
ကိုယ့်ချစ်သူ ပြောတာကို သေချာ နားမလည်ရင် ကိုယ့်အတွေးနဲ့ကိုယ် ကောက်ချက် ချမပစ်ဘဲ သေချာလေး မေးမြန်းပါ။ ချက်ချင်း ဒေါသဖြစ် ရန်ရှာတာမျိုးကို ဝေးဝေးက ရှောင်ပါ
၁၅။ ဖုန်းတွေကို ဘေးဖယ်ထားပါ
ချစ်သူနဲ့ အတူရှိနေချိန်မှာ တခြားဘယ်ကိုမှ အာရုံရောက် မနေသင့်ပါဘူး။ အချိန်ခဏပဲ တွေ့နိုင်ရင်တောင် အဲဒီ အချိန်ခဏမှာ ချစ်သူကို အပြည့်အဝ အာရုံထားပါ
credit Love Shop
Post a Comment