Header Ads

တက္ကသိုလ် တက်တော့မဲ့ ညီမလေး အတွက်


ညီမလေးရေ.......
ဒီစာကို ကိုကို ရေးတဲ့ အချိန်မှာ ကိုကို့  ညီမလေးက တက္ကသိုလ် တက်ရ တော့မယ် မလား။ ဒီတော့ 'အစ်ကိုကြီး အဖရာ' ဆိုတဲ့ အတိုင်း ညီမလေးကို ပြောဆို ဆုံးမ ဖို့ ၊ညီမလေး ကို မှာသင့်တာတွေ မှာလိုက်ဖို့ ကိုကို့ မှာ တာဝန် အပြည့် ရှိလာပြီ။

ညီမလေးရေ  ကိုကို လည်း ခေတ် လူငယ် တစ်ယောက်ပါ။ ခေတ်ရဲ့​ ရေစီးကြောင်းကို ကိုကို နားလည် ပါတယ်။ ဒါ့ကြောင့် ကိုကို ပြောချင်တာ  ညီမလေးရဲ့ စိတ်ကို ကိုကို အကောင်းဆုံး နားလည် ပေးနိုင်မယ် ဆိုတာပဲ။ ကိုကို့ ညီမလေးက ပြောစကားဆို နားထောင် တတ်တာ ကိုကို သိပြီးသား ပါ။
.
ညီမလေးရေ  ဘယ်ကိစ္စ မဆို မျက်ခုံးမွှေး တစ်ထောက် စာပဲ မကြည့်ပါနဲ့။ လူတစ်ယောက်ရဲ့  စိတ်နေသဘောထား ကိုယ်ကျင့်တရားကို အပေါ်ယံ ရှပ်ကြည့်ပြီးမသတ်မှတ်ပါနဲ့ ။ ပြီးတော့ ကိုကို့ ညီမလေး အယုံ မလွယ်မိ ပါစေနဲ့ ။ ဟိုး အဆုံးထိ လေ့လာကြည့်ပြီးမှ ဆုံးဖြတ်ချက်ကို ချနိုင်အောင် ကြိုးစားပါ။

တက္ကသိုလ်တက်ပြီ ဆိုကတည်းက လူတွေ အများကြီးနဲ့  ညီမလေးက ပေါင်းသင်း ဆက်ဆံရ တော့မှာလေ ။ လိုက်လျော ညီထွေ ပေါင်းသင်း ဆက်ဆံတတ်ဖို့ လိုတယ်နော် ကိုကို့ညီမလေး။

တက္ကသိုလ် ရောက်ပြီ ဆိုတော့လည်း သူငယ်ချင်း အပေါင်းအသင်းတွေ ဆိုတာ ကိုယ့်ဘေးမှာ ရှိဖို့  လိုအပ်လာပြီ ညီမလေး။ ညီမလေးနဲ့  စိတ်တူကိုယ်တူ ဖြစ်မဲ့  သူငယ်ချင်းတွေကို  ရှာပါ ညီမလေး။ အတတ်နိုင်ဆုံး သူငယ်ချင်းတွေ အပေါ်မှာ အကူညီ ပေးပါ။ ဒါပေမဲ့ ကိုယ်ကျင့်တရား ပျက်ပြား ၊ မကောင်းတာ စွယ်စုံ လုပ်တတ်တဲ့ သူတွေကိုတော့ သူငယ်ချင်း ဆိုတဲ့ စာရင်းထဲ မှာတောင် မထည့်မိ ပါစေနဲ့ ။

သူတစ်ပါး အပေါ်မှာ  မမောက်မာ ပါနဲ့။ ကိုယ်တတ်နိုင်သလောက် ကူညီ ပါ။ မာန ကြီး တစ်ခွဲသွားနဲ့  ဘယ်သူ့ မှ လူမထင်ဘူး မလုပ်နဲ့နော် ။  ကိုကို့ ညီမလေးကို ကြို ပြောထားတာ ။ ညီမလေး မှတ်ထားဖို့က မာန ဆိုတာ ထားသင့်တဲ့ နေရာ မှထား မှ တန်ဖိုး တက်တာ ကိုကို့  ညီမလေးရဲ့။

အိမ်က ပို့တဲ့ ပိုက်ဆံကို လည်းေ လာက်လောက်ငှငှ သုံးအုံးနော်။ ကိုယ်မရှာရတိုင်း  တစ်ဖြဲနှစ်ဖြဲ သုံးမနေနဲ့ ။ ပိုက်ဆံဆိုတာ  ကိုယ်က တန်ဖိုးထား  သုံးတတ်မှ  ကိုယ့်ကို  ပြန်တန်ဖိုးထားခံရတာ ။


သူများ ဝတ်တာ စားတာ မြင်ပြီး အားကျမနေနဲ့အုံး ။ ရှိတာလေးနဲ့  လှအောင် ဝတ်တတ်အောင် ကြိုးစားကြည့်ပါ  ကိုကို့ ညီမလေး။ uni တက်တယ် ဆိုတာ အပျော်အပါးတွေ လာရှာ ၊အဝတ်အစားတွေ တစ်နေ့တစ်မျိုး မရိုးအောင်လဲ ၊  ဂုဏ်တု ဂုဏ်ပြိုင်နေဖို့ မဟုတ်တာ ကိုကို့ ညီမလေး  နားလည်ပါ။

ပညာသင်ဖို့က အဓိကပဲနော်။ မိဘတွေရဲ့  ပိုက်ဆံ ကုန်ရကျိုး နပ်အောင် ဘွဲ့ရပြီးရင်  အလုပ်ခွင်ကို တန်းဝင်နိုင်အောင် ကိုယ့်ကိုကိုယ် မြှင့်တင်ထား။

ရည်ရွယ်ချက်မရှိဘဲ  ဒုံးပေသက်သက်  ဘဝကိုဖြတ်သန်း နေတာထက် အဓိပ္ပာယ် ရှိရှိ ဖြတ်သန်းနိုင်ဖို့  ဘယ်သူ မကြိုးစား ကြိုးစား ကိုကို့ ညီမလေး ကတော့  ကြိုးစားနေ ရမယ်။

လူတစ်ယောက်ရဲ့ အလှ ဆိုတာ  အပေါ် ယံ အရေပြား တစ်ထောက်စာ အလှ မဟုတ်ဘူး။ စိတ် အလှသာ  အဓိက ။ ကိုယ့်စိတ် ကို တတ်နိုင်သမျှ  ရှင်းရှင်း ထားနော် ။ ဦးစိုင်းတောင်  သီချင်းဆိုထား သေးတာပဲ။
ဘာတဲ့  ''စိတ်လှတဲ့ ကောင်မလေးက မျက်နှာထား ပိုလှတယ် ''တဲ့။ စိတ်ထားလေး ကောင်းတာနဲ့ အမျှ   လူက ချစ်ဖို့ ကောင်းလာတာပဲလေ ။

အထူး သဖြင့် ညီမလေး ရေ  ကိုယ့်ကို ကိုယ် ထိန်းသိမ်းပါ။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ  အဲ့ဒီ့လူရဲ့ ထိန်းသိမ်း စောင့်ရှောက်မှု ပေါ်မှာပဲ  မူတည်တယ် ညီမလေး။

တည်တည်ငြိမ်ငြိမ် လေးဖြစ်အောင်နေ။ ပြောဆိုဆက်ဆံ ပြုမူတာက အစ  ရွစကီး မထနဲ့။ လျှပ်ပေါ်လော်လီ တာတွေလည်း  မလုပ်နဲ့။ ကိုကို ပြောတာ  ကြားလား။ ရိုးရိုးယဉ်ယဉ်လေးနဲ့  လုံလုံ ခြုံခြုံ လေးဝတ်ဆင်ပါ။ဒါပေမဲ့   မြန်မာဝတ်စုံ ဝတ်ပြီး   စိတ်ဓာတ် အောက်တန်း ကျနေတဲ့ သူတွေလို  မလုပ်မိ ပါစေနဲ့။
.
ကိုကို့ ညီမလေး လည်း  အရွယ်ရောက်လို့  တက္ကသိုလ် ကျောင်းသူ ကြီးတောင်  ဖြစ်နေပြီပဲ။ ကိုကို့ ညီမလေးမှာ ရည်းစား ထားခွင့် ရှိပါတယ်။ ဒါပေမဲ့ ညီမလေး. . .  ကိုကို  ပြောပြမယ်။ ပညာရေးထက်  အချစ်ရေးကို  ကိုးကွယ် ဦးစားမ ပေးမိစေနဲ့ပေါ့။

ပြီးတော့ ညီမလေး သိထားဖို့က  ကိုကိုတို့ ယောကျာင်္းတွေ ဆိုတာ လွယ်လွယ် ရတာနဲ့ ခက်ခက်ခဲခဲ ရတာဆိုရင် ခက်ခက်ခဲခဲ ရတာကို ပိုတန်ဖိုး ထားတတ် ကြတယ် ညီမလေး။ ဒါဆို   ကိုကို ဘာကို ဆိုလိုလဲ ဆိုတာ  ညီမလေး ကောင်းကောင်း သဘော ပေါက်မှာပါ။ ကိုယ်ဟာ  အညှာလွယ်တဲ့ မိန်းကလေးတစ်ယောက်  အဖြစ် မခံပါနဲ့။

ညီမလေး ရွေးချယ်မဲ့ ကိုကို့ ယောက်ဖ လောင်းက  ညီမလေးကို ကြင်နာရမယ်။ တန်ဖိုးထားရမယ်။ ဂရုစိုက်ရမယ်။ ညီမလေး အပေါ် နားလည်မှု ရှိ ရမယ်။ အဲ့လိုလူ မျိုးကို ညီမလေး  လေးလေးနက်နက်နဲ့ ရွေးချယ်ပေါ့။ ဒါပေမဲ့ ညီမလေး  ကိုကို ပြောထားသလို ထိန်းသိမ်း စောင့်ရှောက် သင့်တာကို  ထိန်းသိမ်း စောင့်ရှောက်ပါ။ သူ့စည်း  ကိုယ့်စည်း  ထိန်းသိမ်းပါ။ ကိုကို ယုံပါတယ် ။ ကိုကို့  ညီမ က ကိုကိုတို့ မိသားစုကို  အရှက်ခွဲမဲ့ သူမှ  မဟုတ်ဘဲလေ နော့။

ကျောင်းတက်နေတဲ့ အခါ  ဆရာ ၊ဆရာမတွေ ကို လေးလေးစားစား ဆက်ဆံ။ ဆရာ /ဆရာမတွေ  ငြိုငြင်အောင် မလုပ်နဲ့။ စာလည်း ကြိုးစား။ ပညာရှာဖို့ လွှတ်လိုက် တာနော်။


အပျော်အပါး ဆိုလည်း သူငယ်ချင်းတွေ နဲ့ထိုက်သင့် သလောက် ပျော်ပေါ့။ ဒါပေမဲ့  ညီမလေး   စာလုပ်ရမဲ့ အချိန် စာတော့ လုပ်ပါ။ တစ်ကန့်စီ ထားနိုင်ပါစေ။ အတန်းကို မှန်မှန် မတက်ဘဲ ဟိုအချိန်လစ် ၊ ဒီအချိန် လစ်  တဲ့ အပြု အမူတွေ  ကိုကို လက်မခံဘူး။

ဘုရား ရှိခိုး ဖို့လည်း မမေ့ နဲ့။ ကိုယ့် လက်ရှိ ပစ္စုပ္ပန် ကံ ကို ကောင်းသည် ထက်ေ ကာင်းအောင်  ကုသိုလ်တွေ ပြုရမယ်။

ဗဟုတုတ ၊ အသိပညာရ မဲ့ စာတွေလည်း ဖတ်အုံး။ စာများများဖတ်ပါ  ကိုကို့ ညီမလေး ။ အားတဲ့ အချိန်တိုင်း  စာဖတ်ဖို့ ကြိုးစား။ Facebook သုံးရင်လည်း  အသိပညာ ရမဲ့  page တွေ ထဲ များများဝင်ဖတ်။

အိပ်ရေးလည်း မပျက်စေနဲ့။ စောစောအိပ်။ ဖေဖေနဲ့ မေမေ့ ဆီ လည်း ဖုန်း မှန်မှန်ဆက်။ ကိုကို့ ဆီက တော့ ညီမလေး  မှာ  အခက် အခဲတွေ ၊ပြဿနာတွေ ခံစား နေရတာနဲ့  ဖုန်းတန်းဆက်။ ကိုကို ငါ့ညီမလေးကို အကောင်းဆုံး အကြံပေးမယ်။ ကြားလား။

ကဲ . . .စာလည်း  ရှည်ပြီ ညီမလေး။
ကိုကို ပြောတာတွေ က  ကိုကို့ ညီမလေးကို  ကောင်းစေချင်တဲ့  ဆန္ဒ နဲ့ ပြောနေတာနော်။ ကိုကို ပြောတာတွေကို  တစ်ချက် နှစ်ချက်လောက်  ပြု မူ ကြည့်ရင်ကို  ညီမလေး ဘဝက ပျော်ရွှင်နေမှာ ၊အောင်မြင်မှု သရဖူတွေ ဆောင်းနေနိုင်မှာပါ။

ညီမလေးရဲ့  ကိုကို
ခဲတံ

credit _ ခဲတံ Min Khant
[တက္ကသိုလ်တက်မဲ့  ညီမလေးတိုင်းအတွက်]

No comments

Powered by Blogger.