Header Ads

👧 အပျိုစစ်မစစ် တန်ကြေးဖြတ်ရအောင် မိန်းမတွေက ရောင်းကုန်မဟုတ်ဘူး 💘


💓💓💓💓💓💓💓💓👧
မိန်းမတွေကို အပျိုစစ်မစစ် ဝေဖန်နေမဲ့အစား ကိုယ်ချစ်တဲ့ မိန်းမကိုရော တန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နိုင်မလား စဉ်းစား ။

သူများ သားသမီးကို ချစ်ရင် မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ယူနိုင်ပြီလား  တင့်တောင့်တင့်တယ် ထားနိုင်ပြီလား အရင်တွေးပါ ။

ခုခေတ်မှာ အပျိုစစ်စစ် ရှားသွားပြီလို့   ကဲ့ရဲ့နေမယ့် အစား ကိုယ်လက်ထပ်မဲ့  မိန်းကလေးဟာ  ဘဝတစ်လျှောက်လုံး ကိုယ်နဲ့  "အတူ အေးအတူပူအမျှ " ဖေးမစိတ်ရှိရဲ့လား" မောင်တစ်ထမ်း မယ်တစ်ရွက် " ရဲဘော်ရဲဖက် စိတ်ရှိရဲ့လား အရင် လေ့လာပါ ။

ခုခေတ် မိန်းကလေးတွေ  အိနြေ္ဒသိက္ခာ မရှိဘူးလို့ ပြောနေမဲ့အစား ကိုယ်လက်ထပ်မယ့်  မိန်းကလေးဟာ ပြုပြင်ယူလို့ရတဲ့ စိတ်ဓါတ် ရှိရဲ့လား ကိုယ့်အပေါ်  အမှန်တကယ် ချစ်ရဲ့လား ကိုယ့် မေတ္တာတရားကို နားလည်ရဲ့လား အရင်ဆုံး  စမ်းသပ်ကြည့်ပါ ။

ယောက်ျားတိုင်း ကောင်းတယ် ပြောလို့   မရသလို မိန်းကလေးတိုင်းလည်း ကောင်းတယ် မဆိုလိုပါဘူး ။မိန်းကလေး တစ်ယောက်ကို အပျိုစစ်မစစ် အပြင်ဗန်း ကြည့်ဆုံးဖြတ်လို့  ရသလား ။

ရည်းစားများတဲ့  မိန်းမတိုင်းကရော အပျိုမစစ်တော့ဘူး ဆုံးဖြတ်လို့  ရသလား ။ အဝတ်အစားကို ခေတ်ဆန်ဆန် ဝတ်စားတိုင်း လော်မာနေတဲ့ မိန်းကလေးလို့   စွတ်စွဲလို့ ရသလား ။

အိနြေ္ဒ ရှိရှိ ဝတ်စားပြီး အနေအေးတိုင်း ရိုးသားတဲ့ မိန်းကလေးလို့ ပြောလို့ ရမလား ပြန်တွေးကြည့်ကြပါ ။

ကိုယ်နဲ့  တစ်မိုးအောက်ထဲ အတူ မနေတဲ့ မိန်းကလေးတွေကို ပါးစပ် အရသာခံ  မဝေဖန်သင့်သလို ရရင်အမြတ် မရရင်လည်း အရင်းပဲ ကွ  ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ မမွေးကြပါနဲ့  ။

ကြမ္မာရဟတ် ဆိုတာ အချိန်တန်ရင်  သင့်ရှေ တည့်တည့် ရောက်လာပါလိမ့်မယ် ။

မိန်းမသားတွေရဲ့ အမှားက   ယောက်ျားသားတွေနဲ့  ကွဲပြားတာ လည်းဆိုရင်  သည်းခံစိတ် နည်းပါးတာရယ် ပြသနာ တစ်ခုကို အချိန်ယူ မစဉ်းစားဘဲ ဆုံးဖြတ်တတ်ကြတာ အကြီးမားဆုံးသော  အလွဲပါ ။

ဒီလို လုပ်ရပ်တွေကြောင့်  သူစိမ်း ယောက်ျားသားတွေရဲ့ အပေါ်ယံ ဆုံးဖြတ် ဝေဖန်ခံရဖို့   လွယ်ကူစေတာပါ ။

အပျိုဘဝမှာ ပွေရှုပ်နေပေမဲ့ ကိုယ်နဲ့ လက်ထပ်ပြီးတဲ့အချိန် မိန်းမကောင်း ပီသအောင် ဆုံးမ သွန်သင်တတ်တာ ယောက်ျားကောင်းတွေရဲ့ အလုပ် ဖြစ်သလို လက်ထပ်ပြီးမှ တခြားလူနဲ့  ဖြစ်ခဲ့တာ သိပေမဲ့ မိမိဇနီးမယား အဖြစ် ကောင်းမွန်စွာ စောင့်ရှောက်ကြတဲ့ ယောင်္ကျားမြတ်တွေလည်း  အများအပြား ရှိနေပါတယ် ။

ဒီလိုလုပ်ရပ်ဟာ  မိကောင်းဖခင် သားသမီးတွေရဲ့  လုပ်ရပ်လို့ လည်း ပြောလို့ ရပါတယ် ။

တစ်ခုလေး ပြောပြလိုက်မယ်။ မိန်းကလေး အများစုက
ဒီတစ်ယောက်နဲ့  ချစ်သူဖြစ်ရင်  ဒီတစ်ယောက်နဲ့ဘဲ
လက်ထပ်ချင်ကြတာပါ ။ နာမည်ပျက်ခံပြီး  ရည်းစားကို အပျော်တွဲချင်တဲ့ မိန်းကလေး မရှိသလောက် ရှားပါတယ် ။

အကြောင်းမဲ့  မိမိကိုယ်ကျင့် သိက္ခာကို ဘယ်သူမှ မစွန့် လွှတ်တတ်ကြပါဘူး ။ အပျိုဘဝမှာ  မလွန်ဆန်နိုင်တဲ့  အမှားကြောင့် အပျိုရည်ပျက်ခဲ့ဖူးတယ်  ဆိုရင်တောင်မှ  ကိုယ်နဲ့  လက်ထပ်ပြီးတဲ့အချိန် အိမ်ထောင်ရှင်မကောင်း တစ်ယောက် ပီသဖို့ သာ အရေးကြီးပါတယ် ။

အပျိုစစ်စစ်ကို ရအောင်ယူထားပြီး  မိမိဘဝကို ဘာတစ်ခုမှ အထောက်အကူမပေးဘဲ  လိုချင်တာ ဇွတ်အတင်းတောင်း ဖြစ်ချင်တာကို တပူပူ တဆာဆာ လုပ်ပြီး  အလိုက်မသိတဲ့ အိမ်ထောင်ရှင်မ မပီသတဲ့သူကို  မိန်းမ တော်နေရတာထက် အပျိုမစစ်ပေမဲ့  မိမိဘဝကို ဖေးကူတတ် နားလည်မှုထားတတ်တဲ့  မိန်းမရထားသူက  ပိုကံမကောင်းဘူးလား ပြန်တွေးကြည့် ။

မိန်းမတွေကို အပျိုစစ်မစစ် ဝေဖန်လိုက်တဲ့ အခါတိုင်း
ငါ့မေကရော ငါ့ကိုယ် အဖေစစ်စစ်နဲ့ မွေးခဲ့တာလား လို့ ပြန်စဉ်းစားဖို့  လိုပါလိမ့်မယ် ။

 ကိုယ့်ကိုယ်မွေးခဲ့တဲ့ အမေ မျက်နှာ ပြန်မြင်ယောင်ပြီး မိန်းကလေး တွေအပေါ် ရိုးသားဖြူ စင်စိတ် ကိုယ်ချင်းစာစိတ်နဲ့   ဆက်ဆံပေးပါ ။

ဘာလို့ လည်းဆိုရင်  မိန်းကလေး တစ်ယောက်ရဲ့ စိတ်ကို အကြီးမားဆုံး ထိခိုက်စေတဲ့ စကားဟာ " အပျိုစစ်မစစ် " လို့ ဝေဖန်ခံရတာတဲ့  စကားဖြစ်နေလို့ ပါ။ မိန်းမတစ်ယောက်ဟာ  အပေါ်ယံ အဆင်းလှစရာ မလိုဘူး။ အချင်းလှရင် တန်ဖိုးရှိပါပြီ ။

ယောက်ျားကောင်းတို့ မည်သည်  မိန်းကလေးတွေကို နှုတ်ဖျားနဲ့ တောင် မစော်ကားတတ်ကြပါ ။ မိန်းကလေးတွေကို အပျိုစစ် မစစ် တန်ကြေး ဖြတ်နေရအောင် မိန်းမတွေက ဈေးထဲမှာ ချရောင်းနေတဲ့ ရောင်းကုန် မဟုတ်ပါဘူး  ရှင့်။

Credit to MayNoe

No comments

Powered by Blogger.