မကောင်းတဲ့ RS ကနေ ကိုယ့်ကိုယ်ကို ချည်နှောင်ထားတဲ့ ဆင်ခြေများ
လူ တစ်ယောက်က ကိုယ့်အပေါ် တကယ်ချစ်၊ မချစ်၊ ဒီလူ ကိုယ့်အပေါ် ကောင်း၊ မကောင်းဆိုတာကို တကယ်တော့ ကာယကံရှင် ကိုယ်ကိုယ်တိုင် အသိဆုံးပါ။ ဒါပေမယ့် တော်တော်များများက ကိုယ့်ကိုယ်ကို ညာပြီး နေတတ်ကြပါတယ်။
ဒါကြောင့်လည်း ဒီ Relationship ကနေ ရုန်းမထွက်နိုင်အောင် ကိုယ့်ကိုယ် ပြန်ပြီး တုပ်နှောင်ထားမိနေတတ်ပါတယ်။ အဲ့ဒီတော့လည်း နောက်ဆုံး ရလဒ်ကတော့ ကိုယ်ပဲ ထိခိုက် နစ်နာခံစားရတာပါ။ တစ်ချို့ကလည်း ပြန်ရုန်းထွက်ဖို့ နောက်ကျ နေပြီဆိုပြီး ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကို ညာနေတတ်ကြပါတယ်။
မကောင်းတဲ့ Relationship ကနေ ရုန်းမထွက်နိုင်အောင် ကိုယ့်ကိုယ်ကို ပေးနေမိတဲ့ ဆင်ခြေတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ခက်ခဲမှန်းတော့ သိပေမယ့် တကယ် ရုန်းထွက်ချင်ရင် ဒီလို ဆင်ခြေတွေကို ဆက်မပေးတော့ပဲ ရအောင် ရုန်းထွက် လိုက်ပါ။
တစ်ယောက်ထဲ ရှိတာထက် သူရှိနေတော့ တော်ပါသေးတယ်
တကယ့်ကို ရူးမိုက်တဲ့ ဆင်ခြေတစ်ခုပါ။ တစ်ယောက် တည်းနေတော့ ရော ဘာဖြစ်သေးလဲ..? Single ဘ၀က အထီးကျန်တယ်၊ ပျင်းစရာ ကောင်း တယ် ဆိုတဲ့ အတွေးတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါ။
စိတ်ပျက်စရာ ကောင်း ပြီး ကိုယ့်အတွက် ပျော်ရွှင်မှုက မဖြစ်စလောက် နည်းနည်း၊ စိတ်ညစ်စရာက တစ်ပြုံ တစ်ခေါင်း သယ်လာပေးတဲ့ ဒီလို Relationship ကို ဆက်ပြီး ဆုပ် ကိုင် ထားဖို့ ကြိုးစားမနေပါနဲ့။ တစ်ယောက်တည်း Single ဘ၀က သင်တွေး ထားသလို ပျင်းစရာ၊ အထီးကျန်စရာ မကောင်းပါဘူး။
နေသားကျ နေပါပြီ
စိတ်ညစ်စရာ ကောင်းတဲ့ Relationship ကနေ ရုန်းမထွက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြန်ပြီး အကျဉ်းချတတ်တဲ့ သူတွေ သုံးတဲ့ လက်သုံးစကားပါ။ ဒီလူက ပေးတဲ့ စိတ်ညစ်စရာတွေ၊ ဒဏ်ရာတွေက သင့်အတွက် အသားကျ နေပါပြီ။ အနား မှာ ရှိနေရရင်ပဲ တော်ပါပြီဆိုတဲ့ စိတ်ပျက် အားလျော့နေတဲ့ အဓိပ္ပါယ်မရှိတဲ့ နှစ်သိမ့် စကားကို မေ့လိုက်ပါ။
လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ကြပါတယ်။ သင့် ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ပျော်စရာ Relationship ကို ပိုင်ဆိုင်ဖို့ သင် ဟာ တကယ့်ကို ထိုက်တန်တဲ့သူပါ။ စိတ်ညစ်စရာ ဘ၀ကြီးထဲမှာ ရေစုန် မျှောနေလိုက်မယ် ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့။ အရင်က တွေးခဲ့ဖူးရင် ခုမေ့ပစ်လိုက်ပါ။
ဒါပေမယ့် သူ့ကိုချစ်တယ်
အချစ်ကြီး ချစ်တတ်တဲ့ သူတွေ ပေးတဲ့ ဆင်ခြေပါ။ဒီ Relationship က ကိုယ့် ကို စိတ်ဆင်းရဲမှုတွေပဲ ပေးတယ်၊ရင်ဘတ်ထဲမှာလည်း ဒီလူ့ကြောင့် ရတဲ့ ဒဏ် ရာတွေက ပြည့်နေတယ်။ဒါပေမယ့် စွန့်လွှတ်မယ်၊လက်လွှတ် မယ်တွေး တိုင်း ဒါပေမယ့်…သူ့ကိုငါချစ်တယ် ဆိုတဲ့ အတွေးက သင့်ကို ရုန်းမထွက် နိုင်အောင် ပြန်ချည်နှောင်ထားပါလိမ့်မယ်။
သူပျော်ရင်ပြီးရော ပေးဆပ်နိုင်ပါတယ် ဆိုတဲ့ စိတ် မျိုးက ဒရမ်မာ ဇာတ်လမ်းထဲမှာပဲ ဇာတ်သိမ်းလှတာပါ။ ဇာတ်ကားထဲကလို မျိုး တစ်နေ့မှာ သင့်ရဲ့ အချစ်ကို သူက နားလည်လာလိမ့်မယ် ဆိုပြီး ထင်နေရင်ေ တာ့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တဲ့ အိမ်မက်ကနေ နိုးထဖို့ တိုက်တွန်း ချင် ပါတယ်။ နာကျင်မှုတွေထဲမှာ ရှင်သန်နေဖို့ မလိုပါဘူး။
ကမ္ဘာကြီးရဲ့ ထောင့် တစ်နေရာမှာ သင့်အတွက် ပျော်စရာတွေ ယူလာပေးမယ့်သူ ဆိုတာ သပ်သပ်ရှိပြီးသားပါ။ တစ်သက်လုံး နာကျင်မှုတွေထဲ ပိတ်လှောင်ခံနေမယ့် အစား ခဏေ လာက်တော့ နာကျင်လိုက်ပြီး စွန့်လွှတ်လိုက်ပါ။
ငါ့အပေါ်တော့ ကောင်းရှာပါတယ်
ကိုယ့်ကိုယ်ကို ညာမိတဲ့ မုသားစကားထဲက တစ်ခုပါ။ ဒီလူက ကိုယ့် အပေါ် တကယ်မချစ်မှန်း၊ နည်းနည်းလေးမှ အလေးမထားမှန်း သိနေပါရက်နဲ့ ကိုယ့် ကိုယ်ကို ပြန်လိမ်နေတာပါ။ ” ဒီလိုတွေသာ ဖြစ်နေတာ သူငါ့ အပေါ် တော့ ကောင်းရှာပါတယ်လေ..” ဆိုပြီး ကြာခဲ့ပြီဖြစ်တဲ့ ကာလတစ်ခုလောက် ဆယ်ခါ တစ်ခါ ကိုယ့်အပေါ် ကောင်းခဲ့၊ ကြင်နာခဲ့တာတွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကို မညှဉ်းဆဲ ချင်ပါနဲ့။
လက်ရှိ အခြေအနေရဲ့ အမှန်ကို မြင်အောင် ကြည့်ပါ။ အိပ်ချင် ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ် ဆိုသလိုပါပဲ။ ကိုယ့်ကိုယ်ကို လိမ်နေ တာတွေကနေ ရုန်းထွက်နိုင်အောင် လုပ်ပေးနိုင်မယ့် သူက သင်ကိုယ်တိုင်ပဲ ရှိပါတယ်။
ကတိတွေ လွန်သွားပြီ
နှစ်ဦးနှစ်ဖက် ကတိသစ္စာတွေကလည်း ထားခဲ့ပြီးပြီ ။နှစ်ဖက်မိဘနဲ့ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကလည်း သင်တို့ နှစ်ယောက်ကိစ္စကို သိထားကြပြီးပြီ။ ဒီအချိန်မှ လမ်းခွဲလိုက်ရင် လူတွေ ငါ့ကို ဘာပြောမှာပါလိမ့် ဆိုတဲ့ အတွေးကြောင့် ဆိုရင်တော့ ဒီအတွေးကို မေ့လိုက်ပါ။
လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ အမြင်တွေကို ခေါက်ထားပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုပဲ အာရုံစိုက်ပါ။ လူတွေ အမြင် ကောင်းအောင်လို့ မသာယာတဲ့ Relationship ကို ကြိတ်မှိတ် လက်ခံ ဖို့ မလိုပါဘူး။
သူပြောင်းလဲ လာပါလိမ့်မယ်
ဒါကလည်း ဘယ်လိုမှကို ဖြစ်မလာနိုင်တဲ့ အရာတစ်ခုပါ။လူ တစ်ယောက် က သူ့ကိုယ်သူ တစ်စုံတစ်ယောက်ကြောင့် ပြုပြင်ပြောင်းလဲ တယ်ဆိုတာဟာ ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာသာ လွယ်ပေမယ့် အပြင်မှာ တကယ်က အတော်လေးကို ရှားပါတယ်။
လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ စရိုက်ကို ပြောင်းလဲ ဖို့ ဆို တာ တကယ်ခက်ပါတယ်။ တခြားသူကို မကြည့်ပါနဲ့။ ကိုယ်ကိုယ်တိုင်ပဲ ပြန် ကြည့်ပါ။ ကိုယ့်ရဲ့ အကျင့်စရိုက်ထဲမှာ မကောင်းမှန်း သိပေမယ့် မစွန့်လွှတ် နိုင်တာ ၊မပြင်နိုင်တာတွေ အများကြီးပါ။ ပြင်ဖို့ ဘယ်လောက် ခက်လဲ ကိုယ်တိုင် အသိဆုံးပါ။
နောက်တစ်ယောက် မတွေ့ခင်လေး တွဲရင်း စောင့်နေမယ်
တစ်ချို့က ရည်စား မရှိရင် မနေတတ်ဘူး ဆိုတဲ့ သူတွေ ရှိပါတယ်။ ဒါကို အပြစ်လို့တော့ ပြောလို့ မရပါဘူး။ဒါဖြစ်တတ်ပါတယ်။ ဒါပေမယ့် လက်ရှိတွဲ နေတဲ့ သူက မကောင်းမှန်းသိတယ်။ နောက်တစ်ယောက် ရှာဖို့ ကလည်း လောလော ဆယ်အဆင်မပြေတာ ၊နောက်တစ်ယောက် ရဖို့ အခြေအနေက မပေးတာ… ဒါတွေကြောင့် လက်ရှိလူကို မချစ်သော်လည်း အောင့်ကာ နမ်းနေရတာမျိုး မလုပ်ပါနဲ့။
Sex ကိစ္စ လွန်ပြီးသွားပြီ
တစ်ချို့ စုံတွဲတွေက သမီးရည်စားဘ၀မှာ Sex ကိစ္စ လွန်သွားတတ်ပါတယ်။ အဲ့ ဒီတော့ ဘာဖြစ်လဲ..? ယောက်ျားလေးဘက်ကတော့ ဒါက ကိစ္စမရှိပေမယ့် မိန်းကလေးဘက်ကတော့ ဒါဟာ ပြဿနာကြီးပါ။ ဒီ Relationship ကနေ ကိုယ်မပျော်ပိုက် နိုင်တော့လို့ ရုန်းထွက်မယ် ဆိုရင်တော့ ဒီကိစ္စကြီးကြောင့် ရုန်း ထွက်လို့ မရဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် ဒီလို Sex ကိစ္စက သမီးရည်စား ဘ၀ မှာ မလွန်တာ အကောင်းဆုံးပါ။ တကယ်လို့ လွန်သွားခဲ့ပြီဆိုရင်ရော..? လူတိုင်း အမှား မကင်းကြပါဘူး။ ဒီလို ကိစ္စကြောင့် အကြပ်ကိုင် ခံနေရပြီး ဆက်တွဲ နေရ တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကိုယ်တိုင်က ကိုယ့်လိပ်ပြာ ကိုယ်မလုံဖြစ်ပြီး မတွဲချင်တော့ပေမယ့် ဆက်တွဲနေနေရတယ် ဆိုရင်တော့...
ခဏတာ အမှားကို တစ်ဘ၀လုံးစာ အတွက် ဆက်ဆွဲ မခေါ်လာပါနဲ့။ ပြီးခဲ့တာကို ပြီးပါစေတော့။ ကိုယ်တကယ် မပျော်ပိုက်နိုင်တော့တာ သေချာရင်တော့ ။နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်မယ် လို့ အားမွေးပြီး ဒီ အခြေအနေကနေ ရဲရဲကြီး ဖြတ်ကျော်လိုက်ပါ။
Nilar (sm)
Post a Comment