မယားငယ်နေသူ တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ဘာမှတော့ ထူးထူးခြားခြား မဟုတ်ပါဘူးဗျာ... အချစ် ဆိုတာ တစ်ကြိမ်ထက် ပိုပြီး ချစ်လို့ရပါတယ် လို့ သက်သေပြချက် ပေးတဲ့ သဘောပါဘဲ... ကျုပ် စိတ်ထဲမှာတော့ မယားငယ်တွေ မယားကြီးတွေ ဆိုတဲ့ ခွဲခြားဖိနှိပ်လိုတဲ့ စိတ်မျိုး မရှိပါဘူး...အကုန်လုံးက ကိုယ်ချစ်လို့ ယူထားတဲ့ မယားတွေချည်း ပါဘဲ...
လူမှုအသိုင်းအ၀ိုင်းက လက်မခံကြတဲ့ အပေါ်မှာလည်း ဘာမှ မှတ်ချက် မပေးလိုပါဘူး... ဘယ်သူမှ လက်မခံလည်း ကိုယ်ကတော့ ယူထားလိုက်ပြီလေ... မယားကြီးကိုလား... ချစ်တာပေါ့ဗျာ... ဘယ်နှယ့် မေးပါလိမ့်... ချစ်လွန်းလို့ နှစ်ဖက် မိဘတွေ သဘောမတူတဲ့ ကြားထဲက အတင်း ခိုးပြေးထားရတာဗျ...
မဟုတ်ဘူးလေဗျာ... မယားငယ် ယူတယ် ဆိုတာ မယားကြီးကို မချစ်တော့ပါဘူး လို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး... မယားကြီးကိုလည်း ချစ်တယ်... နောက်ထပ် မိန်းမ တစ်ယောက်ကိုလည်း ထပ်ချစ်မိတယ်... ဒါလောက်ပါဘဲ... ရိုးရိုးလေး တွေးလိုက်ပါဗျာ...
ဟာဗျာ... လိင်ကိစ္စ အတွက်တော့ မယားငယ် ယူစရာလားဗျ... ဒီ ခေတ်ကြီးထဲမှာ ပိုက်ဆံပေးရင် ဘာမဆို ရနိုင်တာဘဲ... ဘာအတွက် ကျူပ်က သိက္ခာအကျခံ နာမည် အပျက်ခံပြီး မိန်းမ နောက်တစ်ယောက် ထပ်ယူရမှာလဲဗျ...
အဲ့တာ အချစ်ပေါ့ဗျာ... ချစ်လွန်းလို့ ယူလိုက်မိတာပေါ့... ကျုပ် နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ နောက်ထပ် မိန်းမတစ်ယောက် လူ့လောကမှာ ရှိနေသေးကြောင်း သိလိုက်ရတဲ့အခါမှာ မယားငယ် ဆိုတဲ့ ၀မ်နည်းဖွယ်ရာ စကားလုံး ပေါ်ပေါက်လာရတော့တာဘဲ...
ခင်ဗျားကလည်းဗျာ ကျူပ်ကိုချည်း အပြစ် တင်နေတယ်... လူ့အသိုင်းအ၀ိုင်းမှာ ဒီလို ကိစ္စတွေ ဆိုတာ မထူးဆန်းတော့ပါဘူးဗျာ... နောင်ဆို ပိုဆိုး လာအုံးမှာ...
အခုဆို ကျုပ်တို့ လူမှုအသိုင်းအ၀ိုင်းမှာ လူပျိုကြီးတွေ အရမ်း များလာတယ်... နောက်ပြီး ယောက်ျား အချင်းချင်းကိုမှ ချစ်တဲ့ ယောက်ျားတွေလည်း များလာတယ်... ဒီလိုသာ ဆက်သွားနေရင် မိန်းကလေးတွေ ယောက်ျား ရှားလာမှာပေါ့...
အဲ့တော့ ယောက်ျား ပီသသူတွေ မိန်းမနှစ်ယောက် ယူကို ယူပေးရမဲ့ ခေတ်ကို မကြာခင် ရောက်လာတော့ဗျ... မယုံရင် စောင့်ကြည့်...
အမျိုးစောင့် ဥပဒေလား... အလကားပါဗျာ... ဥပဒေကို သိထားရင် လက်တစ်လုံးခြား လုပ်ရတာ မခက်ပါဘူး... တရားကို ပိုက်ဆံစောင့် ပါတယ်... ကျုပ်ရဲ့ စိတ်ရင်းအမှန်ကတော့ ဒီမယား နှစ်ယောက်ကို ချစ်ချစ်ခင်ခင် ရှိစေချင်တာပါဘဲ...
ဒါပေမဲ့ဗျာ မိန်းမတွေ အကြောင်းကို ခဗျားလည်း သိတာဘဲ... မိန်းမ ဆိုတဲ့ အမျိုးက သူ့အရိပ်နဲ့ သူတောင် အမြဲ ရန်ဖြစ်နေတတ်တာလေ... ယောက်ျားတစ်ယောက်နဲ့ ပတ်သတ်မိရင် သူငယ်ချင်း အချင်းချင်းလည်း ရန်သူဖြစ်ရင်ဖြစ်တာ...
ချွေးမနဲ့ ယောက္ခမတောင် လင်လုဖက်တွေလို ရန်ဖြစ်ချင် ဖြစ်ကြတာ မှတ်လား... အဲ့တာကြောင့် တည့်အောင်နေကြပါ လို့ မပြောတော့ဘူး... မယားကြီး မယားငယ် ကိစ္စကို မိန်းမတွေက နိုင်ငံရေး ဖြစ်စဉ်တစ်ခုလို ရှုမြင်နေကြတာ ကိုတော့ ကျုပ် သဘောမကျဘူးဗျ...
အစိုးရအသစ် တက်လာတဲ့အခါ အစိုးရဟောင်းက နေရာဖယ် ပေးလိုက်ရတယ် ဆိုတာ နိုင်ငံရေးလေဗျာ... ကျုပ်တို့ ကိစ္စနဲ့ ဘာဆိုင်လဲ... မယားငယ် ရောက်လာလို့ မယားကြီးကို နေရာဖယ်ခိုင်းတဲ့ ခပ်ညံ့ညံ့ ငနဲတွေထဲမှာ ကျုပ် မပါဘူး...
တကယ်တော့ မယားကြီး မယားငယ် ကိစ္စဆိုတာ အမျိုးအစား တူတဲ့ ကုန်ပစ္စည်း တစ်ခုကို ကုမ္ပဏီကြီး နှစ်ခုက တပြိုင်တည်း ဖြန့်ချီတဲ့ သဘောမျိုးဗျ... ကုန်စည်နှစ်ခုက အမျိုးအစား တူနေတော့ စားသုံးသူက ဘယ်ဟာကို ၀ယ်ရမလဲ စဉ်းစားတဲ့အခါ ၀န်ဆောင်မှုကိုပါ ထည့်သွင်း စဉ်းစားပြီလေ...
ဆိုလိုချင်တာက မယားကြီးတွေ အနေနဲ့ ပိုပြီး ၀န်ဆောင်မှု ကောင်းဖို့ လိုပြီလို့ ပြောချင်တာပါ... :)
(အပျော်ရေးတာပါနော်.. တကယ်ထင်ပီး လိုက်လုပ်လို့ အထုအထောင်းခံ ဆေးရုံရောက်ရင် ကွကိုခံကြပါ..)
credit မူရင်းရေးသူ
Post a Comment