ကားနောက်ခန်းမှာ ပါလာတယ့်အကောင်...
ကျုပ်ဆိုတဲ့ ကောင်ကလည်း ညနေ အစောပိုင်း ဆိုရင် လူက အကောင်း ။ နဲနဲလေး မှောင်စ ပြုလာရင်တော့ အရက်လေး သောက်လိုက်ရမှ နေသာ ထိုင်သာ ရှိတယ် ။
အခုလည်း ဟို၂ ကောင် ချက်ကြီး နဲ့ အာနိုး ကားတစ်စီးနဲ့ အိမ်ထိလာပင့်လို့ လိုက်လာတာ အစတုန်းတော့ သောက်ပြီိး ပြန်မယ် တွေးထားတာပါပဲ ။
မူးလာတော့ ထုံးစံအတိုင်း KTV သွားပြီး အသံလေးက စစ်ချင်လာပြီလေ ။ အဲ့ချိန်ထိ ပြသနာ မရှိသေးဘူး ။ပြသနာက KTV ရောက်မှ စတာရယ် ။
ကျုပ်မှတ်မိသလောက် ပြောရရင် KTV မှာ သီချင်းဆိုတယ် ။ ၂ ပုဒ်လောက် ဆိုပြီးတော့ အိပ်ချင်တာနဲ့ ချက်ကြီး ကားနောက်ခန်းထဲ ဝင်ခွေပြီး အိပ်နေလိုက်တယ် ။
အေး ပြသနာက အဲဒီမှာ စတာပဲ " ဒုန်း " ဆိုပြီး ကားဆောင့် သွားတော့ ကျုပ်လန့်နိုးလာတယ် ။ မူးနေတော့ ကျုပ်မျက်လုံးကလည်း ချက်ချင်း မပွင့်ဘူး ။ နားထဲမှာ ကြားနေရတာက
" ခေါက် ခေါက် ခေါက် အဆုံးထိ ခေါက် ဆုတ်ထား ဆုတ်ထား "
ဪ ကား နောက်ဆုတ်နေတာပဲလေ KTV က ပြန်ထွက်တာနေမှာ
" ဖြေးဖြေးဆုတ်မယ် ဒကာကြီး စိတ်ငြိမ်ငြိမ်ထား ကားထဲက ကောင် ငြိမ်ငြိမ်နေပါ "
" ဟင် " ဘာတွေလဲ ဆက်ပြီး နားစွင့်နေလိုက်တယ်
" ကားထဲကကောင် ဒုက္ခမပေးပါနဲ့ မင်းကို အမျှဝေပေးမှာပါ အေးဆေးနေပါ "
" ဟာ ... "
ကျုပ် နားထင် ကြီးသွားတယ် ။ ဘာတွေလဲ ဘယ်သူတွေလဲ ။
အဲ့ကျမှ မျက်လုံးပြူးပြီး ကားကို သေချာကြည့်မိတယ် ။
မြတ်စွာဘုရား ဒါ ငါစီးလာတဲ့ကားမှ မဟုတ်ပဲဟ ။ ငါကားမှားပြီး တက်အိပ်နေ မိတာ သေချာတယ် ။
မှန်းစမ်း ကားနောက်ခန်းကနေ အပြင်ကို တချက် လှမ်းကြည့်လိုက်တော့ ရောက်နေတာက ဘုန်းကြီးကျောင်း တစ်ခုထဲမှာ ။ ကားပတ်ပတ်လည် မှာလည်း ဘုန်းကြီးတွေ ဝိုင်းလို့ ။ ကျုပ်လည်း ကြောက်လို့ အသာလေး ငြိမ်နေလိုက်တယ် ။
ကားလည်း ရပ်ရော ဦးဇင်းတစ်ပါးက ကားဒရိုင်ဘာကို လာမေးတယ်
" ဒကာကြီး အခု ဘာဖြစ်တာလဲ "
" မသိပါဘူး အရှင်ဘုရား တပည့်တော် KTV က ထွက်လာတည်းက ကားနောက်ခန်းမှာ တခုခု ပါလာသလိုပဲ "
" ဟေ .. သေချာမကြည့်ဘူးလား "
" တပည့်တော်လည်း ကြောက်လို့ လှည့်မကြည့်ရဲဘူး အရှင်ဘုရား တယောက်ယောက် ပါလာတာတော့ သေချာ ပါတယ် "
ဟင် ဒါ ကျုပ်ကို ပြောနေတာလည်း သေချာတယ် ။ ဆက်ပြီး နားစွင့်နေကြည့်တယ်
" ဆက်ပြောပါ ဒကာ "
" တင်ပါ့ တပည့်တော် တလမ်းလုံး ဟောက်သံတွေလည်း ကြားနေရတယ် " ( ငါနော် )
" ပြီးတော့ .. စကားပြောတယ် "
" ဘာတွေပြောလဲ "
" မုန့်ဟင်းခါး ၁ပွဲ နံနံပင်မထည့်နဲ့တဲ့ " ( အဲဒါ ငါအိပ်မက်ယောင်နေတာဟဲ့ )
" ဟုတ်ပြီ .. ဒီလောက်ဆို ဦးဇင်းသဘောပေါက်ပြီ
ဒါမျိုးကိစ္စ ဦးဇင်းလည်း အွန်လိုင်းမှာ ကြည့်ဖူးတယ် "
" ဟုတ်တယ် အရှင်ဘုရား တပည့်တော်လည်း ကြည့်ဖူးတယ်
အာ့ကြောင့် ဘုန်းကြီးကျောင်းထဲ မောင်းဝင်လာတာ " (အောင်မာ အတိုင်ဖောက်ကို ညီလို့ )
" ကဲ ဘယ်သူလဲ မေးလိုက် "
" တပည့်တော် ကြောက်တယ် ဘုရား "
" မေးလိုက်ပါ ဦးဇင်းတို့ ရှိတယ် မကြောက်နဲ့ "
သေပြီ ဆရာ ဒီတခါမှ မဂွမ်းရင် ဘယ်ခါ ဂွမ်းမလည်း
" ဘယ်သူလဲ " ကျုပ်လည်းအမှန်တိုင်းဖြေလိုက်တာပဲ ကောင်းပါတယ် လို့ စဉ်းစားလိုက်ပီး
" စိန်သောင်းပါ "
" စိန်သောင်း တဲ့ "
" ဘယ်ကနေ လိုက်လာတာလဲ မေးလိုက် "
" ဘယ်ကနေလိုက်လာတာလည်း တဲ့ "
" KTV ကပါ "
" KTV ကတဲ့ "
" ဘယ်သွားချင်လည်း ဘာလုပ်ပေးရမလည်း လို့ "
" ဘယ်သွားချင်လည်း တဲ့ "
" အဟင့် ကားပေါ်မှာပဲ နေချင်တယ် အိမ်ပြန်ပို့ ပေး "
" သူက ကားပေါ်မှာပဲ နေချင်တယ် အိမ်ပြန်ပို့ပေးပါ တဲ့ အရှင်ဘုရား "
" ဟာ ကားပေါ်နေလို့မရဘူး အိမ်လိပ်စာ မေးလိုက် "
" အိမ်လိပ်စာတဲ့ "
" အမှတ် ... မင်္ဂလာ ရပ်ကွက် "
" ဟင် .. အရှင်ဘုရား ဒုက္ခပါပဲ သူ့လိပ်စာက ဟိုဖက်ရပ်ကွက်ပဲဗျ "
" ဟေ .. ဟုတ်လား သူ့မိဘ နာမည်တွေ မေးလိုက် "
" မိဘနာမည်တဲ့ "
" မပြောဝူး ငါ KTV ခိုးသွားတာ ငါ့အမေ သိသွားလိမ့်မယ် "
" ငှယ် "
" မပြောဘူး တဲ့ အရှင်ဘုရား "
" အေ ဟုတ်ပြီ မပြောလည်း နေပါစေတော့ ဒီမှာတော့နေလို့ မရဘူး ဦးဇင်းတို့ အမျှဝေပေးမယ် ဟုတ်ပြီလား "
" ဟမ် .. ကျုပ်က လူဗျ "
" အရှင်ဘုရား သူ့ကိုယ်သူ လူတဲ့ "
" အင်း နာနာဘာဝတွေက ဒီလိုပါပဲ သူတို့ကိုယ်သူတို့ လူလို့ပဲ ထင်နေကြတာ "
" ညယ့် "
ပြောလည်း ရမယ့်ပုံမပေါ် ။ အင်း အမျှ ဝေတော့လည်း သာဓု ခေါ်ပေးရမှာပေါ့ ။ အာ့နဲ့ ခဏကြာတော့ ကားဒါရိုက်ဘာက နောက်ခန်းက မှန်ကို အနည်းငယ် ချလိုက်တယ် ။ သိပ်မကြာပါဘူး ။ အမျှပေးသံ ကြားရတာပါပဲ
" အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်တော် "
" သာဓု သာဓု သာဓု "
" ကဲ ကားဆရာရေ ကားနောက်ခန်းကို ကြည့်လိုက် ရှိသေးလားလို့
" ကားဒရိုင်ဘာ မီးဖွင့်ပြီး ကျုပ်ကို လှည့် ကြည့်လာတယ်
" မိန်းမိန် ဆိုင်းဘုတ် ရှိသေးတယ်ဟ "
ဆိုပြီး ဆင်းပြေးသွားပါလေရော ကျုပ်ပြောခဲ့သားပဲ လူပါ ဆိုနေ
အံ့သြဘ
စိန်သောင်း
Post a Comment