အနမ်းမှာ ဆကရက ဖြစ်ဖို့ သိသင့်တဲ့ အချက် (၇) ချက်
အနမ်းဟာ ချစ်သူတွေရဲ့ ဘဝမှာ အလွန်အရေးပါတဲ့ အယုအယလေး တစ်ခုပါ။ စံချိန်မီ ကောင်းကောင်း မနမ်းတတ်ဘူး ဆိုရင် ချစ်သူရဲ့ ငြိုငြင်တာကို ခံရနိုင်ပါတယ်။ ဒီတော့ ချစ်သူကို မနမ်းဖူးသေးသူတွေ အတွက်လည်း အနမ်းမှာ အထာမကျမှာကို စိုးရိမ်နေတာမျိုး ရှိတတ်ပါတယ်။ အောက်ပါ နည်းလမ်းလေးတွေနဲ့ အကောင်အထည် ဖော်ကြည့်ပါ။
၁) ဖြည်းဖြည်းနဲ့ မှန်မှန်
အနမ်းကိစ္စပဲဖြစ်ဖြစ်၊ ချစ်တင်းနှော်တဲ့ ကိစ္စပဲဖြစ်ဖြစ် အလောတကြီး မလုပ်သင့်ပါဘူး။ ဖြည်းဖြည်းမှန်မှန် တစ်ဆင့်ချင်း စနစ်တကျ မလုပ်တတ်ဘူး ဆိုရင် ချစ်သူက ငြိုငြင်ရုံမက ကြောက်သွားတတ်ပါတယ်။ ဇာတ်ကားတွေမှာပါတဲ့ အကြမ်းပတမ်း အနမ်းတွေဟာ ဇာတ်ကား အဖြစ်သာ ကြည့်လို့ကောင်းပါတယ်။ ဒီလိုပုံစံ အပြင်မှာ သွားဖမ်းရင် ထင်မှတ်မထားတဲ့ ရလဒ်တွေ ရနိုင်ပါတယ်။
၂) နူးညံ့ သိမ်မွေ့ပါ
နမ်းတဲ့အခါမှာ စောစောကပြောတဲ့ အကြမ်းပတမ်းနည်းက မထိရောက်ပါဘူး။ ကိုယ့်ဘက်က သိမ်မွေ့နိုင်သလောက် သိမ်မွေ့ပေးရပါမယ်။ ကိုယ့်နှုတ်ခမ်းနဲ့ သူ့နှုတ်ခမ်း ပိပိရိရိ ထိကပ်နေဖို့ လိုပြီး၊ နှုတ်ခမ်းနှစ်စုံရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစားဖို့လိုပါတယ်။
၃) အလိုတူ အလိုပါ ဖြစ်အောင် ဖန်တီးပါ
အနမ်းကို စနစ်တကျ နမ်းတဲ့အခါ ကိုယ့်ဘက်က နမ်းချင်ရုံနဲ့ မပြီးပါဘူး။ သူ့ဘက်က ဘယ်လို တုန့်ပြန်သလဲဆိုတာ သတိထားဖို့ လိုပါတယ်။ ဒီတော့ ပထမအနမ်းကို စိတ်လိုလက်ရ နူးနူးညံ့ညံ့ဖြစ်အောင် နမ်းပြီးတဲ့အခါ၊ ခဏခွာပြီး အခြေအနေ အကဲခတ်လိုက်ပါဦး။ သူ့ဘက်က လိုလိုလားလား ဖြစ်နေရင် နောက်တစ်ကြိမ် စောစောကထက် ပိုတဲ့ စွမ်းဆောင်မှုနဲ့ နမ်းရမှာပါ။
၎) နှစ်ဦးလုံး သိဖို့လို
အနမ်းဆိုတာ တစ်ယောက်တည်းရဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ လူနှစ်ယောက်ရဲ့ ဆက်သွယ်မှု နည်းပညာ ဖြစ်ပါတယ်။ ဒါကို ကောင်းကောင်း သိဖို့လိုပြီး၊ ကိုယ့်အတ္တ တစ်ခုတည်းနဲ့ လုပ်လို့မရပါ။ ဒါကြောင့် နမ်းတဲ့အခါ ဟိုဘက်က လိုလိုချင်ချင် ရှိမရှိကို သင့်ရဲ့ နှုတ်ခမ်းတွေ လျှာတွေနဲ့ စမ်းသပ်ရပါမယ်။ ဟိုဘက်က တုန့်ပြန်မှု ကောင်းမကောင်းကို သင်ပဲသိမှာပါ။
၅) လက်ချောင်းလေးတွေလည်း ပါဝင်ဖို့လို
နမ်းတဲ့အခါ လက်တွေကို အသေ မထားပါနဲ့။ အနည်းဆုံ မေးဖျားလေးကို၊ နားရွက်လေးကို၊ မျက်နှာလေးကို လက်နဲ့တို့ထိ ကျီစယ်နေဖို့လိုပါတယ်။ ခါးလေးကို ဖက်ထားတာပဲဖြစ်ဖြစ်၊ ပခုံးလေးကို ဖျစ်ထားတာပဲဖြစ်ဖြစ်၊ ကျောကလေးကို သပ်ပေးနေတာပဲ ဖြစ်ဖြစ် အနမ်းကို စတင်ဦးဆောင်တဲ့ သင်က ပြုလုပ်ရမှာပါ။
၆) ခံတွင်း သန့်စင်နေပါစေ
အနမ်းတစ်ခု အစမပြုခင်မှာ ပါးစပ်နဲ့ အာခံတွင်းပိုင်း သန့်ရှင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ့် အာခေါင်၊ အာခံတွင်း သန့်ရှင်းရေးကို ကိုယ်တိုင် မသင်္ကာဖြစ်နေရင် ပီကေနဲ့ အနံ့အသက်ကို ဖုံးဖိပေးတဲ့ ခံတွင်းသန့်ဆေးရည်၊ ပူရှိန်စတာတွေကို ကြိုတင် ငုံထားသင့်ပါတယ်။ မဟုတ်ရင် အနမ်းက ချစ်စရာကောင်းမယ့် အစား၊ ရွံစရာ ကောင်းသွားတတ်လို့ပါ။
၇) လက်တွေ့ကျကျ ဖန်တီးပါ
စောစောက ပြောနေတာကို တစ်ယောက်တည်း နှုတ်ခမ်းကြီး ဟိုဘက်စောင်းလိုက်၊ သည်ဘက်စောင်းလိုက်၊ တစ်ယောက်တည်း လေ့ကျင့်နေမယ့် အစား၊ ကိုယ့်ကိုယ်ကို ယုံကြည်တယ် ဆိုရင် တကယ် လက်တွေ့၊ ပွဲတွေ့ ပြုလုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က သေချာနေရုံနဲ့ မပြီးပါဘူး။ အနမ်းခံမယ့်သူဘက်ကလည်း သင့်အနမ်းကို တကယ် စောင့်မျှော်နေသူ ဖြစ်ရပါမယ်။ အစိမ်းသက်သက် လက်တည့် သွားစမ်းမိတယ် ဆိုရင်တော့ ကိုယ်ဖြစ် ကိုယ်ခံပဲနော်။
နတ်စည်တော် (Shwemom)








Post a Comment