ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (24.6.2018 မှ 30.6.2018 ထိ)
တနင်္ဂနွေသားသမီးများ အတွက်
ပတ်ဝန်းကျင် အပေါ် ကြောင့်ကြထား ဂရုစိုက် တာဝန်ယူ နေရမည်။ အလုပ်အကိုင် စီးပွားများ ဖြစ်ထွန်းတိုးတက်မည်။ သို့သော် ၀န်ထမ်းဖြစ်လျှင် ၀န်ပိနေတတ်ပါသည်။ ပြင်ပမိတ်ဆွေ များကြောင့် သိက္ခာကျကိန်း ရှိပါသဖြင့် သတိထား ပေါင်းသင်းပါ။ ပညာသင်ကြားနေသူများ အနေဖြင့် မိမိလုပ်ဆောင် လေ့လာနေသော စာအပြင် မလုပ်ဆောင်ရသေးသည့် ဆက်စပ်စာများကို တွေးနေမိသဖြင့် ဟိုလွတ်သည်လွတ် ဖြစ်တတ်ပါသည်။
ကျန်းမာရေး ဂရုပြုရန် လိုအပ်ပါသည်။ မိမိ၏ သြဇာအာဏာ ကျဆင်းရာ ကျဆင်းကြောင်းကို အမှတ်မထင် ပြုမိတတ်သည်။ အခန့်မသင့်လျှင် အင်အားကြီး ရန်သူများနှင့် ထိပ်တိုက် တိုးမိတတ်ပါသည်။ အိမ်တွင်းရေး အဆင်ပြေနေသည်ကို တွေ့လာရမည်။ အချစ်ရေး၌ စန်းပွင့်ကာ အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေမည်ဖြစ်သောကြောင့် သတိထားပါ။
ယတြာ။ ။ ဘုရားစေတီတွင် သပြေညွှန့်များတင်လှူပါ။ သတ္တဝါအများကို မေတ္တာပို့ပါ။
တနလာင်္သားသမီးများ အတွက်
အစစအရာရာ သတိထား၍ ဆင်ဆင်ခြင်ခြင်ဖြတ် ကျော်ရမည့် ရက်သတ္တပတ် ဖြစ်နေပါသည်။ အရေးကြီးကိစ္စများကို တတ်သိနားလည်သူများနှင့် တိုင်ပင် လုပ်ဆောင်ပါ။ မိတ်ဆွေများ၏ ကူညီမှုကို ရရှိလိမ့်မည်။ အလုပ်အကိုင်၌ စိတ်သောက ရောက်နေရတတ်သလို ငွေကြေးကိစ္စ မျှော်မှန်းသည်ထက် အဆင်မပြေမှုများ ကြုံရတတ်ပါသည်။
ကျန်းမာရေးတွင် စိတ်ဆင်းရဲမှု ဒဏ်နှင့် ဆေးမတည့်မှု ဖြစ်ရပ်ကို သတိထားရပါမည်။ ပညာရေး အခြေအနေကောင်းပါသည်၊ ယှဉ်ပြိုင် ကြိုးစားလိုစိတ်များ ၀င်နေတတ်ပါသည်။ အိမ်ထောင်ရေးတွင် ခင်ပွန်းဖြစ်သူနှင့် သဘောထား ကွဲလွဲနေတတ်သည်။ ဇနီးဖြစ်သူနှင့် ပတ်သက်၍ စိုးရိမ်သောက ရောက်ရတတ်ပါသည်။ အချစ်ရေးတွင် အဆင်မပြေမှုလေးများ ခဏခဏ ဖြစ်နေတတ်ပါသည်။
ယတြာ။ ။ ဆင်းရဲနွမ်းပါးသူများ၊ ဒုက္ခိတများအား ငွေကြေးစွန့်ကြဲပါ။ အိမ် သန့်ရှင်းရေးပြုပါ။
အင်္ဂါသားသမီးများ အတွက်
ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်နေကာ ဦးစီးဦးဆောင် ပြုနေရပါမည်။ အလုပ်အကိုင်များ သိသိသာသာ တိုးတက်ဖြစ်ထွန်းနေမည်၊ ငွေကြေးကံတော့ အားနည်းနေပါဦးမည်။ မိတ်ဆွေများနှင့် တွေ့ဆုံကြုံကွဲ ဖြစ်နေပြီး အကူအညီ အထောက်အပံ့ ပြည့်ပြည့်၀၀ မရနိုင်သေးပါ။
ကျန်းမာရေးတွင် နှာချေ ဖျားနာ နှင့် သွေးတိုး ဂရုပြုပါ။ ပညာရေးကံ အကောင်းထဲတွင် ရပ်တည်နေပါလိမ့်မည်။ မိသားစု ဆွေမျိုးများ၏ အကူအညီကို ရရှိမည်။ အချစ်ရေးတွင် မိမိစကား အရာမထင် ဖြစ်နေမည်။ အိမ်ထောင်ရေး တွင်တော့ အပြန်အလှန် တာဝန်သိတတ်မှုများမှ တဆင့် အဆင်ပြေပါလိမ့်မည်။
ယတြာ။ ။ ဆင်းရဲနွမ်းပါးသူများ၊ ဒုက္ခိတများအား ငွေကြေးစွန့်ကြဲပါ။ ဘုရားစေတီများ၏ လျှပ်စစ်မီး အလှူခံပုံးထဲ လှူဒါန်းပါ။
ဗုဒ္ဓဟူးသားသမီးများ အတွက်
ယခု သတ္တပတ်၌ ဉာဏ်အား ၀ီရိယအား တို့အပြင် စိတ်ရှည်သည်းခံ၊ အားကိုပါ စိုက်ထုတ်ရပေလိမ့်မည်။ ကံပွင့်လန်းစေသော ကုသိုလ်များအနက် ဆင်းရဲဒုက္ခ ရောက်နေသူများ၊ တိရစ္ဆာန်လေးများကို ကူညီစောင့်ရှောက်ခြင်း ပိုလုပ်ပါ။ အရေးကြီး ကိစ္စများကို မိသားစုဝင်များနှင့် တိုင်ပင်ပါ။
မိမိကံ ညံ့သော ကာလဖြစ်နေသည်၊ သီလထိန်း မေတ္တာပို့ ကုသိုလ်ပြု၍ အစောင့်ရှောက် နတ်မြတ်နတ်ကောင်းများကို တိုင်တည်ပါ။ စာပေသင်ကြားနေသော ပညာရေးတွင် မိမိ အယူအဆများ လွဲနေတတ်ပါသည်။ အချစ်ရေးတွင် ရင်နင့်စရာစကား အပြောခံရတတ်သလို မိမိ ကိုယ်တိုင်ကလည်း အတ္တကြီး နေမိတတ်သည်။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ စိတ်ချမ်းသာလာရပါမည်။
ယတြာ။ ။ စာကလေး လွှတ်ခြင်း ပြုပါ။
ရာဟုသားသမီးများ အတွက်
အပင်ပမ်းခံ ကြိုးစားနေပါသော်လည်း အသိအမှတ်ပြုခံခြင်း နည်းပါးနေမည်။ မိမိ ပြောထားသော ကတိစကားများကို အချိန်မီ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်တတ်ပါသည်။ သို့သော် အလုပ်အကိုင် အစီးအပွား အဆင်ပြေ တိုးတက်ပါလိမ့်မည်။ ကြီးကဲသူများမှ မစချီးမြှင့် ကူညီမည်။
မိတ်ကောင်းဆွေကောင်းများ တိုးပွါးကိန်း ရှိပါသည်။ ကျန်းမာရေးတွင် ဆီးကိစ္စ၊ အမျိုးသမီး ဓမ္မတာ ကိစ္စများ ဂရုစိုက်ရပါမည်။ ပညာရေးတွင် စည်းကမ်းဘောင် တင်းကြပ် ခံရပါလိမ့်မည်။ အချစ်ရေးကြောင့် မိမိအကျိုးစီးပွား ထိခိုက်နစ်နာကိန်း ရှိသဖြင့် ဂရုပြု ဆင်ခြင်ပါ။ အိမ်ထောင်ရေးတွင်လည်း ကြင်နာသနား နားလည်ခွင့်လွှတ်ပေးမှ ပြဿနာကြီးများ တက်ခြင်း ဝေးကွာပါလိမ့်မည်။
ယတြာ။ ။ ရဟန်းသံဃာ သီလရှင်ကို အုန်းနို့ ဖြင့်ပြုလုပ်သော ဘောဇဉ်လှူဒါန်းပါ သို့မဟုတ် ပေါင်မုန့်လှူပါ။
ကြာသပတေးသားသမီးများ အတွက်
ဘာသာရေး ကျင့်ဝတ် ကုသိုလ်များကို ကျင့်သုံးခြင်းဖြင့် မိမိ စိတ်ချမ်းသာ ကံပွင့်လာသည်ကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မည်။ ကြီးကဲသူ မိဘဆရာ ဘိုးဘွားများက ကူညီမစပါလိမ့်မည်။ သို့သော် ဥပဒေနှင့် မလွတ်ကင်းသည့် ကိစ္စများပြုမိပါက မကြာချက်ချင်း အချုပ်ကျပါလိမ့်မည်။
ကုသိုလ် အကုသိုလ် အကျိုးပေးမြန်နေမည်။ ထက်မြက်သော မိတ်ဆွေများ တိုးပွားလာလိမ့်မည်။ အိမ်ထောင်ရေး မတည်မငြိမ် ဖြစ်တတ်ခြင်းမှတပါး အစစ ကံပွင့်လန်းနေသည့် ရက်သတ္တပတ်ဟု ဆိုနိုင်ပါသည်။ မိမိဘက်က ကြိုးစားဖို့သာ လိုသည်။
ယတြာ။ ။ ဘုရားတွင် ဆီထမင်း ကပ်လှူပါ။ စိန်ခြယ်ပန်း လှူဒါန်းပါ။
သောကြာသားသမီးများ အတွက်
အိမ်တွင်းရေး စိတ်ညစ်စရာများ ကြုံရတတ်ပါသည်။ သို့သော် ပြင်ပ မိတ်ဆွေတို့ အကူအညီကို ရမည်။ ငွေကြေး သောကကြားမှ အဆင်ပြေလာပါလိမ့်မည်။ အလုပ်ထဲတွင် တဖွဲ့တည်းသားများ နာမကျန်းဖြစ်ခြင်း သို့မဟုတ် လစ်ဟင်းခြင်းများကြောင့် မိမိက ၄င်းတို့ တာဝန်ကို လုပ်ဆောင်ပေးရတတ်သည်။
သီလထိန်း မေတ္တာပွားပါ နတ်မြတ်နတ်ကောင်း များ၏ မစကူညီခြင်း ခံရမည်။ ပညာရေးတွင် ဉာဏ်ပွင့်လန်းနေမည် ဖြစ်သော်လဲ မိမိပညာကို ယုံကြည်မှုအားနဲကာ ဟိုတွေးဒီတွေး ဖြစ်နေတတ်ပါသည်။ အချစ်ရေးတွင် ကြောင့်ကြစိုက်ပေးနေရမှုများကြားမှ ပျော်ရွှင်ရမည်။ အိမ်ထောင်ရေးတွင်တော့ ဇနီးဖြစ်သူက မိမိစကား နားမထောင် ဖြစ်တတ်သည်။ ခင်ပွန်းဖြစ်သူက ထင်ရာလုပ်နေသော်လည်း မိမိအကျိုး ရှိပါမည်။
ယတြာ။ ။ တိရစ္ဆာန်လေးများအား ပေါင်မုန့်ဖဲ့ဖဲ့ ကျွေးပါ။ ပဋ္ဌာန်းပူဇော်ပါ။
စနေသားသမီးများ အတွက်
ဆွေမျိုးများ၏ နှိပ်စက်မှု ခံရခြင်းမှအပ စိတ်ချမ်းသာ ကံကောင်းခြင်းများ ကြုံတွေ့ရပါမည်။ သို့ရာတွင် အံ့သြစရာမှာ အလုပ်အကိုင် အစီးအပွားများ အတန်ငယ်ကျ ဆင်းနေတတ်ပါသည်။ ထို့ကြောင့် မိမိကိုယ်စွမ်းကိုယ်စ ကိုယ်ထူးကိုယ်ချွန် မာန်တင်းရင်း ဤ ရက်သတ္တပတ်ကို ဖြတ်သန်းရလိမ့်မည်။
ပညာရေးတွင် ဉာဏ်ထက်နေမည်၊ သို့သော် မိမိပညာကို သူတပါးအား ထင်ရှားပြရန် အခွင့်အရေး ပေးဖို့ရာ ခဲယဉ်း နေလိမ့်မည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်မပြေ ရှိစေကာမူ အိမ်ထောင်ဘက်၏ အကျိုးကျေးဇူးကို ခံစားရပါလိမ့်မည်။ အချစ်ရေးတွင် သတိထားပါ မိမိ ဂုဏ်သိက္ခာကျ ဆင်းတတ်ပါသည်။
ယတြာ။ ။ မိမိအိမ်တွင် သံတိုသံစ သစ်တိုသစ်စများ ရှိက လွှင့်ပစ်ပါ။ ရေအလှူခံ ပုံးအတွင်း အလှူငွေထည့်ဝင်ခြင်း သို့မဟုတ် ရေဘေး ဒုက္ခသည်များကို လှူဒါန်းခြင်းပြုပါ။
ဉာဏ်စွမ်း ဝီရိယစွမ်းတို့ဖြင့် အစစအဆင်ပြေ တိုးတက်ကြပါစေ
ဆရာ ကျော်ဆန်းလွင်
သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
Post a Comment