Header Ads

ချစ်တတ်မှ ကလေးယူပါ


ကိုယ်ကိုတိုင် မိကောင်းဖကောင်း အရည်အချင်းရှိမှ သားကောင်း သမီးကောင်းကို မွေးမြူနိုင်မှာပါ။ ခေတ်အခြေအနေနဲ့ လုံလောက်အောင် မစဉ်းစား မပြင်ဆင်ဘဲ ဖြစ်သလို မွေးနေရင်တော့ ကလေးကို ဒုက္ခတောထဲ ခေါ်သွင်းတဲ့ မိဆိုးဖဆိုးတွေပဲ ဖြစ်နေမှာပဲ။ ကလေးကို သုခပေးနိုင်စွမ်း တကယ်ရှိရဲ့လား၊ ဒုက္ခခေါ်ပေးမိတဲ့ မိဘဖြစ်သွားနိုင်လားကို သေသေချာချာ ဆင်ခြင် သုံးသပ်ပြီးမှ ကလေးယူကြပါ။

ကလေး မရှိသေးတဲ့ အိမ်ထောင်သည် တွေကို ကလေး မယူသေးဘူးလား ခဏခဏ သွားမမေးခင် ကလေးမွေးတဲ့ ကိစ္စက လွယ်လား/ ခက်လား အရင်စဉ်းစား ကြည့်စေချင်ပါတယ်.. ကလေးမွေးတာများ ကိုးလဗိုက်ကြီး ဆယ်လပြည့်တော့ မွေးရောလို့ တွေးရင်တော့ ဘာမှမခက်ပါဘူး..

ဒါပေမယ့် ကိုယ်က ဘယ်လို အမေဖြစ်ချင်လဲ၊ ကလေးနဲ့ ဘယ်လို မိသားစု ရစေချင်လဲ၊ ကလေးကို ဘယ်လိုဘဝနဲ့ ကြီးပြင်းစေချင်လဲဆိုတာတွေ ထည့်တွေးရင် အင်မတန် စဉ်းစားစရာ များပါတယ်..

မြန်မာပြည်မှာ ရေပန်းစားတဲ့ အတွေးအခေါ်တွေထဲ မိန်းကလေး အသက်ကြီးရင် ကလေးမွေးလို့ မကောင်းဘူး၊ အသက်မကြီးခင် မွေးဆိုတဲ့ အယူအဆလည်း ပါပါတယ်.. သားသမီးနဲ့ မိဘကြား Generation Gap ကြီးလွန်းတာ မကောင်းပေမယ့် ကလေးယူတာမှာ မိခင်ရဲ့အသက်နဲ့ မွေးတဲ့ကိစ္စတင် စဉ်းစားတာ မပြည့်စုံပါဘူး..

သူများစကား နားယောင်ပြီး အဆင်သင့် မဖြစ်ခင် အလောတကြီး မမွေးပါနဲ့.. သေချာပြင်ဆင်ပြီး ကလေး ယူကြတာတောင် အခက်အခဲ ရှိကြသေးတာ.. ဘာမှမသိဘဲ မပြင်ဆင်ဘဲ ယူရင် ဘယ်လောက်တောင် ဒုက္ခများလိုက်မလဲ..

ကလေးက ကြီးလာဦးမှာပါ.. အရွယ်ရောက်လာဦးမှာပါ.. သူ့မှာ ခံစားတတ်တဲ့ နှလုံးသားလေးလည်း ပါလာဦးမှာပါ.. ဒီကလေးကို လူ့လောကထဲမှာ အများနည်းတူ ပညာတတ်အောင်၊ လူပီသအောင်၊ ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ ရှင်သန်တတ်အောင် လုပ်ဖို့က အဖေအမေမှာ အများကြီး တာဝန်ရှိပါတယ်.. ဒီ့အတွက် ပြင်ဆင်စရာတွေ အများကြီးပါ.. ကလေးယူဖို့/ မယူဖို့နဲ့ ပတ်သတ်ပြီး ပိုး စဉ်းစားတဲ့မေးခွန်းတွေ နမူနာပြောပြပါမယ်..

🔹ငွေရေးကြေးရေး ပြည့်စုံပြီလား

ကလေးယူဖို့ တွေးရင် လတ်တလော ဆေးရုံစရိတ်/ မီးဖွားစရိတ် ပြည့်စုံနေရုံနဲ့ မလုံလောက်ပါဘူး.. ကလေးရဲ့ ပညာရေးကို ထည့်မစဉ်းစားရင်တောင် ကလေးအမေက မီးဖွားစမှာ အလုပ်မလုပ်နိုင်မယ့် အပြင် ကလေးရဲ့ အခြားနို့ဘူး၊ ဒိုင်ပါ ဗာဟီရစရိတ်တွေ ရှိပါတယ်.. ဝင်ငွေက လျော့ပြီး ထွက်ငွေက တိုးလာမှာပါ.. ကလေးအမေက မီးဖွားပြီး အလုပ်လုပ်မယ် ဆိုတောင် ကလေး ထိန်းစရိတ် ရှိပါတယ်..

အဘိုးက ထိန်းမယ်/ အဘွားက ထိန်းမယ် လွယ်လွယ် မတွေးပါနဲ့.. ကိုယ့်ကလေးအတွက် ကိုယ့်မှာ တာဝန် အရှိဆုံးပါ.. ကိုယ်ခွဲမရှိရင် ပိုဆိုးပါမယ်.. ဒီလို အနေအထားမှာ အရင်က မစုခဲ့ရင် ကလေးမွေးပြီးမှ ပိုက်ဆံစုနိုင်ဖို့ ပိုခက်ပါမယ်.. အိမ် မဝယ်နိုင်သေးရင် ခက်ပါမယ်.. အိမ်ပိုင် ကားပိုင်၊ စုငွေတချို့အပြင် လူ၃ယောက်စာ လုံလောက်မယ့် ပုံမှန်ဝင်ငွေမှ မရှိသေးရင် ကလေးယူရတာ သုခထက် ဒုက္ခများမှာမို့ စဉ်းစားရပါမယ်..

🔹ကိုယ့်ခန္ဓာကိုယ်က ကလေးလေး တစ်ယောက် မွေးနိုင်အောင် ကျန်းမာလား၊ စိတ်ပိုင်း ဆိုင်ရာရော ပြည့်စုံကျန်းမာလား..

အင်္ဂလန်မှာ ကလေးက ခွဲမွေးပေးလေ့ မရှိဘဲ တတ်နိုင်သမျှ ရိုးရိုး မွေးရတော့ ပိုးအတွက် အဲ့ဒါကိုလည်း စိတ်ပူပါတယ်.. ကလေးမွေးရင်း ကိုယ်သေသွားပြီး ကလေးလေးက သူ့အဖေနဲ့ ကျန်ခဲ့မှာ/ ကိုယ်က ဘာမှမဖြစ်ပေမယ့် ကလေးလေးက ရောဂါရှိမှာ/ သေသွားမှာ ဒါတွေကို စိတ်ပူပါတယ်.. ပြီးတော့ ပိုးက အသားနာမှာ သွေးထွက်တာကို တတ်နိုင်သမျှ ရှောင်လိုပါတယ်..

အမှန်အတိုင်းပြောရရင် ကလေးမွေးရမှာ ကြောက်ပါတယ်.. ပြီးတော့ ကလေး မမွေးခင်နဲ့ မွေးပြီးမှာ ဖြစ်လေ့ရှိကြတဲ့ Depression ကိုလည်း ရင်မဆိုင်နိုင်မှာ စိုးပါတယ်.. ကိုယ်ဝန်သည်ဘဝကို စိုးတထင့်ထင့် ကြောက်စိတ်နဲ့ မဖြတ်သန်းဘဲ စိတ်အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့ အချိန်လိုပါတယ်..

🔹ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဘက် နှစ်ယောက်လုံးက ကလေးယူချင်စိတ် ရှိရဲ့လား၊

ကလေးယူဖို့က တစ်ယောက်တည်း ချလို့ရတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး.. နှစ်ယောက်လုံး အဆင်သင့်ဖြစ်ဖို့ လိုပါတယ်.. ကိုယ်ဝန်ဆောင်ကာလမှာ ဝလာတာ၊ ကျောအောင့်တာ အစားအသောက်ပျက်တာစတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ ရှိမယ်..

မီးဖွားရမှာကို စိုးရိမ်တာ၊ လုပ်နိုင်ပါ့မလား ပူပင်တာ၊ ငါ့ Career ကို လက်လျော့လိုက် ရပြီလား ဆိုတာတွေ စိတ်တိုလွယ် ဒေါသ ထွက်လွယ်နဲ့ ဇနီးမယားမှာ ပူပင်သောက ရောက်ရချိန် ခင်ပွန်းသည်က ဒီဒဏ်တွေကို မငြိုမငြင် ပါရမီဖြည့်ဖို့ လိုပါတယ်..

အိမ်ထောင်ရေး အဆင်မပြေလို့ အဆင်ပြေလို ပြေငြား ကလေးယူတာကိုတော့ လုံးဝအားမပေးပါဘူး.. ဒါဟာ လူကြီးတွေ အတ္တအတွက် ကလေးကို ချနင်းတဲ့စိတ်ပါပဲ.. ရန်တကျက်ကျက်ဖြစ်နေတဲ့ မိဘတွေကြားမှာ ကလေးကရော ပျော်ပါ့မလား..

ယောက်ျား ဖောက်ပြန်လို့/ အိမ်ထောင်ရေး အဆင်မပြေတာ သက်သက်နဲ့တော့ ကလေး မယူစေချင်ပါဘူး.. အချစ်ခံရတဲ့၊ သာယာနွေးထွေးတဲ့ မိသားစုဘဝနဲ့ပဲ ကလေးကို ကြီးစေချင်ပါတယ်.. ကလေးအဖေ/ အမေဖြစ်ဖို့ ကြိုတွေး စိတ်ကူးယဉ် ပျော်နေပြီး ကလေးလေးကို လှိုက်လှိုက်လှဲလှဲ ကြိုနိုင်ကာမှ ကလေးယူချင်ပါတယ်..

🔹ဒီကလေးလေး မွေးပြီးရင် ပြောင်းလဲလာမယ့် နေထိုင်မှု ပုံစံကို ရင်ဆိုင်နိုင်ပြီလား

ကလေးမွေးပြီးရင် ကလေးက အိပ်ချိန်မှန်ချင်မှ မှန်ပါမယ်.. နို့ဆာရင် ငို သေးစိုရင် ငို သူငိုချင်သလို ငိုပါမယ်.. အဲ့အတွက် ညစဉ်ရက်ဆက် အိပ်ရေး ပျက်ပါမယ်.. ကြားထဲလည်း သူ့ဝေယျာဝစ္စနဲ့ အပျိုဘဝလို/ အရင်ကလေးမရှိခင် အချိန်တွေလို အလှပြင်လိုက် ရှော့ပင်ထွက်လိုက် တွေအစား ကလေးကို အချိန်တွေ ပိုပိုပေးရမှာပါ..

အပေါင်းအသင်းတွေနဲ့ အချိန်တွေ လျော့လာမယ်.. ရုံးကပြန်လာလည်း ကလေးထိန်းရမယ်.. ကလေးဖျာရင် နာရင် စိတ်ပူပင်ပန်းရမယ်.. အရင်လို ခရီး ခဏခဏ မထွက်နိုင်ဘူး.. ပင်ပန်းမယ်.. စိတ်ရှုပ်ရမယ်.. ဒီကလေး နည်းမှန်လမ်းမှန်နဲ့ အကောင်းဆုံး ဆိုတာနဲ့ ကြီးပြင်းအောင် ကြိုးစားရမယ်.. အမေကချည်း တာဝန်ယူလို့ မဖြစ်သလို အဖေဖြစ်သူကလည်း တာဝန်မျှယူမှ ရမှာပါ.. မိဘဖြစ်ဖို့ ဆိုတာ အများကြီး အားစိုက်ရမယ့် အရာတွေပါ..

ဒီအချက်တွေကို တွေးရင် ကလေးယူဖို့ ဆိုတာ အင်မတန် စဉ်းစားရတာပါ.. ငွေရေးကြေးရေး စိတ်မပူရဘူး၊ လင်မယား အဆင်ပြေတယ် ဆိုတောင် ကလေးမွေးဖို့က စိတ်ပိုင်း ဆိုင်ရာပါ ပြင်ထားရမှာပါ.. ဒါကို အိမ်ထောင်ပြုထားတာ ခုချိန်ထိ ဘာလို့ ကလေး မယူသေးလဲ လာလာမေးနေသူတွေ ရှိရင် အားလားဟင်လို့ မေးပြီး အပေါ်က အချက်တွေ လက်ချာတဝကြီး ရိုက်လွှတ်လိုက်ပါ.. ပိုးတော့ ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဘက်နဲ့ အဆင်သင့်တယ်လို့ မခံစားရသေးခင် ကလေးယူဖို့ စိတ်ကူး လုံးဝမရှိပါဘူး.. စဉ်းစားဦးပါမယ်..

ရေးသူ- ပိုးဖြူသန့်

No comments

Powered by Blogger.