အသည်းကွဲသူများထံ ပေးစာ
လူတစ်ယောက်ကို ချစ်မိတာ သင့်အပြစ် မဟုတ်ပါဘူး။ သူက သင့်ကို ပြန်မချစ်နိုင်ဘူး ဆိုရင်လည်း သူ့အပြစ် မဟုတ်ပါဘူး။ လူတစ်ယောက်ကို သင့်အနေနဲ့ အပြည့်အဝ ချစ်လို့ရပါတယ်။
ဒါပေမယ့် ပိုင်ဆိုင်ခွင့် ရလိမ့်မယ် လို့ တွေးထားရင်တော့ ခံစားရမှာပါ။ သင့်ကိုယ်သင်တောင် မပိုင်ပါဘူး။
သင့်ကို မချစ်နိုင်တဲ့သူကို မေ့ပြစ်ဖို့ ကြိုးစား မနေပါနဲ့။ ပိုပြီး သတိရစေပါတယ်။ ရယူ ပိုင်ဆိုင်လိုစိတ် မရှိဘဲ ချစ်လိုက်ပါ။ ကြာလာရင် သူ့ကို မေ့လာမှာပါ။ သူဟာ သင့်ဘဝထဲကို ခဏတာ ဝင်လာတဲ့ သွေးစက်လေး တစ်စက်ပါ။
သင့်နှလုံးသားရဲ့ လွတ်နေတဲ့ အခန်းလေး ထဲကို ထည့်ပြီး သော့ခတ် ထားလိုက်ပါ။ မသုံးတာကြာတဲ့ ပစ္စည်းဟာ ကြာလာရင် တန်ဖိုးကျ လာပါလိမ့်မယ်။
သင့်ကိုယ်သင် ချစ်ပါ။ သင့်ကိုယ်သင် ဂရုစိုက်ပါ။ အောင်မြင်အောင် ကြိုးစားပါ။ သင့်ရုပ်ရည် လှဖို့ထက် သင့်ဘဝ လှဖို့ကို ပိုဂရုစိုက်ပါ။
သင်ဟာ အောင်မြင်နိုင်တဲ့သူပါ။ သင်ဟာ စာဖတ်တဲ့သူပါ။ (ဘာလို့လည်း ဆိုတော့ ဒီထိအောင် သင်ဖတ်နေပြီမို့ပါ) သင်ဟာ ရင့်ကျက် သင့်နေပါပြီ။
လူတစ်ယောက်ကို အတင်းတွယ်ကပ် နေရတာဟာ ပင်ပန်းပါတယ်။ သူ့ကို ချစ်တယ် ဆိုရင် သူ့ကို လွတ်လပ်စွာ ပျံသန်းခွင့် ပြုလိုက်ပါ။
သင့်ကို သင်ခန်းစာတွေ ပေးတဲ့သူကို ကျေးဇူးတင်လိုက်ပါ။ သူ့ကြောင့် သင်ဟာ ရင့်ကျက်လာပါပြီ။
အခုလို စာတိုပေစတွေကို အချိန်ပေးပြီး ဖတ်လာပါပြီ။ နောင်အချိန်မှာ စာကြီးပေကြီးတွေကို သင်ဖတ်လာတော့မှာပါ။ လက်တွဲဖော် ရှာဖို့ထက် စာဖတ်ဖို့ အချိန်ပေးပါ။
လက်တွဲဖော်က သင့်ကို ဝမ်းနည်းစေပါတယ်။ စာအုပ်က သင့်ကို ပျော်ရွှင်စေမှာပါ။ အချစ်အကြောင်းတွေ ရေးတဲ့ အပေါစား ဝတ္ထုတွေကို မဖတ်မိဘို့ လိုပါတယ်။
သင့်ရဲ့ နှလုံးသား၊ သင့်ရဲ့စိတ်ကို ခွန်အားတွေပေးမယ့် စာအုပ်တွေက သင့်ကို စောင့်နေတာ ကြာပါပြီ။ ဒါ့ကြောင့် စာဖတ်ခြင်းဖြင့် သင်ချစ်ရတဲ့သူကို မေ့လိုက်ပါ။
#ကျွန်တော် ရေးတဲ့စာကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ။ ကျွန်တော်ရဲ့ စာက သင့်ကို အနည်းငယ်တော့ စိတ်အားတက်စေမှာပါ။ ရင်ထဲမှာ ဝေဖန်အကြံပေးစရာများ ရှိရင် commentမှာ ရေးခဲ့ပါ။
လေးစားစွာဖြင့်
ကိုရဲ
Post a Comment