Header Ads

ညီမလေးသို့ .....


မိန်းခလေးတိုင်း ဖတ်သင့်တဲ့ အရမ်း တန်ဖိုးရှိတဲ့ စာလေးပါ ။

သတိထား ညီမလေး ...
အရေခွံ ဘယ်လောက် လဲလဲ မြွေဆိုတာ တီကောင် ဖြစ်မသွားဘူး ။
ပြောင်းလဲတဲ့ လောကကြီးမှာ လိုက်ဖက်ညီအောင် အရောင် ပြောင်းနေရင် ပုတ်သင်ညို သာ သာ ဖြစ်တော့မှာပေါ့ ။

ပတ္တမြား မှန်တယ် ဆိုတိုင်း နွံထဲဝင် မှိုင်ပြစရာလား ကွယ် ။
ခြေဆေး မခံရအောင် အိုင်ထဲ ထိုင်မယ့် အစား ရေသန့် လို့ တံဆိပ် ကပ်နိုင်ရင် တန်ဖိုး တက်လာပါ လိမ့်မယ် ။

အိမ်နဲ့ ဝေးတိုင်းလည်း အားငယ် စိတ်မပျက် ပါနဲ့ ။
အမောပြေ ရေတခွက် အိမ်ပြေးလေးအတွက် တဲ့ အမေ နေ့တိုင်း ခပ်ထားတယ် ။

ညီမလေး ...

စဉ်းစားရတယ် ဆိုတာ ... မိန်းခလေး တိုင်းရဲ့ သမိုင်းပေး တာဝန် ။
အရိုးဆို ကြည့်ရှောင် ရမယ်လေ ။ ကိုယ်က ခဏတာ ဝါးမယ့် သွား မဟုတ်ဘူး ။

စကား ခလုတ်တွေ ဘယ်လောက် တိုက်တိုက် ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပို အရေးကြီး တယ် ။
တကယ်တော့ ဟင်း ကြေးများတယ် ဆိုတာ အစား ကောင်း စားရတဲ့ သူတွေကို သမုတ်တဲ့ အမည် သက်သက်ပါ ။

ညီမလေး ...
ချစ်တာတော့ ချစ်ပါ ။ ပြန်ပြင်လို့ မရတဲ့ အခွင့်အရေးတော့ မပေးမိ ပါစေနဲ့ ။
ဘဝနဲ့ ရင်းတဲ့ လက်ရေးအတွက် ဖျက်ဆေး မရှိဘူး ။
ဘဝရဲ့ အစိတ်အပိုင်းလေး တခုအတွက် စိတ်ရိုင်း မမွေးမိ ပါစေနဲ့ ။
မှတ်ပုံတင်ထဲ ပြန်ကြည့်ပါ ညီမလေး ။ ကိုးကွယ်စရာ မှာ အချစ် မဟုတ်ဘူးလေ ။

ညီမလေး ...
အချစ်ဦးသူ လွဲဖူးသူ ၊ ချစ်တဲ့သူတိုင်း ပေါင်းစပ်ခွင့် မရသူတွေဟာ အိမ်ရှေ့က ခရပွင့်တွေ ကြွေသလောက် ရှိတယ် ။

အသဲကွဲတယ် ဆိုပြီး ဘီယာသောက် ၊ လောကကြီးကို မှောက်ပစ်တတ်တာ ပညာမဲ့သူတွေ သက်သက်ပေးတဲ့ ဆင်ခြေ တခုပါ ။

မုန်တိုင်း ထဲမှာလည်း အောက်ဆီဂျင် ပါ ပါတယ် ။
လေနည်းတယ် အထင်နဲ့ ရွက်ကိုတော့ ပြင်းပြင်း မလွင့်လိုက် ပါနဲ့ ။

တည်ငြိမ်ခြင်း ဆိုတာ မိန်းခလေး အိနြေ္ဒလေ ။
တန်ဖိုးသိတဲ့သူက တန်ဖိုးထား လာပါ လိမ့်မယ် ။
ကိုယ်ကသာ ရတနာတစ်ပါး ဖြစ်ပါစေ ညီမလေးရေ ။

ညီမလေးရေ ...
ယောက်ျားဆိုတာ ဧကရာဇ်ဘုရင်ပဲ ဖြစ်ဖြစ် ၊ နန်းကျဘုရင်ပဲ ဖြစ်ဖြစ် ၊ မြှောက်စားတာ ခံချင်ကြတယ် ။
ကျားကြီးရဲ့ ဆရာဖြစ်ဖို့ ဆိုတာ ကြောင်တကောင်လို ညင်သာတတ်မှ ဖြစ်မယ် ။

ကမ္ဘာကျော်တဲ့ စစ်သူရဲ တယောက်တောင် အပြောချိုတဲ့ အအိုချော ကြောင့် ကမ္ဘာတဝက်ကို တက်သိမ်းဖူး တယ်လေ ။

လေယူရာ တိမ်းတတ်တဲ့ ပန်းပင်ဟာ ဘယ် လေကြမ်း ကြောင့်မှ အမြစ် မကျိုးဘူး ။
ပုခက် လွဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ် ဆိုတဲ့ နောက်မှာ ချိုသောစကား ပြောတတ်တဲ့ နှုတ်ခမ်းတစုံ လိုတယ် ညီမလေး ။

ညီမလေးရေ ...

ရင်ဘောင်တန်းတယ် ဆိုတိုင်း ခြေရာတော့ လိုက်မတိုင်း လေနဲ့ ။
ကြောင်ဘယ်လောက် ခြေရာကြီးကြီး ကျားကြီး ကိုတော့ ဘယ်မှီမလဲ ။

အသားစား သတ္တဝါချင်း တူပေမယ့် စကားအဆိုသာ ကြောင်က ဆရာဖြစ်တာ ၊ ကျားဆိုတာ ကြောင်သားလည်း စားချင် စားမှာလေ ။

သဘာဝဘေး ဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ ဖြစ်ရတာ ၊
နစ်နာခြင်း မရှိရအောင် ဘောင်အတွင်း ကသာ မိန်းမဆန်ပါ ညီမလေးရေ ။

ညီမလေးရေ ...
စာများများ ဖတ်ပြီး ဝေဖန် ဆုံးဖြတ်နိုင်ပါစေ ။
ဖတ်ပါ မှတ်ပါ လေ့လာပါ ။
အစွန်းတစ်ဖက်တော့ မရောက်စေနဲ့ ။
စာပေ ဆိုတာ လူဘဝအတွက် အလင်းစက် တခုပေါ့ ။

ညီမလေးရေ ...
သစ်ရွက်တွေကြွေရုံ နဲ့တော့ သစ်ပင်ကြီး မသေပါဘူး ။
ကြယ်လေးတွေကြွေရုံ နဲ့လည်း ကောင်းကင်ကြီး မသေ ပါဘူး ။
ပန်းပု တရုပ် လှဖို့ ဆိုတာ ထွင်းထုတ် လိုက်ရတဲ့ အသားတွေ ရှိတတ် စမြဲပဲလေ ။

လဲလို့သာ ပြန်မထကြရင် လူဆိုတာ တွားသွား သတ္တဝါ ဖြစ်ကုန်မှာပေါ့ ။
အားမလျော့ပါနဲ့ ။ သွားတဲ့သူ အတွက် လမ်း ရှိပါတယ် ။
အတိတ် ဆိုတာ ချခင်းထားတဲ့ ကော်ဇော တချပ်သာမို့
ခပ်နာနာ တချက် နင်းပြီး အနာဂတ်ကို စိတ်နဲ့ ပစ်ခွင်းလိုက်ပါ  ..... ။

Original uploader

No comments

Powered by Blogger.